Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Thursday, March 13, 2014

*အသက်ဝင်လာတဲ့ ဘီလူးရုပ်*

 အစ်ကိုအစ်မတို့ရေ...။ ပုံပြင်လေးကို စပြောရမယ်ဆိုရင်တော့ ဟိုးလွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်ကပေါ့ကွယ်...။

မြန်မာနိုင်ငံအလယ်ပိုင်း အညှာဒေသတစ်ခုမှာပေါ့..။ ရွာတွေအများကြီးရှိတဲ့အနက် အုန်းလှိုင် ဆိုတဲ့ရွာလေးလည်း တစ်ခုအပါအ၀င်ပေါ့..။ ဒီရွာလေးမှာ ရွာသူရွာသားတွေဟာ ရိုးသားတဲ့ လယ်ယာမြေ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုလာကြတာပေါ့...။ ရွာသူရွာသားတွေဟာ ရိုးသားတယ်၊ ကြိုးစားတယ်..။ ဒါကြောင့် ရွာလေးဟာ အင်မတန်ကိုမှ အေးချမ်းလှတာပေါ့...။ အဲ.. ဒီလိုအေးချမ်းလွန်းတဲ့ ရွာလေးမှာ ဘယ်သူမှ ဖြေရှင်းလို့မရတဲ့ ပြဿနာတစ်ခုက တနေ့ထက်တနေ့ ကြီးမားလာသတဲ့...။

ပြဿနာက ဘယ်ကစသလဲဆိုတော့ ရွာဦးဘုန်းကြီးကျောင်းကစသတဲ့။ ဘာသာတရား ကိုင်းရှိုင်းတဲ့ ကျွန်တော်တို့ မြန်မာပြည်မှာ ဘယ်ရွာမှာမဆို ရွာဦးဘုန်းကြီးကျောင်းရှိတယ်။ ကျောင်းထိုင်ဆရာတော်နဲ့ ဘုရားတရားအရိပ်က လွတ်တယ်ဆိုတာမှ မရှိပဲ..။ ဘုန်းကြီးကျောင်းမရှိတဲ့ရွာဟာ အင်မတန်မှ မျက်နှာငယ်လှပြီး ရွာလို့ပင် မသတ်မှတ်ကြတော့တဲ့ အဆင့်ပေါ့..။ ဒါပေမယ့် ဒီရွာလေးမှာ ရွာဦးဘုန်းကြီးကျောင်းလည်းရှိပါသည်။ ခက်တာက ကျောင်းထိုင်ဆရာတော်တွေ မမြဲဘူးတဲ့..။

ဟိုးအရင်တုန်းကတော့ ကျောင်းထိုင်ဆရာတော်တွေ မြဲခဲ့ပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်ခန့်ကစပြီးတော့ ဒီကျောင်းမှာ လာထိုင်တဲ့ ဆရာတော်တိုင်း ပျံလွန်တော်မူကုန်သတဲ့..။ အစတုန်းကတော့ ရိုးရိုးတန်းတန်းထင်ပြီး ဆရာတော်တစ်ပါးပျံလွန်တော်မူရင် ရွာနီးချုပ်စပ်က ဆရာတော်ကို ပင့်ပြီး ကျောင်းထိုင်ပင့်ပါသည်။ ဒါပေမယ့် ဆရာတော် ၃ ပါးခန့် ပျံလွန်တော်မူပြီးတဲ့နောက်တော့ ရွာသူရွာသားတွေလည်း ထိတ်လန့်လာသည်။ ဒီသတင်းပျံ့နှံ့နေသည့် ရွာပတ်ဝန်းကျင်တလျှောက် ဘယ်ဆရာတော်မှ လာမထိုင်ရဲကြတော့...။ ဒီလိုနဲ့ ဘုန်းကြီးကျောင်းဟာ ကျောင်းထိုင်ဆရာတော်ကင်းမဲ့နေရော...။ ကိုင်း.. အဲဒါနဲ့ ရွာသူကြီးနဲ့ ရပ်မိရပ်ဖတွေတိုင်ပင်ပြီးတော့ ဟိုးရပ်ဝေးက ဆရာတော်တွေ သွားပင့်ကြတာပေါ့...။ အဲဒါနဲ့ နောက်ဆုံး ခက်ခက်ခဲခဲနဲ့ ဆရာတော်တစ်ပါးကို ပင့်လာနိုင်သတဲ့...။

အဲဒီ ဆရာတော်က သက်တော်က အတော်ငယ်သေးသည်။ သက်တော် ၃၅ လောက်ပဲရှိဦးမည်ထင်သည်။ ထိုဆရာတော်ကြွလာတော့ ရွာသူရွာသားတွေဟာ ၀မ်းနည်းဝမ်းသာဖြစ်ရတာပေါ့...။ ၀မ်းသာတာကတော့ ဆရာတော်မရှိသည့် ရွာဦးကျောင်းပြန်လည်အသက်ဝင်လာတာကြောင့်ဖြစ်ပြီးတော့၊ ၀မ်းနည်းတာကတော့ သက်တော် ငယ်ရွယ်လွန်းသေးသည့် ဆရာတော်ကို ပျံလွန်မည့်အရေးတွေးကာ စိုးရိမ်သောက ရောက်နေကြခြင်းဖြစ်သည်။ ဒီလိုနဲ့ ပထမဆုံးသောနေ့မှာ ရွာသူရွာသားတွေကို တရားရေအေးတိုက်ကျွေးရင်း ရွာသားတွေရဲ့ ပျက်ယွင်းနေတဲ့မျက်နှာကို ဆရာတော်က သတိပြုမိသွားသည်။ အဲဒီတော့ ဆရာတော်က

“ကိုင်း ဒကာ၊ ဒကာမတို့။ ဘယ့်နှယ်ကြောင့်မျက်နှာတွေက မရွှင်မပျဖြစ်နေကြတာတုန်း.... ” ဟု မိန့်တော့

“တင်ပါ့ဘုရား။ မပြောမပြီးဆိုသလို တပည့်တော်တို့ လျှောက်ပါရစေဘုရား..။ ဒီကျောင်းမှာ ကျောင်းထိုင်ဆရာတော်မမြဲဘူးဆိုတာ အရှင်ဘုရားကြားမိမှာပါဘုရား။ ဒီကျောင်းကို စရောက်တဲ့ဆရာတော်တိုင်း တညတာကျိန်းစက်ပြီးတဲ့နောက် နံနက်အာရုဏ်တက်တာနဲ့ သွေးဆုတ်နေသော မျက်နှာဖြင့် ပျံလွန်တော်မူသွားတတ်ကြကြောင်းပါဘုရား...။ အရှင်ဘုရားလည်း သတိဝိရိယဖြင့် သတင်းသုံးတော်မူပါဘုရား..။ တပည့်တော်တို့ အင်မတန်စိုးရိမ်လှပါသည်ဘုရား...။ အခု ဒီညမှာ တပည့်တော်တို့ ရွာသားတွေအားလုံးစုပြီး ကင်းစောင့်ကြမှာဘုရား....” လို့ လျှောက်တင်သတဲ့...။

ဒီအကြောင်းကို ကြားတော့ ဆရာတော်လည်း ရင်ထိတ်သွားတာပေါ့..။ သို့သော်လည်း ရောက်ပြီးမှတော့ မထူးဟုနှလုံးသွင်းကာ ဖြစ်ကြောင်းကုန်စင်ကို စဉ်းစားတွေးတောနေလေသည်။ ထိုနေ့ညနေ မှောင်ရီချုပ်တော့ ဆရာတော်နဲ့ ကာလသားတွေ ဘုရားဝတ်တက်ပြီး မေတ္တာပွားဝေကြလေသည်။ အဲဒီနောက် ကာလသားတွေက ကိုယ်ကျရာနေရာအသီးသီးမှာ ကင်းစောင့်ဖို့ အလျှိုလျှိုထွက်ခွာသွား ကြသည်။ နောက်ဆုံး ဆရာတော်တစ်ပါးတည်းသာ ကျိန်းစက်ရန် ကျန်ရစ်ခဲ့လေသည်။

ညသည် တိတ်ဆိတ်လာသည်။ အဝေးမှ ခွေးအူသံမှအပ ဘာသံမှ မကြားရလောက်အောင်ကို တိတ်ဆိတ်နေသည့်ကာလတွင် ဆရာတော်တစ်ပါးတည်း ထိုင်ကာ တွေးတောနေလေသည်။

“အင်း.. ငါ့ရှေ့က ဆရာတော်ကြီးတွေက နံနက်ရောက်တာနဲ့ ထိတ်လန့်တဲ့ မျက်နှာထားတွေနဲ့ ပျံလွန်တော်မူကြတယ်ဆိုတော့ အင်မတန်ကြီးကျယ်တဲ့ ပြဿနာတခုခု ညဘက်ပိုင်းမှာ ဖြစ်ခဲ့လို့ဖြစ်မယ်။ ငါလည်းသတိထားမှ...။ ငါကျိန်းနေတဲ့အချိန် ရေနံဆီမီးလေးကို မငြိမ်းပဲ မှိန်မှိန်လေးထွန်းအိပ်မှ..။”

ဆရာတော်က တွေးတောပြီး ကျိန်းစက်ရန်ပြင်တော့သည်။ ဆရာတော်က မီးအိမ်ကို မှိန်မှိန်လေးထွန်းရင်း သက်သောင့်သက်သာ လှဲချလိုက်သည်။ ပိဋိကတ်ကျမ်းကို ခေါင်းအုံးရင်း မျက်လုံးမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ စိတ်ထဲတွင်တော့ သတိကို မပြတ်ထားကာ မှိတ်ထားသော မျက်လုံးထဲမှာ ဘေးဘီပတ်ဝန်းကျင်ကို ကြည့်နေလေသည်။ ဒီလိုနှင့် ညဘက်သန်းခေါင်ယံတိုင်ခဲ့ပြီ..။ တလောကလုံး အိပ်မောကျကာ တိတ်ဆိတ်လွန်းနေသည်။ လမိုက်ညမို့ ပိုပြီးမှောင်မည်းနေလေသည်။

ရုတ်တရက်.. “ချွတ်.. ချွတ်” ဟူသော အသံတစ်ခုကို ဆရာတော်ကြားလိုက်ရသည်။ ရင်ထဲတွင် ထိတ်ကနဲ ဖြစ်သွားဟန်ဖြင့် မျက်လုံးကို မဖွင့်ပဲ အသာလေး မှေးကြည့်လိုက်သည်။ အသံက မျက်နှာကျက်ဆီမှ...။ အသံက ပိုကျယ်လာသည်။ ကျောင်းတစ်ခုလုံး တုန်ခါသွားသလိုခံစားလိုက်ရသည့်နောက်... ထိုမျက်နှာကျက်ဆီမှာ တစ်စုံတစ်ခု လှုပ်ရှားလာနေသည်။ မီးရောင်ဖျော့ဖျော့ကြားမှ ဆရာတော်မြင်လိုက် ရသည်က ကြီးမားလွန်းသည့် မည်းမည်းကြီးတစ်ခု...။ တလှုပ်လှုပ်နှင့် ကျောင်းမျက်နှာကျက်မှာ တိုင်ကိုတွယ်ကာ ဆင်းလာနေသည်။ ရုတ်တရက် မြင်လိုက်ရသည့် မျက်နှာကြောင့် ဆရာတော်ရင်ထိတ်ကာ မေ့လဲသွားမတတ် ကြောက်ရွံ့မိသည်။ သို့သော် နဂိုကတည်းက ပြင်ဆင်ခဲ့သောကြောင့် သတိကို ပြန်လည်ထိန်းကာ ငေါက်ကနဲ ထထိုင်လိုက်သည်။

အဲဒီနောက် ဆတ်ကနဲထကာ ထိုသတ္တ၀ါကို ရင်ဆိုင်လိုက်ပြီး ပါးစပ်မှ ပရိတ်တရားတော်ကို အဆက်မပြတ်ရွတ်ဖတ်ကာ လက်မှ ပိဋိကတ်စာအုပ်ဖြင့် ပစ်ပေါက်လိုက်လေသည်။ ထိုအခါ ထိုအသွင်းသဏ္ဍာန်ကြီးမှာ ကြောက်လန့်တကြား မျက်နှာကျက်ပေါ်သို့ ပြန်တက်ပြေးသွားတော့သည်။ ဆရာတော်လည်း ကင်းသမားတွေကိုခေါ်ကာ ထိုမျက်နှာကျက်ပေါ်သို့ တက်ကြည့်ခိုင်းသည်။ ဘာကိုမျှ မတွေ့ရ..။ ဒီလိုနှင့် အားလုံးငုတ်တုတ်ထိုင်ကာ ထိုညကို ကုန်ဆုံးစေခဲ့တော့သည်။

နံနက်မိုးသောက်တော့ ဆရာတော်က ရွာသားတွေကို ထပ်ပြီးအပေါ်ကို တက်ကာ ရှာစေပြန်သည်။ မတွေ့ပြန်...။ ဒါနဲ့ ဆရာတော်က သေသေချာချာတခုမကျန် နှံ့နှံ့စပ်စပ်ရှာဖွေခိုင်းပြီး တခုခုထူးခြားမခြား ရှာခိုင်းပြန်သည်...။ နောက်ဆုံး ရွာသားတစ်ယောက်က သေးငယ်လှပြီး ဖုန်းအလိမ်းလိမ်းဖြင့် ကပ်နေသည့် အရာတစ်ခုကို ဆရာတော်အား ခေါ်ပြလေသည်။ ထိုနေရာကို သန့်ရှင်းပြီး ကြည့်လိုက်တော့ ဘီလူးရုပ်လေး..။ ဆရာတော်သိလိုက်ပါပြီ...။

လွန်ခဲ့သော သုံးနှစ်ခန့်က ရွာသူရွာသားတွေ စုပေါင်းပြီး ဘုန်းကြီးကျောင်းကို ပြင်ဆောက်ခဲ့ကြသည်။ ထိုအထဲတွင် လက်သမားတစ်ယောက်က လက်ဆော့ကာ ထိုကျောင်းတိုင်တွင် ဘီလူးရုပ်လေးကို အပျင်းပြေခြစ်ကာ ရေးဆွဲခဲ့သည်။ ဘီလူးပုံဟူသည်မှာ အင်မတန်စီးတတ်သည်။ ယခု ထိုဘီလူရုပ်ကစီးကာ ကျောင်းရှိ ဆရာတော်များ နေရာမရရန် ရန်မူခဲ့သည်။ ဆရာတော်က ထိုအရုပ်ရာကို ဖျက်ဆီးပစ်ရန်ပြောကြားလိုက်သည်။ အဲဒီနောက်မှာတော့ ထိုရွာလေးမှာ ဘာအန္တရာယ်မှ မရှိတော့ပဲ ဆရာတော်လည်း ထိုကျောင်းတွင် ကျောင်းထိုင်အဖြစ်သတင်းသုံးနေခဲ့တော့သည်။

ကဲ.. အစ်ကိုတို့အမတို့ရေ...။ ပုံပြင်ကတော့ ဒါပါပဲဗျာ...။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment