Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, March 11, 2014

ဟေမာန်ဝတီ စံအိမ်တော်

မိုးကအေး.. လေကတိုက်.. ခိုက်ခိုက်တုန်အောင်ချမ်းသော ညနက်သန်းခေါင်ကြီးမှာ ကိုဘအေးတို့မိသားစု အိပ်မရသေး... အိပ်မရလို့ စောင်ခြုံထဲမှာ ကွေးနေတယ်မထင်လိုက်ပါနဲ့.. ဧည့်ခန်းထဲမှာ တစ်မိသားစုလုံးထိုင်ပြီး တစ်စုံတစ်ရာကိုကြောက်ရွံ့နေတဲ့မျက်လုံးလေးတွေနဲ့ ဧည့်ခန်းထဲတွင်ထားသော ရှေးဟောင်း နာရီကြီးကို ကြည့်နေကြရှာသည်... နာရီကြီးမှ တချပ်ချပ်နှင့်ရွေ့လျားနေသော နာရီလက်တံများက မရဏမင်းရဲ့ လက်တံများအလား သူတို့အားလုံးကြောက်ရွံ့နေကြသောအချိန်ကြီးသို့ တဖြေးဖြေးဆွဲခေါ်နေသလိုခံစားရသည်... မကြာမှီအချိန်အတွင်မှာပင် နာရီလက်တံအတိုက ၁ ဂဏန်း.. လက်တံအရှည်က ၁၂ သို့ပြတော့မည်...
ကြောက်လွန်းလို့ အသားတဆက်ဆက်တုန်နေသော သားငယ်နှင့် သမီးငယ်ကို စောင်နှင့်ထွေးပွေ့လျက် တိုး၍ဖက်ထားလိုက်ပြီး ကြောက်ရွံ့မှုတွေနဲ့ အေးစက်နေသောအချိန်ကာလမှာပင် မျက်နှာတွင်ချွေးသီးချွေးပေါက်များကျနေသော လင်တော်မောင်ကို မမြခင်လှမ်းကြည့်လိုက်သည်.. မမြခင် လှမ်းကြည့်တာကို မြင်လိုက်ရသော ကိုဘအေးက အားပေးသောအနေဖြင့် အသက်မပါစွာတစ်ချက်ပြုံးပြလိုက်ပြီး မမြခင်အနားသို့လာထိုင်ကာ တိုး၍ဖက်ထားလိုက်လေသည်.. ထိုအချိန်တွင် နာရီကြီးမှ သေမင်းခေါ်သံကြီးအလား.. တစ်နာရိထိုးပြီဖြစ်ကြောင်း အသိပေးသည့်အနေဖြင့် ကျယ်လောင်စွာမြည်ဟီးလိုက်လေသည်...
" ဒင်..."
ကိုဘအေးတို့တအိမ်သားလုံး ဘုရားစင်မှ ဘုရားရုပ်ထုလေးကို ပင့်ဆောင်ကာ ရှေ့ချထားပြီးဘုရားစာကို ရွတ်နေရုံမှတပါး အခြားဘာမှလုပ်မရ....
ထိုအခိုက်တွင် အိမ်ပေါ်တက်မှ မိန်းမကြီးတစ်ဥိး၏ စူးစူးဝါးဝါးအော်ဟစ်သံကြီး တိတ်ဆိတ်နေသော အိမ်ကြီထဲတွင် ရုတ်တရတ်ပေါ်ထွက်လာခဲ့လေသည်။။။
" အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး "
အော်သံကြားပြီး မရှေးမနှောင်းမှာပင် လှေကားထိပ်မှ တစ်စုံတစ်ခုကိုတွန်းချလိုက်သည့်အလား.. လှေခါးတလျှောက်တဒုန်းဒုန်း အသံပေးကာ လိမ့်ဆင်းလာလေသည်....
" ဒုန်း.. ဒုန်း... ဒုန်း.... ဒုန်း... ဒုန်း.... ဒုန်း... ဒုန်း..... ဒုန်း... ဒုန်း....."
ကိုဘအေးတို့ လှည့်မကြည့်... ထိုအရာကြီးမှာ ဦးခေါင်းပြတ်ကြီးတစ်ခုမှန်း ကိုဘအေးတို့အကုန်လုံးသိသောကြောင့် လှည့်မကြည့်ရဲကြဘဲ မိသားစုလေးယောက်သား ဖက်ပြီး ဘုရားစာရွတ်နေရလေသည်... ထိုအချိန်တွင် ထိုဦးခေါင်းပြတ်ကြီးမှ ကြောက်မက်ဖွယ်ရာ ရယ်မောသံကြီးပေါ်ထွက်လာတော့သည်...
" ဟားဟားဟားဟား.. ဟားဟားဟားဟား..."
ကြောက်လွန်းသဖြင့် ငိုရန်ပြင်နေသောကလေးနှစ်ယောက်အား ပါးစပ်ကိုအသာပိတ်လျက် ကြိတ်ငိုနေသော မမြခင်ကိုပင် ကိုဘအေး မနှစ်သိမ့်နိုင်တော့ဘဲ သူကိုယ်တိုင်လည်း ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး တဆက်ဆက်တုန်နေချေပြီ... ထိုအခိုက်.. ပြတင်းပေါက်များ အားလုံးလေတိုက်သလိုပွင့်လာပြီး တဖြန်းဖြန်းနှင့်ဖွင့်လိုက်ပိတ်လိုက်လုပ်သံများ... နောက်ဖေးမီးဖိုချောင်မှ ပန်းကန်များခွက်များ၏ ကွဲရှသံများနှင့်အတူ မီးများကလည်း ဖွင့်လိုက်ပိတ်လိုက်ဖြစ်လာကြသည်.. ထိုအခိုက် ရုတ်တရက်ဆိုသလို ကိုဘအေး ဂုတ်ပေါ်သို့အေးစက်သော ရေစက်များ တပေါက်ပေါက် ကျလာလေတော့သည်။ ဘယ်ကကျလာသော ရေလဲ ဆိုတဲ့ စူးစမ်းစိတ်ကြောင့် ဂုတ်မှရေစက်များကို လက်ဖြင့်သက်ချကာ အပေါ်သို့မော့ကြည့်လိုက်သောအခါ.... နံရံမျက်နှာကြက်တည့်တည့်တွင် သူအား ရေများစိုရွှဲပြီး ဇောက်ထိုးကြီးစိုက်ကြည့်နေသော မိန်းမတစ်ယောက်ကိုတွေ့မြင်လိုက်ရသောအခါ ဘယ်လိုမှထိန်းချုပ်မထားနိုင်တော့ဘဲ.. အော်လိုက်လေတော့သည်....
" အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး "
ထိုအဖြစ်အပျက်များ၏ အစသည်ကားးးးးးးးးးးးး
ထို ဟေမာန်ဝတီစံအိမ်ကြီးတွင် သူဌေးကြီး ဦးမောင်ကြီးနှင့် သူဌေးကတော် ဒေါ်ဒေ၀ီတို့ နေထိုင်ကြလေသည်။ သူဌေးကြီးတို့ ဇနီးမောင်နှံတွင် ဟေမာန်ဆိုသော အသက်(၂၀)အရွယ် သမီးလေးတစ်ယောက်ရှိလေသည်။ ထို့ကြောင့် တစ်ဦးတည်းသောသမီးလေးကို သူဌေးကြီးလင်မယားနှစ်ယောက်စလုံးက အရမ်းချစ်ပြီး စံအိမ်တစ်ခုလုံးကို သမီးလေးစိတ်တိုင်းကျပြင်ဆင်ဆောင်ရွက်စေပြီး စံအိမ်နာမည်ကိုပင် သမီးလေးနာမည်ပါအောင်မှည့်ခေါ်ခဲ့ကြလေသည်။ စံအိမ်ကြီးတစ်ခုလုံးတွင် စံအိမ်အမှုထမ်းငါးယောက်ရှိပြီး စံအိမ်နဲ့ မနီးမဝေးတွင် ၀န်ထမ်းများအတွက် သီးသန့်အဆောင်လုပ်ပေးကာ နေစေသည်... ထိုစံအိမ်ကြီးတွင် သူဌေးကြီးတို့လင်မယားနှင့် သမီးငယ် ဟေမာန်ပျော်ပျော်ရွှင်ရွှင် နေထိုင်လာကြရာ.. တစ်ရက်သောအခါတွင် ထိုဟေမာန်ဝတီစံအိမ်ကြီး ကံဆိုးမိုးမှောင်ကျသောနေ့သို့ရောက်ရှိလာခဲ့လေသည်။
မိုးတွေသည်းသည်းမည်းမည်းရွာပြီး မိုးခြိမ်းသံတချိန်းချိန်းဖြင့် ကောင်းကင်တခွင်လုံး အုံ့မှိုင်းညိုမောင်းကာ လျှပ်နွယ်လျှပ်ပန်းများက လျှပ်စစ်ရောင်ခြည်တန်းများသဖွယ် လင်းတလှည့် မှိန်တလှည့်ဖြင့် မြည်ဟီးရိုက်ခတ်နေလေတော့သည်။ လေရော မိုးပါ အင်တိုက်အားတိုက် ရွာသွန်းနေသဖြင့် ပတ်ဝန်းကျင်မှ အပင်ကြီး အပင်ငယ်အားလုံး လေအတိုက်တွင်ယိမ်းနွဲ့လှုတ်ရှားနေလေ တော့သည်။ အလုပ်သမားတန်းလျားမှ အလုပ်သမားများကလည်း ဒီလိုမိုးထဲလေထဲအချိန်အခါတွင် အပြင်ထွက်ဖို့နေနေသာသာ နေရာမှကို မထချင်ဘဲ အိပ်နေကြလေသည်။ ထိုအချိန်တွင် လူရိပ်တစ်ခု စံအိမ်ခြံဝင်းတံခါးဘေး အစောင့်များအတွက်လုပ်ထားသော ရုံလေးအတွင်းမှ ထွက်ကာ ထီးတစ်လက်စွဲပြီး တစ်နေရာစီသို့သွားနေလေသည်။ ထိုသူက တခြားမဟုတ်။ ခြံတံခါးတွင် အစောင့်တာဝန်ကျသော ဦးတာတီးဆိုသည့်အဖိုးကြီးဖြစ်သည်။ ဒီနေ့မှ လူက မူးရိပ်မူးရိပ်ဖြစ်နေသဖြင့် လှုတ်လှုတ်လှုတ်လှုတ်နှင့် မိုးထဲရေထဲတွင် ထီးတစ်လက်ကို အနိုင်နိုင်ဆောင်းကာ အစောင့်တန်းလျားသို့ လာခြင်းဖြစ်သည်။
" ဟေ့.. မောင်တင် ... တံခါးဖွင့်စမ်းပါအုန်း.. ဟေ့ကောင်.. မောင်တင်... ထအုန်း.. ငါ့ကိုတံခါးဖွင့်ပေးကြအုန်း... "
မိုးသံလေသံဖြင့် မနည်းအော်ခေါ်မှ ဦးတာတီးရဲ့သား မောင်တင် ထလာလေသည်။
" အဖေကလည်း ဘာလဲဗျာ.. ဒီမှာ အိပ်ကောင်းနေတဲ့ကြားထဲ... "
အိပ်ချင်မူးတူးဖြင့် မောင်တင် တံခါးလာဖွင့်ပေးသည်..
" ငါ နေမကောင်းချင်သလိုပဲ.. မူးရိပ်မူးရိပ်ဖြစ်နေတယ်.. အဲဒါ ငါ့အစား ခြံဝင်းတံခါးကို မင်းသွားစောင့်လိုက်.. နောက်နေ့မှ ငါပြန်စောင့်မယ်.. "
" အဖေတို့ကတော့ လုပ်ပြီ. ဒီလောက်မိုးထဲရေထဲမှာ ကျွန်တော့်ကိုစောင့်ခိုင်းတယ်.. ဒီခြံဝင်းတံခါးကို မစောင့်လည်း ဘာမှမဖြစ်ဘူး.. ဒီအချိန်လူဝင်လူထွက်လည်းမရှိတော့ဘူး.. နောက်ပြီး ဒီလိုအချိန် ဒီလိုနေ့မျိုးမှာ ဧည့်သည်လာမလာလောက်ပါဘူး အဖေရာ... ကျွန်တော်လည်း တစ်နေကုန် အိမ်ကြီးမှာ ဟိုလုပ် ဒီလုပ်နဲ့ ပင်ပန်းနေပြီ.. နော် အဖေ.. ကျွန်တော် သူဌေးတို့မထခင် မနက်အစောကြီး နိုးပါတယ် အဖေရ.. အဲဒီတော့မှ သွားစောင့်လိုက်မယ်လေ.. နော်.. ကျွန်တော်လည်းအရမ်းအိပ်ချင်နေလို့ပါ.. အဖေလည်းနေမကောင်းဘူးဆိုတော့ ဘာမှမဖြစ်ဘူး.. တစ်ရက်တစ်လေပဲဗျာ.. နောက်နေ့ အဖေနေမကောင်းရင် ကျွန်တော်ပြန်စောင့်ပေးမယ်နော်.. ဒီညတော့ထားလိုက်ပါအဖေရာ.."
ဦးတာတီး ခဏတွေးလိုက်ပြီး သားပြောတာလည်း မှန်သင့်သလောက်မှန်သည်။ မောင်တင်ကလည်း ဒီအိမ်ကြီးမှာ တစ်နေ့လုံး တောက်တိုမယ်ရအလုပ်တွေကိုလုပ်ရတာ ပင်ပန်းနေလောက်ရောပေါ့..
" အင်းလေ.. တစ်ရက်တစ်လေကတော့ ကိစ္စမရှိလောက်ပါဘူး.. ပြီးရောကွာ.. ဒါပေမယ့် မနက် သူဌေးကြီးတို့မနှိုးခင်တော့ မင်းထမှရမယ်နော်.. ဒါမှ မသိသာမှာ.. ကဲကဲ.. အိပ်တော့.. ငါလည်း နေမကောင်းလို့ နားတော့မယ်.. "
ပြောပြောဆိုဆို ဦးတာတီးအိပ်ယာဝင်သွားသည်.. အပြင်မှာတော့ လေသံမိုးသံက ဆူညံလို့ကောင်းဆဲ...
ခဏအကြာတွင် စံအိမ်တံခါးနားတွင် လူရိပ်လေးခုကို လျှပ်ရောင်တစ်ချက်အပြက်တွင် တွေ့လိုက်ရလေသည်။ သူတို့လေးယောက်စလုံး မျက်နှာကို စည်းထားကြပြီး ဓါးတွေကိုင်ထားကြသည်။ ထိုအချိန်တွင် ခေါင်းဆောင်လုပ်သူက
" ဟေ့ကောင်တွေ.. ဒီအိမ်ပဲဆိုတာ သေချာတယ်နော်.. "
" သေချာပါတယ် ဆရာ.. ဒီအိမ်ပါပဲ.. ခုလိုအချိန်မှာသာ လှုတ်ရှားလိုက်ရင် ဘယ်သူမှမသိဘူး.. ကောင်လေးကိုလည်း ကျွန်တော်စည်းရုံးပြီး သူ့အဖေသောက်တဲ့အထဲကို ဆေးခတ်ခိုင်းထားတယ်.. အစောင့်လုပ်တဲ့ သူ့အဖေလည်း အိပ်နေလောက်ပြီ.. အားလုံးအိုကေပဲ.. "
" မင်းတော်တယ်.. ကဲ ၀င်ကြမယ်ဟေ့... "
မကြာခင် ခြံဝင်းတံခါးကို ကျော်တတ်လိုက်ကြပြီး ခြံဝင်းအတွင်းသို့ရောက်သွားတော့သည်။ ထိုနောက်.. စံအိမ်ကြီး၏ တံခါးကို သော့တုဖြင့်ဖွင့်လိုက်ကြပြီး အတွင်းသို့ ၀င်လိုက်ကြလေသည်။ အိမ်ကြီးအတွင်းမှာတော့ အပြင်က မိုးသံလေသံတွေက သူနဲ့မဆိုင်သည့်အလား တိတ်ဆိတ်လျက်.. ထို့နောက် ဓါးမြလေးယောက်သည် အပေါ်ထပ်သို့ဖြေးဖြေးချင်းတက်သွားကာ သူဌေးကြီးလင်မယားအိပ်စက်သော အခန်းတံခါးကိုလည်း တိုးတိတ်စွာဖွင့်လိုက်လေသည်။ ကုတင်ပေါ်မှာတော့ သူဌေးလင်မယားသည် နစ်ခြိုက်စွာ အိပ်ပျော်လျက်... ကုတင် တစ်ဖက်တစ်ချက်တွင် နှစ်ယောက် နေရာယူလိုက်ကြပြီး တံခါးဝတွင်တော့ တစ်ယောက်ကို အစောင့်ထားကာ ကုတင်ဘေးမှ မီးခံသေတ္တာနားတွင် သော့ဖျက်ကျွမ်းကျင်သော ဓါးမြက နေရာယူပြီးသည်နှင့် သူဌေးကြီးဦးမောင်ကြီးပါးကို ဓါးပြားဖြင့် ခပ်စပ်စပ်ရိုက်ကာ နိုးလိုက်လေသည်။ ဦးမောင်ကြီးက လန့်နှိုးနှိုးချင်း ကြောက်လန့်တကြားဖြင့်အော်မည်ပြုရာတွင် ဓါးမြတစ်ယောက်က ဓားဖြင့် လည်ပင်ကိုချိန်လျက်..
" ဒီမှာ ဦးမောင်ကြီး .. ခင်ဗျားအော်လို့ကတော့ ခင်ဗျားတို့ တစ်အိမ်လုံးကို ကျုပ်တို့သတ်ပစ်မယ်.. ကျုပ်ကို မီးခံသေတ္တာသော့ ပေးစမ်း."
ထိုအချိန်တွင် ဒေါ်ဒေ၀ီလည်းနှိုးလာပြီး ကြောက်လန့်တုန်လှုတ်နေလေတော့သည်။
" ဟာ ကြာတယ်ဗျာ.. ပြေးဆို မြန်မြန်ပေး.. ကျုပ် ခင်ဗျား မိန်းမကိုသတ်လိုက်မှာနော်.. "
" ပေးပါ့မယ်ကွာ.. ပေးပါ့မယ်.. ငါ့မိန်းမနဲ့ ငါ့သမီးကိုတော့ ဘာမှမလုပ်ကြပါနဲ့ .. "
ပြောပြောဆိုဆို ခေါင်းအုံးအောက်တွင်ထားသော မီးခံသေတ္တာသော့ကိုထုတ်ပေးလိုက်လေသည်။ မီးခံသေတ္တာသော့ကို ခုလိုလွယ်လွယ်ကူကူ ထုတ်ပေးလိမ့်မည်မထင်သောကြောင့် ဓါးမြခေါင်းဆောင် သဘောကျသွားသည်..
" ခင်ဗျားက လိမ္မာသားပဲ... အဲလို သာသာယာယာထုတ်ပေးလိုက်တော့ အသားမနာတော့ဘူးပေါ့.. ပစ္စည်းဆိုတာ ပစ္စည်းသင်္ခါရ .. လူသင်္ခါရ.. ဆိုတာ ခင်ဗျားနှလုံးသွင်းတတ်သားပဲ... ဟားဟား.. ခင်ဗျား.. တော်တယ်.. "
မီးခံသေတ္တာပွင့်သွားသောအခါ မီးခံသေတ္တာအတွင်းမှ ရွှေငွေကျောက်မျက်ရတနာများနှင့် ငွေကြေးများစွာကိုတွေ့လိုက်ရလေသည်။ ထိုအခိုက် ဓါးမြအားလုံးရဲ့မျက်လုံးထဲက လောဘအရိပ်အရောင်များတလက်လက်တောက်လာပြီး ဦးမောင်ကြီးတို့လင်မယားကို တဒင်္ဂမေ့သွားသည်.. တံခါးဝတွင်နေသော ဓါးမြ.. ဇနီးသည်နားတွင်နေသောဓါးမြတို့မှာ မီးခံသေတ္တာကိုသာ လာရောက်ကြည့်ရှုနေခိုက်တွင် ဇနီးသည်လက်ကိုဆွဲကာ ဦးမောင်ကြီးထွက်ပြေးတော့သည်။.. သို့သော် ကံဆိုးစွာဖြင့် ဓါးမြတစ်ယောက်က မြင်သွားပြီး ဒေါ်ဒေ၀ီကို ဓါးဖြင့် လှမ်းထိုးလိုက်တော့သည်...
" အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး "
ဇနီးသည်က ဦးမောင်ကြီးအား ပြေးရန်လက်ပြလိုက်သဖြင့် ဦးမောင်ကြီးထွက်ပြေးသော်လည်း မလွတ်တော့ချေ။ နောက်က ဓါးမြတစ်ယောက်ထပ်လိုက်လာပြီး လှေခါးထိပ်ရောက်သွားသော ဦးမောင်ကြီး၏လည်ပင်းကို ဓါးဖြင့် နောက်မှ လွဲခုတ်လိုက်လေသည်။ ထိုအခါ ရုတ်တရတ်ဆိုသလို ခေါင်းပြတ်ထွက်သွားပြီး ဦးခေါင်းကြီက လှေခါးလမ်းတလျှောက် တဒုန်းဒုန်းဖြင့် ကျသွားလေသည်။

လှေခါးထိပ်အခန်းထဲတွင်နေသော ဟေမာန်က အပြင်မှ အသံများကိုကြား၍ ထွက်ကြည့်လိုက်သောအခါ မိဘများ၏သွေးပျက်ဖွယ်မြင်ကွင်းကို မြင်လိုက်ရပြီး ကြောက်အားလန့်အားဖြင့် ပြေးတော့သည်။ ဓါးမြများမှလည်း မထူးတော့.. အကုန်သတ်မှ ရမည်ဟုသဘောပေါက်လိုက်ကြပြီး ဟေမာန်နောက်မှ တရကြမ်းပြေးလိုက်လာကြလေသည်။ ပြေးမိပြေးရာပြေးလာမိတော့ အလုပ်သမားတန်းလျားဘက်မဟုတ်ဘဲ အိမ်နောက်ဘက် ရေကန်ကြီးရှိရာသိုရောက်မှန်းမသိ ရောက်သွားလေတော့သည်။ အိမ်၏ ဘေးဘယ်ညာမှ လိုက်လာကြသောဓါးမြများလက်မှမလွတ်မှန်းသိသော ဟေမာန်တစ်ယောက် ရေကန်ထဲဆင်းကာ ပုန်းရန် အကြံရလိုက်သည်။ အကြံအတိုင်း ရေကန်ထဲဆင်းကာပုန်းနေလိုက်ရာ မကြာမှီမှာပင် ဟေမာန်ပုန်းနေသောရေကန်အနားသို ဓါးမြများရောက်လာကြလေသည်။
" ရှာစမ်းကွာ..တွေ့အောင်ရှာကြစမ်း.. တွေ့ရင်အသေသတ်ပစ်.. ဒီကိစ္စ ပေါ်လို့မဖြစ်ဘူး.. "
ဓါးမြခေါင်းဆောင်က ပြောပြောဆိုဆို ရေကန်အနီးတစ်ဝိုက်တွင် လိုက်ရှာနေလေသည်။။ခဏကြာသော ရေကန်နား ရွှံထဲမှ ခြေရာတစ်ခုကိုတွေ့လိုက်သည်။ ခြေရာ၏ ဦးတည်ချက်က ရေကန်ထဲ၊ကိုပင်... ဓါးမြခေါင်းဆောင်က ပြုံးလိုက်ပြီး ကျန်သူများကို တစ်စုံတစ်ရာ တိုးတိုးကပ်ပြောလိုက်ပြီး ထိုနေရာမှထွက်သွားကြသည်.. ထိုအဖြစ်ကို ကန်ထဲမှမြင်လိုက်ရသော ဟေမာန်က ဓါးမြများပြန်သွား၊ပြီး အထင်နှင့် ရေကန်ပေါ်တက်ရန် ကြိုးစားလိုက်သည်။ သို့သော် မည်သည့်အချိန်က အနားသို့ရောက်လာမှန်းမသိ.. ဓါးမြခေါင်းဆောင်က ဟေမာန်ခေါင်းကို ရေထဲနစ်သတ်လေတော့သည်.. ဟေမာန် ရုံးကန်သော်လည်း အားမတန်သဖြင့် ရေနစ်သတ်ခံလိုက်ရလေသည်။ ဟေမာန် ရုပ်အလောင်းကိုကြည့်ပြိး ဓါးမြခေါင်းဆောင်က ဟားတိုက် ရယ်မောလိုက်လေတော့သည်။။။
" ဟားဟားဟားဟား.."

အားလုံးကိစ္စရှင်းပြီး နာရီကိုအမှတ်တမဲ့ ကြည့်လိုက်မိတော့ ည တစ်နာရီ တိတိ... စောစောက ဟေမာန်ဝတီစံအိမ်တော်ပေါ်တွင် သတ်ခဲ့ဖြတ်ခဲ့ကြသော ဓါးမြတွေအကုန်လုံး လူတစ်ယောက်ရှေ့မှာ ရိုသေစွာရပ်လျက်.. ထိုလူမှ...
" ဟားဟားဟား... မင်းမဆိုးဘူး.. နိုင်စိုးး လက်စလက်န ဖျောက်တတ်သားပဲ.. ဒီအိမ်ကြီးကို ၀င်စီးခဲ့တဲ့ကိစ္စမှာ မီးခံသေတ္တာထဲကဝေစုတွေမင်းနဲ့ မင်းတပည့်တွေ အကုန်ယူလိုက်ကြ... "
" ဟင်.. ဒါဆို ဆရာ့အတွက်ကရော... "
" ဟားဟားဟား.. ငါ့အတွက်က ဒီစံအိမ်ကြီးတစ်ခုလုံးပိုင်နေမှတော့ ဘာလိုအုန်းမလဲကွာ... ငါက ဦးတာတီးရဲ့တစ်ဦးတည်းသောဆွေမျိုးလေ... ဘယ်သူမှမရှိတော့ဘူးဆိုမှတော့ ဘာလိုအုန်းမလဲ.. ဒီလူကြီးက သူ့သမီးမှသူ့သမီး.. လောကမှာ သူ့သမီးတစ်ယောက်တည်းကိုပဲ လူထင်တာကွ... ငါ့ကိုတောင်အိမ်မှာခေါ်ထားတာမဟုတ်ဘူး.. နောက်ပြီး ငါ့ကိုသူတို့တစ်မိသားစုလုံးက နှိမ်တယ်လေ..ဟားဟားဟား.. ခုတော့ အားလုံးသေပြီ.. ကောင်းတာပေါ့ကွာ.. မင်းတို့လည်း ရသင့်တာတွေယူပြီးလစ်တော့.. ငါလည်း ဟန်မပျက်ပြန်နေုလိုက်အုန်းမယ်... ကဲ .. သွားကြတော့.."
" ဟုတ်ကဲ့ပါ ဆရာ.. ဒါဆို ကျွန်တော်တို့သွားပြီ.."
ပြောပြောဆိုဆို ဓါးမြခေါင်းဆောင်နှင့် ကျန်သူ့တပည့်များထွက်သွားကြတော့သည်.. လူတစ်ယောက်တည်း ကျန်ခဲ့လေသည်။ ထိုသူက တခြားမဟုတ်.. ဦးမောင်ကြီး၏ တစ်ဦးတည်းသောတူ ကိုဘအေးပင် ဖြစ်တော့သည်။ သူကတော့တစ်ဦးတည်းကျေနပ်ပြီး တစ်စုံတစ်ခုကိုစဉ်းစားမိပြီး ဟက်ဟက်ပက်ပက်ရယ်မောလိုက်လေသည်။
" ဟားဟားဟားဟား... "
သူစဉ်းစားမိသောအရာမှာ ဦးမောင်ကြီးတို့ မျိုးရိုးစဉ်ဆက်အလျောက်ထိန်းသိမ်းလာသည့် စိန်ထုတ်ကြီးအကြောင်းပင်ဖြစ်သည်။ စောစောက မီးခံသေတ္တာမှ ရလာသောပစ္စည်းများထဲတွင် ထိုစိန်ထုတ်မပါ.. ထို့ကြောင့် ဦးမောင်ကြီးအိမ်တွင် တစ်နေရာရာတွင် ဖွက်ထားပြီး ထိုအိမ်ကြီးကို သူပိုင်ဆိုင်ပါမှ အေးအေးဆေးဆေးရှာဖွေသုံးစွဲတော့မည်ဟု တွေးပြီး သဘောကျသွားခြင်းဖြစ်သည်။ ဓါးမြများကတော့ မီးခံသေတ္တာထဲမှရသော ပစ္စည်းများကို အကုန်ပေးလိုက်သဖြင့် သဘောကောင်းသောလူကြီးဟုတွေးတောနေမိပေလိမ့်မည်။ သို့သော် ကိုဘအေးကတော့ မီးခံသေတ္တာထဲက ပမာဏထက်ဆယ်ဆမကသော စိန်ထုတ်ကြီးကို မျက်လုံးထဲမှာမြင်ယောင်လျက် ရယ်မောနေခြင်းဖြစ်သည်။
နောက်ရက်တွင် မိသားစုရှေ့နေကြီးမှ ဦးမောင်ကြီးတို့မိသားစု သေဆုံးသွားပြီဖြစ်ကြောင်းနှင့် အမွေဆက်ခံရာတွင် သမီးဖြစ်သူကို ထိုဟေမာန်ဝတီစံအိမ်တော်ကြီးကိုပေးခဲ့ကြောင်း.. အကြောင်းအမျိုးမျိုးဖြင့် သမီးဖြစ်သူအိမ်ထောင်မပြုခင်..သားသမီးမရခင် ကွယ်လွန်သွားသောအခါမှ ဆွေမျိုးထဲမှ သွေးချင်းနီးသည့် ကိုဘအေးကို ဟေမာန်ဝတီစံအိမ်ကြီးကို အမွေအဖြစ်ရယူထိန်းသိမ်းပါရန် ဦးမောင်ကြီး၏သေတမ်းစာတွင်ဖော်ပြခဲ့ပါကြောင်း လာရောက်ပြောကြားပြီး စာချုပ်စာတမ်းများဖြင့်လွဲပြောင်းယူစေသည်။ အမှန်စစ်စစ် ထိုသေတမ်းစာကို ကိုဘအေးကခိုးယူဖတ်ရှုပြီးဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို ရာဇ၀တ်မှုကြီးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုရှေ့နေကြီးဖတ်ကြားမှ သိရဟန်ဆောင်ကာ ဦးမောင်ကြီးကို အလွန်တရာကျေးဇူးတင်ကြောင်း၊ ဦးမောင်ကြီးက သူကျေးဇူးရှင်ဖြစ်ကြောင်း ငိုယိုပြောကြားခဲ့လေသည်။ ဒီလိုနှင့် ထိုအိမ်ကြီးပေါ်သို့ ကိုဘအေးနှင့် သူရဲ့မိသားစု ရောက်ရှိလာလေတော့သည်။ ရောက်ရောက်ချင်း အလုပ်သမားများကို နာမည်များနှုတ်ဆက်စေပြီး အခန်းများကိုလိုက်လံပြသစေသည်။ စံအိမ်တော်ကြီးဆိုသော်လည်း အိပ်ခန်းတွေအများကြီး မရှိဘဲ ယခင်သူဌေးကြီးဦးမောင်ကြီးတို့လင်မယားအိပ်တဲ့အခန်း၊ သူတို့သမီး ဟေမာန် အိပ်တဲ့အခန်းနှင့် ဧည့်သည်များလာရောက် တည်းခိုပါက တည်းခိုနိုင်ရန် အိပ်ခန်းတစ်ခန်းစသည်ဖြင့် အိပ်ခန်း၃ခန်းသာ ရှိလေသည်။ ကိုဘအေးတို့မိသားစုသည် စရောက်သည့်နေ့မှာပင် သူဌေးကြီးလင်မယားအိပ်စက်သောအိပ်ခန်းတွင်သွားရောက်အိပ်စက်လေသည်။ ရောက်စညက ပစ္စည်းတွေရွေ့ရသဖြင့် မောမောပန်းပန်းနှင့် တမိသားစုလုံး အိပ်ပျော်နေသဖြင့် ဘာမှမသိလိုက်ချေး သို့သော်မနက်မိုးလင်းသောအချိန် တစ်မိသားစုလုံး ကုတင်အောက်ရောက်နေလေသည်။
" ကိုဘအေး.ကိုဘအေး.. ထကြည့်ပါအုန်း.. ကျွန်မတို့ညက ဒီကုတင်ပေါ်မှာ အိပ်နေတာလေ.. အခု အကုန်လုံးအောက်ကိုရောက်ကုန်ပါလား.. အအိပ်ကြမ်းလို့ တစ်ယောက်လောက်ပြုတ်ကျရင်တောင် အသံကြားပြီး ကျွန်မနိုးမှာပဲ.. ခုတော့ အားလုံးသိတောင်မသိလိုက်ရဘဲ ကုတင်အောက်ရောက်နေတယ်.. မဟုတ်သေးဘူးနော်.. ဒီအိမ်ကိုကြည့်လုပ်ကြအုန်း... "
လင်ယောင်္ကျားဖြစ်သူ ကိုဘအေးကို ပုတ်နိုးပြီး မမြခင်ပြောလိုက်လေသည်။ ထိုအခါ ကိုဘအေးနိုးလာပြီး
" အေး ဟုတ်တယ်ကွ.. ဒါပေမယ့် ဘာမှအစွဲအလမ်းမထားပါနဲ့ကွာ.. နောက်ရက်တွေစောင့်ကြည့်ကြသေးတာပေါ့.. ကဲ.. မနက်မိုးလင်းပြီဆိုတော့ မနက်စာလေးဘာလေး စားပြီး ခြံထဲလျှောက်ကြည့်ရအောင်.. ကဲ ကလေးတွေကို နှိုးတော့.. "
ကိုဘအေးစကားကို အမြဲတမ်းနားထောင်ခဲ့သည် မမြခင်မှာ ယခုတစ်ခါတွင်လည်း စိတ်ထဲတွင် ဇဝေဇ၀ါဖြစ်သော်လည်း လင်ယောင်္ကျားပြောသည့်အတိုင်း မေ့ပစ်လိုက်ပြီးကလေးများကို နှိုးလိုက်သည်။ ထို့နောက် မနက်စာ စားကြပြီး ခြံပတ်ပတ်လည် လိုက်လံကြည့်ရှုကြလေသည်။ အလုပ်သမားများကလည်း ပိုင်ရှင်သစ်မိသားစုကို လာရောက်နှုတ်ဆက်ကြလေသည်။ အလုပ်သမားများနှင့် စကားပြောနေစဉ် ကိုဘအေး၏သားနှင့်သမီးသည် ဆော့ကစားရင်း နောက်ဘေးမှ ကန်ကြီးနားသို့ရောက်လာလေသည်။ ကိုဘအေး၏သားလေးနာမည်မှာ မောင်ပိုင်ထက်ဖြစ်ပြီး အသက် ၁၀ နှစ် ဖြစ်ကာ သမီးလေးနာမည်မှာ အိတုံဖြစ်ပြီးအသက် ၉နှစ်မျှသာဖြစ်သေးသည်။ ရေကန်အနားသို့ရောက်သောအခါ အိတုံလေးက
" ကိုကို ဟိုမှာ အစ်မကြီးတစ်ယောက် သမီးတို့ကိုလှမ်းခေါ်နေတယ်... သွားကြရအောင်... "
" အေး.. ဟုတ်တယ်ဟ.. သွားကြမယ်လေ.. "
ကလေးနှစ်ယောက်သွားမည်ကြံနေစဉ် မိခင်ဖြစ်သူ မမြခင်၏ခေါ်သံကို သဲ့သဲ့ကြားလိုက်လေသည်။
" သားရေ.. ပိုင်ထက်.. သမီးလေး အိတုံရေ... "
" ဟော.. ညီမလေး မေမေခေါ်နေပြီ.. နောက်မှအဲဒီမမဆီသွားတော့မယ်.. ခုတော့ မေမေစိတ်ပူနေလိမ့်မယ်.. ပြန်ကြရအောင်.. "
အိတုံလေးကတော့ နောက်သို့လှည့်ကြည့်လှည့်ကြည့်ရင်း တစ်စုံတစ်ရာကို လက်ပြနှုတ်ဆက်လျက်...
မမြခင်နဲ့တွေ့သောအခါ ကလေးနှစ်ယောက်ကို မေးလိုက်သည်။
" သားနဲ့သမီး.. ဘယ်တွေလျှောက်သွားနေကြတာလဲ.. "
" မေမေ.. မေမေ.. သားတို့နောက်ဘေးက ရေကန်နားမှာ မမတစ်ယောက်နဲ့တွေ့တယ်.. သူက သားတို့ကိုလှမ်းခေါ်နေတာ.. သားတို့သွားမလို့လုပ်တုန်း မေမေခေါ်သံကြားလို့ ပြန်ပြေးလာတာ.. "
" အော်.. ခြံထဲက အလုပ်သမားကောင်မလေးတစ်ယောက်ဖြစ်မှာပေါ့.. သားနဲ့သမီး မေမေသေချာမှာမယ်နော်.. နောက် အဲဒီကန်နားမသွားနဲ့... ကန်ထဲပြုတ်ကျလိမ့်မယ်.. ကြားလား.."
" ဟုတ်ကဲ့မေမေ.. "
သားနဲ့သမီးက မမြခင်ရဲ့ဘ၀ပင်.. ယောင်္ကျားဖြစ်သူ ကိုဘအေးက နာမည်အေးသလောက် အရက်သောက် ဖဲရိုက် လောင်းကစားအလုပ်လုပ်နေပေမယ့် မိန်းမနှင့်ကလေးကိုတော့ ချစ်ရှာသည်။ ထို့အတွက်ကြောင့်ပင် ဒီစံအိမ်ကြီးထဲသို့ရောက်လာခြင်းဖြစ်သည်။ နောက်ရက်များတွင် အလုပ်သမားများမှ ထိုစံအိမ်ကြီးပေါ်တွင် ယခင်သူဌေးကြီး ဦးမောင်ကြီး၊ သူဌေးကတော် ဒေါ်ဒေ၀ီနှင့် သူ၏သမီး ဟေမာန်တို့ကို မကြာခဏမြင်ရကြောင်း အသံထွက်လာသည်။ ထိုစကားသံများကို ကိုဘအေးက မကြိုက်.. မကြိုက်ရသည့်အကြောင်းက မြင်ရသည်ဘာညာဆိုပြီး နောက်ထပ်စုံစမ်းလာကြမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်.. ထိုအချိန်မှစပြီး အလုပ်သမားများကို အပြစ်ရှာကာ တစ်ယောက်ပြီးတစ်ယောက် အလုပ်ထုတ်ပစ်လိုက်တော့သည်။ ကိုဘအေး ဘာတွေဖြစ်နေသည်ကို မမြခင်မသိ။ ခုရက်ပိုင်းအတွင်း အရင်ကထက်ဒေါသတွေပိုထွက်နေကာ အရက်တွေအလွန်အကျွံသောက်နေတတ်လေသည်။ မကြာခင် ရက်အတွင်းမှာပင် ဟေမာန်ဝတီစံအိမ်တော်ကြီးတွင် အလုပ်သမားတစ်ယောက်မှ မရှိတော့ချေ။
" မေမေ.. ဖေဖေဘာလို့ ဟိုဦးကြီးတို အစ်မကြီးတို့ကိုပြန်လွတ်လိုက်တာလဲဟင်.. ခုဆို သားတို့အရမ်းပျင်းတာပဲ.. သားတို့နဲ့ဆော့ပေးမယ့် လူတွေလည်း မရှိတော့ဘူး... ဖေဖေလည်း ခုတလောအရက်တွေအရမ်းသောက်တာပဲ.. သားတို့ကိုမချစ်တော့သလိုပဲနော်.."
" မဟုတ်ပါဘူး သားရယ်.. သားဖေဖေက အလုပ်ကိစ္စတွေနဲ့ စိတ်ရှုတ်နေလို့ပါ.. သားဖေဖေကို အပြစ်မတင်ပါနဲ့.. သားတို့ပျင်းရင် မေမေကစားပေးမှာပေါ့... "
" အော် သမီး မေမေကိုပြောစရာရှိတယ်.. မေမေတို့အခန်းထဲက အဖွားကြီးတစ်ယောက်နဲ့ အဖိုးကြီးတစ်ယောက် ထွက်ထွက်လာတာကို သမီးတွေ့တယ်မေမေ... "
" သမီးရယ်.. သမီးတို့စိတ်ထင်နေတာဖြစ်မှာပါ.. ဒီအိမ်ထဲမှာ မေမေတို့မိသားစုအပြင် ဘယ်သူမှမရှိပါဘူး.. သမီးရဲ့.. ကဲကဲ. စာသွားကျက်ကြတော့နော်.. မေမေလည်းလုပ်စရာရှိတာလေးတွေလုပ်တော့မယ်.. "
ကလေးများမကြောက်အောင်သာ ပြောနေရသော်လည်း ထိုပုံရိပ်များကို ကလေးများသာမက မိမိကိုယ်တိုင်ပါ မြင်တွေ့ဖူးသဖြင့် ကလေးများအတွက်စိုးရိမ်သွားပြီး ယောင်္ကျားဖြစ်သူ ကိုဘအေးကို အသိပေးအကြောင်းကြားသင့်သည်ဟု ယူဆလျက် ကိုဘအေးရှိရာသို မမြခင်လာခဲ့လိုက်သည်။
" ကိုဘအေး.. ကျွန်မ ဒီအိမ်ကြီးထဲမှာနေရတာ စိတ်မသန့်သလိုကြီး.. ပြီးတော့ နေရာတိုင်းကနေ မျက်လုံးတွေနဲ့ လိုက်ကြည့်နေသလိုခံစားရတယ်... "
" မင်းကလည်းကွာ.. စိတ်ထင်တာ စိတ်ခြောက်ခြားတာ ဖြစ်မှာပါ... ဘာမှမရှိပါဘူး... "
" မဟုတ်ဘူး ကိုဘအေး.. ကျွန်မသေချာသိနေတယ်.. ရှင့်ဦးလေးတို့မိသားစု ဒီအိမ်ကြီးကနေ မကျွတ်မလွတ်ဘူးဆိုတာ သေချာသလောက်ပဲ... ဟိုနေ့က ကျွန်မအခန်းကိုအလာ အခန်းထဲကနေ ရှင့်ဦးလေးနဲ့အဒေါ်ထွက်လာတာ မြင်လိုက်ရပြီး.. မျက်စိရှေ့မှာတင် ပျောက်သွားတယ်... ကျွန်မတင်မဟုတ်ဘူး.. သားနဲ့သမီးလည်း မြင်လို့ သူတို့မကြောက်အောင် မနည်းပြောထားရတယ်.. ညညဆိုရင်လည်း ရှင်ကသာအိပ်နေတာ.. ညတစ်နာရီလောက်မှ.. မိန်းမကြီးတစ်ယောက်အော်သံတွေ.. လှေခါးပေါ်က တစ်ခုခုပြုတ်ကျသံတွေ၊ ရယ်သံကြီးတွေ၊ အိုးခွက်ပန်းကန်ကွဲသံတွေ အကျယ်ကြီးကြားရတယ်.. ကျွန်မဖြင့် ကြောက်လိုက်တာ အရမ်းပဲ.. ပထမတော့ စိတ်ထင်တာပဲဆိုပြီး မပြောသေးတာ.. နောက်ကြားရဖန်များလာမှ အခုပြောပြတာ.. ဒီအိမ်ကြီးမှာ နေရတာ ကျွန်မကြောက်တယ်.. နောက်ပြီးသားနဲ့သမီးကိုလည်း စိတ်မချဘူး.. ကျွန်မတို့အိမ်ပြောင်းကြရအောင်နော်.. "
" တိတ်စမ်း.. ငါ့ကို တခြားအကြောင်းပြော.. အိမ်ပြောင်းတဲ့အကြောင်းမပြောနဲ့.. "
ဆိုပြီးထထွက်သွားလေသည်။ မမြခင်ကတော့ လင်ယောင်္ကျားကျောပြင်ကို ကြည့်ရင်း နားမလည်နိုင်သော မျက်လုံးများဖြင့် သက်ပြင်းတစ်ချက်ကို ချလိုက်မိလေတော့သည်။

by သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း 

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment