Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, March 11, 2014

ရွာသာယာက မြနှင်းမှုံ

မြို့ပြ၏ မွန်းကြပ်မှုများကို တဒဏရှောင်လွဲလိုသောစိတ်ဖြစ်ပေါ်နေချိန်တွင် တက္ကသိုလ်တက်စဉ်က အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သည့် ကျော်စိုးဆီမှ ရွာကို အလည်လာရန် စာရောက်လာသဖြင့် ရေငတ်တုန်းရေတွင်းထဲကျ ဆိုသလို သူငယ်ချင်းကျော်စိုးရှိမည့် ရွာသာယာသို့ ချက်ချင်းထွက်လာခဲ့သည်။ ကားတစ်တန် ရထားတစ်တန်ဖြင့် အတော်အတန်သွားရလေသည်။ အဝေးပြေးဂိတ်တွင် သူငယ်ချင်းကျော်စိုး က အဖော်တစ်ယောက်၊ထော်လာဂျီတစ်စီးနဲ့ လာကြိုလေသည်။
ကျွန်တော်။ ။“ အဆင့်မြင့်လှချည့်လားကွ... ဟဟ ”
ကျော်စိုး။ ။ “ အဲတာ ငါ့တို့ရွာရဲ့ တစ်စီးတည်းသော ဆက်သွယ်ရေးယာဉ်ကွ... မစော်ကားနဲ့...”
ကျွန်တော်။ ။ “ ဟားဟား.. ဟုတ်ပါပြီဗျာ.. ကျွန်တော်မျိုးကြီး ဂုဏ်ယူပါတယ်.. ဟားဟား...”
ကျော်စိုး။ ။ “ ဒါနဲ့မိတ်ဆက်ပေးရအုန်းမယ်.. ဒါက ငါတို့ရွာက ဆက်သွယ်ရေးယာဉ်မှုး ကာလသားခေါင်း လူပျိုသိုးကြီး ကိုဖိုးထောင်တဲ့... ကိုဖိုးထောင် .. ဒါက ကျွန်တော်ရဲ့အချစ်ဆုံးသူငယ်ချင်း မင်းမနိုင် တဲ့...ကိုမင်းလို့လည်းခေါ်တယ်...
ကျွန်တော်။ ။ “ တွေ့ရတာဝမ်းသာပါတယ် ကိုဖိုးထောင်... ကိုဖိုးထောင် ဘွဲ့တွေကများလှချည့်လား... ”
ကိုဖိုးထောင်။ ။ “များဆို.. ခုထိ လူပျိုကြီးဖြစ်နေတာသာကြည့်တော့... ဟားဟား.. ”
မတွေ့တာကြာသော သူငယ်ချင်းနဲ့ စတွေ့လိုက်ကတည်းက ကျွန်တော့်စိတ်တို့ ရွှင်လန်းသွားသည်။ ကျော်စိုးတို့၏ ရွာလေးသည် နာမည်နှင့်လိုက်ဖက်စွာ အလွန်သာယာလှပသောကြောင့် ပင်ပန်းသောစိတ်တို့ဘယ်ဆီပျောက်ကုန်သည် မသိ...
ကျွန်တော်။ ။“ကျော်စိုးရေ.. မင်းတို့ရွာလေးက တော်တော်သာယာတာပဲကွ... ငါတောင် တစ်သက်လုံးနေချင်လာပြီ... ”
ကျော်စိုး။ ။“ ဟားဟား.. ငါတို့ခေါ်ထားနိုင်ပါတယ်ကွာ.. ဒါပေမယ့် နောက်မှ မြို့ကကောင်မလေးတွေကို လွမ်းလှပြီမလုပ်နဲ့နော်... ဟားဟား”
ကျွန်တော်။ ။ “ ဟားဟား No ပါကွာ.. ငါ့အကြောင်းလည်း မင်းသိသားနဲ့.. ငါကရောက်တဲ့နေရာပျော်တဲ့ကောင်...”
ကျော်စိုး။ ။ “ အေးပါကွ.. ငါသိပါတယ်.. ဒါကြောင့်.. ဟိုဟာကျရာ ပျော်တဲ့ ဟိုအကောင်ဆိုလား...”
ကျွန်တော်။ ။ “ ဟဟ. မင်းအိမ်မှာပျော်တဲ့ မင်းရဲ့ရွှေယောက်ဖလေးလေကွာ.. ဟားဟား”
ကျော်စိုး။ ။ “ မသာ သေနာ.. xxx ”
အဆဲပေါင်းစုံသွားသည်.. တက္ကသိုလ်မှာ နေကတည်းက အစ်မနှင့် ညီမရှိသော ကျော်စိုးကို စနေကြလေ...ကျော်စိုးကလည်း ပါးစပ်ကသာပြောနေပေမယ့် ဘယ်တော့မှ စိတ်မဆိုး...
ထိုစဉ် ကျွန်တော်တို့စီးလာသော ထော်လာဂျီလေးမှာ ရွာသချီုင်းကုန်းအလွန် လယ်တောစပ်လေးတစ်ခုနားတွင် ထိုးရပ်သွားလေသည်...
ကျော်စိုး။ ။ “ ဘာဖြစ်တာလဲ ကိုဖိုးထောင်... ဆီကုန်သွားတာလား..”
ကိုဖိုးထောင်။ ။ “ မဟုတ်ဘူး ဖိုးကျော်ရေ... ဆီကိုလာခါနီးမှ ငါသေချာထည့်လာတာ.. ဘာဖြစ်တာလဲ မသိဘူး.. ဆင်းကြည့်လိုက်အုန်းမယ်...”
ကျော်စိုး။ ။ “ ကိုဖိုးထောင်.. သွက်သွက်လုပ်ဗျာ.. ဒီနေရာအကြောင်းလည်း သိသားနဲ့... နောက်ပြီး ဧည့်သည်ကို အားနာစရာ...”
ကျွန်တော်။ ။ “ ဟေ့ကောင် ကျော်စိုး..မင်းပြောတာ ငါကြားလိုက်တယ်.. မင်းက ဘာတွေစိတ်ပူနေတာလဲ.. ဟိုးကမြင်နေရတာ မင်းတို့ရွာမဟုတ်လား..ရောက်တော့မှာပဲ.. မိုးချုပ်လည်း ဘာဖြစ်လဲ.. ဖြေးဖြေးပေါ့.. နောက်ဆုံးမရတော့ရင်လည်း လမ်းလျှောက်သွားတာပေါ့... အခု ငါဘာလုပ်ပေးရအုန်းမလဲ.. မင်းနဲ့ငါ့အကြားမှာ အားနာစရာမလိုဘူးနော်.. ”
ကျော်စိုးက မျက်နှာ အပျက်အပျက်ဖြင့် ....
ကျော်စိုး။ ။ “ အေးပါကွာ.. မင်းအကူအညီလည်း ငါတို့မလိုသေးပါဘူး.. အခု ငါတို့ ခဏကြိုးစားကြည့်အုန်းမယ်.. မင်းသာ ထော်လာဂျီပေါ်မှာ အေးဆေးနေနော်.. နောက်ဆုံး မရတော့လည်း မင်းပြောသလိုလုပ်တာပေါ့နော်... ”
ကျွန်တော်။ ။ “ ပြီးရောကွာ.. ငါကတော့ အေးဆေးပဲ...” ဟုဆိုကာ ထော်လာဂျီပေါ်တွင် သွားထိုင်နေလိုက်သည်..
ကျွန်တော်လည်း ဘာမှလုပ်စရာမရှိသဖြင့် ဟိုဟို ဒီဒီ လိုက်ကြည့်နေစဉ် ထော်လာဂျီ၏ ရှေ့ဘက်မလှမ်းမကမ်းနားလေးမှ အလွန်ချောမောလှပသော မိန်းကလေးတစ်ယောက်ဖြတ်သွားသည် ကိုတွေ့လိုက်ရလေသည်... ထိုအချိန်တွင် ထိုမိန်းကလေးမှ သူမ၏ ၀ိုင်းစက်လှပသော မျက်လုံးလေးများဖြင့် လှည်ကြည့်ရာ ကျွန်တော်လည်း ပြန်ပြုံးပြလိုက်သည်.. မိန်းကလေး၏ မျက်လုံးများတွင် ၀မ်းနည်းခြင်းအရိပ်အယောင်များရှိနေကာ မျက်ရည်များ ရစ်ဝိုင်းနေသည်ကို တွေ့လိုက်ရသည်... မကြာမှီ ထိုမိန်းမလှလေးလည်း တောစပ်သို့ဝင်ရောက်ပျောက်ကွယ်သွားလေသည်.. ကျွန်တော်လည်း စိတ်ထဲရှိတာကို မမြိုသိပ်နိုင်ဘဲ..
ကျွန်တော်။ ။ “ ဟေ့ကောင်ကျော်စိုး မပြီးသေးဘူးလားကွ... ”
ကျော်စိုး။ ။ “ အေး ငါတို့လည်း ဘာဖြစ်လဲ လိုက်ရှာနေတာပဲ..အားလုံးအကောင်းကွ.. ကိုဖိုးထောင်က သူမောင်းတဲ့ထော်လာဂျီကို သိပ်ဂရုစိုက်တာ ပြီးတော့ အရင်က ရွာနားက ထော်လာဂျီတွေပျက်ရင် သူပဲပြင်ပေးနေကြ.. အခု သူတောင်မှ အပြစ်ရှာမတွေ့ဘူးဆိုတော့ ငါလည်း မစဉ်းစားတတ်တော့ဘူး.. ”
ကျွန်တော်။ ။ “ အေးပါ.. တစ်ခါတစ်လေလည်း စက်ပစ္စည်းဆိုတော့ အဲလိုပဲ ဖြစ်တတ်ပါတယ်.. ဟေ့ကောင်.. မင်းကို မေးစရာရှိလို့...”
ကျော်စိုး။ ။ “ မေးလေ.. ဘာမေးမှာလဲ... အမယ်.. ပြုံးစိစိနဲ့.. ဟဟ.. ငါးခူလိုပဲ... ”
ကျွန်တော်။ ။ “ အာ.. ဘယ်က ငါးခူကပါလာတာလဲ.. ထားလိုက်ကွာ.. ငါအတည်မေးမလို့..ထောင်တန်တဲ့စကား ရယ်ပေါ့ တဲ့ .. မရယ်နဲ့...”
ကျော်စိုး။ ။ “ ဟားဟား မင်းက ဘယ်တုန်းက အတည်ပြောဖူးလို့လဲ.. နောက်ပြီး အတည်ပေါက်နဲ့ကြပ်နေကြ.. ဟေ့ကောင် မကြပ်နဲ့နော်...”
ကျွန်တော်။ ။ “ မင်းကလည်း .. ငါတကယ်မကြပ်ဘူးကွ.. အတည်မေးမလို့... စောစောက ဖြတ်သွားတဲ့ကောင်မလေးက ဘယ်သူလဲ... ”
ကျော်စိုး မျက်နှာတည်သွားသည်..
ကျော်စိုး။ ။ “ ဘယ်သူလဲကွ.. ငါလည်း မမြင်ပါဘူး.. ”
ကျွန်တော်။ ။ “ ဟာ.. ဒီဘက်ကိုတောင်လှည့်ကြည့်သွားသေးတယ်လေကွာ.. ငါက မင်းတို့အသိထင်လို့.. နောက်ပြီး အကျီ အပြာရောင် အကွက်ကလေးနဲ့လေကွာ.. အော်.. ငါသိပြီ.. မင်းတို့ စက်ပြင်နေတုန်းဆိုတော့ သတိမထားမိတာထင်တယ်... အေးပေါ့ကွာ.. ရွာရောက်ရင် တွေ့မှာပဲ..ဟားဟား... ငါတော့ ဒီရွာမှာစွံတော့မယ်ထင်တယ်ကွ.. ဖူးစာပြောတာနော်.. မျက်လုံးလို့မနောက်နဲ့...”
ကျော်စိုး မနောက်ပါ... မနောက်သည့်အပြင် တုန်ရင်သောအသံဖြင့်..
ကျော်စိုး။ ။ “ ခင်ဗျား ထော်လာဂျီ မပြီးသေးဘူးလား.. စမ်းကြည့်လိုက်အုန်းနော်.. မြန်မြန်လုပ်... တွန်းဆိုလည်း တွန်းမယ်ဗျာ..”
ကျွန်တော်။ ။ “ ဟေ့ကောင် လောလှချည့်လား.. ခုနကပဲ အေးဆေးဆို..”
ကျော်စိုး။ ။ “ ခုမအေးဆေးတော့ဘူး.. အရစ်ရှည်မနေနဲ့ကွာ.. လာ တွန်း... ”
ကျွန်တော်။ ။ “ ဟဟ .. ငါမဆာဘူးကွာ.. မုန့်ဟင်းခါး မစားချင်ဘူး.. ”
ကျော်စိုး။ ။ “ ဟေ့ကောင် နောက်မနေနဲ့.. မြန်မြန်လာတွန်းလို့ပြောနေတယ်ကွာ... ”
ကျွန်တော်။ ။ “ အိုကေလေ..တောင့်တလွန်းတော့လည်း တွန်းပေးရတာပေါ့... အမေရေ.. အမေ့သား ရန်ကုန်က ခွာပြီး ဒီမှာ ထော်လာဂျီလာတွန်းနေရတယ်ဗျ.. ကြည့်ကြပါအုန်း...”
ကျော်စိုးနဲနဲပြုံးသွားသည်...
ကျော်စိုး။ ။ “ မင်းကတော့ကွာ... တကယ့်ကောင်ပဲ.. ကဲ တွန်းသာတွန်း..အသံပြဲကြီးနဲ့အော်မနေနဲ့... မင်းအသံ ဘယ်သူမှမကြားဘူး...”
ကျော်စိုးမကြားဘူး ဆိုမှ ဘေးဘီဝဲယာကြည့်မိတော့ အပင်ကြီးတစ်ပင်အောက်တွင် စောစောကကောင်မလေး... ပြုံးပြီးကြည့်နေသည်.. အပြုံးလေးက ရင်ထဲအေးသွားတာပဲ.. ဒါပေမယ့်အမောမပြေ.. ထော်လာဂျီတွန်းနေရလို့လေ...
ကျွန်တော်။ ။ “ အင်း .. ကုသိုလ်ကံကလည်းကောင်းချင်တော့ ရွာတောင်မရောက်သေးဘူး.. ဟဲဟဲ..”
ကျော်စိုး။ ။ “ ဟေ့ကောင် ဘာတွေပြောနေတာလဲ.. ”
ကျွန်တော်။ ။ “ ဟိုမှာလေကွာ စောစောကကောင်မလေး....”
ကျော်စိုးဘက်လှည့်ပြီး ကောင်မလေးဘက်လက်ညိုးထိုးလိုက်တော့ ဘယ်သူမှမရှိ...
ကျော်စိုး။ ။ “ ဘယ်မှာလဲကွ... မတွေ့ပါလား..”
ကျွန်တော်။ ။ “ အေး တော်တော်မြန်တာပဲ..ခုလေးတင်ပျောက်သွားတယ်.. ငါ့စိတ်ထင် မင်းကို လန့်လို့ထင်တယ်.. ဟဟ”
ထိုစဉ်.. ထော်လာဂျီ စက်ပြန်နိုးသွားသည်...
ကျွန်တော်။ ။ “ တော်သေးတာပေါ့ကွာ... ငါက ရွာထိတွန်းရတော့မယ်ထင်လို့... အော် ခုမှသတိရတယ်.. ဟိုကောင်မလေးကို ခေါ်ပါအုန်းဟ.. သူလည်း လမ်းကြုံလိုက်မလားမသိဘူး...”
ကျော်စိုး။ ။ “ ဟေ့ကောင် ငမင်း.. မင်းအခုရောက်နေတာ သချိုင်းကုန်းနားမှာနော်.. ”
ကျွန်တော်။ ။ “ အေးလေ.. ဘာဖြစ်လဲ..မိန်းကလေးတစ်ယောက်တည်းတောင်သွားရဲနေသေးတာပဲ.. မင်းတို့ရွာကနဲ့ တူပါတယ်ကွာ.. ခေါ်လိုက်ပါ .. သနားပါတယ်.. ”
ကျော်စိုး။ ။ “ မခေါ်ဘူးကွာ.. ငါလည်း မမြင်ရဘူး.. မင်းဘာမှပြောမနေနဲ့တော့... ”
ကျွန်တော်။ ။ “ ပြီးရောကွာ.. မင်းကိုတော့သနားတယ်..ကောင်မလေးရေ.. ဒီ စိတ်ပုတ်ကောင်က မခေါ်နဲ့တဲ့.. ဒါကြောင့်မခေါ်တော့ဘူးနော်... တာ့တာ.. ” လို့အော်ပြောလိုက်တယ်..
ကျော်စိုး။ ။ “ တောက် ဒီကောင် ပါးစပ်စည်းကမ်းမရှိတာနဲ့တော့ ထိအုန်းမယ်... ”
ကျွန်တော်။ ။ “ ဘာထိတာလဲ .. ထိပါစေကွာ.. မင်းကလည်း ဒီလောက်ချောချောလေးကို ဟိုမှာ ငါ့ကို လက်လှမ်းပြနေတယ်..”
ကျွန်တော်လက်ပြန်ပြလိုက်သည်နှင့် ကိုဖိုးထောင်မှာ ထောင်လာဂျီကို ဖော်မြူလာဝမ်း ကားကဲ့သို့ တရကြမ်းမောင်းထွက်ရာ မနည်းထိုင်ချလိုက်ရလေသည်.. ကောင်မလေးကို ပြန်လှည့်ကြည့်တော့ မရှိတော့ချေ... တောက် .. တော်တော် မနာလိုဖြစ်ကြတဲ့ကောင်တွေ.. သူတို့ရွာသူထိတော့ နာတတ်လိုက်ကြတာ..တွေ့အုန်းမယ်...ဟဟ..

(၂)
ကျော်စိုးတို့အိမ်ရောက်သည်နှင့် ကျော်စိုးက ကျွန်တော့်ကို ဘုရားစင်ရှေ့တန်းခေါ်သွားကာ ပရိတ်ရေ အတင်းသောက်ခိုင်းလေတော့သည်။
ကျွန်တော်။ ။ “ ဟေ့ကောင်ကျော်စိုး ဘာဖြစ်နေတာလဲ.. ငါက ဘာဖြစ်လို့ ပရိတ်ရေ သောက်ရမှာလဲ.. ငါကရော ဘာဖြစ်နေလို့လဲ ကွ..”
ကျော်စိုး။ ။ “ မင်းမသိသေးပါဘူး ငမင်းရယ်.. ရော့.. ငါတိုက်တာသာ မင်းသောက်စမ်းပါ...”
ကျွန်တော်။ ။ “ ဒါဆို ငါမသိသေးတာရှိရင် ပြောလေကွာ... မဟုတ်ရင်တော့ ငါလုံးဝသောက်မှာမဟုတ်ဘူး.. ”
ကျော်စိုး။ ။ “ မင်းကလည်းကွာ..ငါက မင်းကို စိတ်ပျော်စေချင်လို့ ဒီကိုခေါ်ထားတဲ့ကောင်ပါကွ.. မင်း ဒုက္ခမရောက်စေချင်လို့ပေါ့... အေးပါ.. ငါ ညကျရင် မင်းကိုသေချာပြောပြမယ်နော်..အခုတော့ ဒီပရိတ်ရေကို သောက်လိုက်ကွာ.. ”
ကျွန်တော်။ ။ “ ပြီးေ၇ာလေ.. မင်းကတိမင်းတည်ပါစေနော်... ပေး .. ပရိတ်ရေပုလင်း..”
ပြောပြောဆိုဆို ပရိတ်ရေကို ယူသောက်လိုက်သည်။ ရင်ထဲမှာတော့ အေးသွားသလိုလို...
ကျော်စိုး။ ။ “ ကဲ မင်းလည်း ပင်ပန်းလာတယ်.. ရေမိုးချိုးလိုက်ကွာ.. ပြီးရင် ထမင်းစားရအောင်.. ”
ကျွန်တော်။ ။ “ အေးပါကွာ.. မင်းစိုးရိမ်တာ ငါသိပါတယ်.. ငါကလည်း အကြောင်းအရာတစ်ခုခုကို သိချင်ရင် အဲလိုပဲ စိတ်လောတတ်တယ်ကွ.. ငါ့အကြောင်းမင်းသိပါတယ်ကွာ.. ”
ကျော်စိုး။ ။ “ သိပါတယ်ကွ.. သိလို့လည်း မမှားသင့်တာ မမှားရအောင် တားနေတာပေါ့.. ကဲကဲ ရေချိုးတော့...”
ပြောပြောဆိုဆို ကျော်စိုးထသွားသည်။ နွေရာသီဖြစ်ပေမယ့် ဒီဒေသလေးကတော့ တောရိပ်တောင်ရိပ်ကြောင့်လားမသိ နေ၀င်သည်နှင့် အနည်းငယ် အေးသယောင်ယောင်.. ရေကလည်းအေးစက်နေသည်.. ရေချိုးပြီးသည်နှင့် လူလည်း လန်းဆန်းသွားသည်... ကျော်စိုးက တစ်ယောက်တည်းနေတာ ဖြစ်သည်.. အဖေနှင့်အမေ ငယ်ငယ်ကတည်းက ဆုံးပါးသွားပြီး မြို့မှ အဒေါ်တစ်ယောက်က ပညာသင်စရိတ်ထောက်ပံ့နေသူဖြစ်သည်.. အဒေါ်က မြိုကကိုခေါ်ထားသော်လည်း သူ၏ရပ်ရွာတွင် ကျောင်းဆရာသာလုပ်လိုသည်ဟု ငြင်းပယ်ပြီး လာအခြေချနေသူဖြစ်သည်..အစ်မနှင့် ညီမက အဒေါ်နှင့် မြို့မှာနေသည်ဟုသိရသည်.. အိမ်မှာ လောလောဆယ် တစ်ကိုယ်ရေ တစ်ကာယသမားမို့ ဘာမှသိပ်ပူစရာမရှိ... ကျွန်တော်ကတော့ ကျော်စိုးစောစောကပြောသွားသည့် ညကျမှပြောပြမယ်ဆိုသောစကားကိုသာ ကြားချင်နေမိသည်.. ရေချိုး ပြီးသည်နှင့် ထမင်းဝိုင်းစားကြသည်.. သိပ်အများကြီးဖွယ်ဖွယ်ရာရာ မဟုတ်ပေမယ့် ခံတွင်းမြိန်လှသည်... ထမင်းစားပြီး အိမ်ရှေ့ကွတ်ပျစ်တွင် ရေနွေးကြမ်းသောက် ထမင်းလုံးစီနေရင်း
ကျွန်တော်။ ။ “ ကျော်စိုးရေ.. မင်းငါ့ကို ပြောမယ့်ဆိုတဲ့အကြောင်း ပြောလေကွာ.. ငါသိချင်လှပြီ.. ”
ကျော်စိုး။ ။ “ မင်းကတော့ တကယ်လောတဲ့ကောင်ကွာ... အင်းလေ..ငါကလည်း ပြောဖို့ကတိပေးထားပြီးပြီပဲ... ဒီလိုကွ..ငါ ကိုးတန်းနှစ်လောက်မှာ ဒီရွာလေးကို မြနှင်းမှုံတို့ သားအဖရောက်လာကြတယ်... သူ့နယ်မှာ လယ်ယာစိုက်ပျိုး၇တာ အဆင်မပြေလို့ ဒီရွာလေးကို ပြောင်းလာတယ်လို့ပြောတာပဲကွာ.. ဒီရွာလေးမှာ လုပ်ကိုင်စားချင်လို့ လယ်လေးတစ်ဧက နှစ်ဧကလောက် ၀ယ်ချင်တယ်လို့ရပ်ကွက်လူကြီးကိုပြောတယ်ကွ.. ဖြစ်ချင်တော့ ရွာနီးပတ်လည်က လယ်တွေက သူ့ပိုင်ရှင်နဲ့သူ ရှိပြီးသား.. အကုန်လုံးကလည်း လက်ရှိလုပ်နေကြတဲ့လယ်တွေဖြစ်နေတယ်.. ဒါပေမယ့် မင်းအလာတုန်းက မြင်ခဲ့တဲ့ သချိုင်းကုန်းနားက နေရာလေးကတော့ လွတ်နေတယ်.. အခြောက်အလန့်ကြမ်းလို့ ဘယ်သူမှမလုပ်ချင်ကြဘူး.. သူ့အဖေကတော့ အဲဒီလယ်ကို ပိုင်ရှင်ရှိရင်လည်းဝယ်ပါ့မယ်..မရှိရင်လည်း အဲဒီနေရာလေးမှာ သူတို့သားအဖ လုပ်ကိုင်စားပါရစေလို့ ခွင့်တောင်းတော့ ရပ်ကွက်လူကြီးလည်း ခွင့်ပေးလိုက်တယ်... ဒီသတင်းကြားတော့ ငါတို့ရွာက ကျောင်းတိုင်ဘုန်းဘုန်းကြွလာပြီး မြနှင်းမှုံတို့အဖေကို သေချာစဉ်းစားခိုင်းတယ်..နောက်ပြီး ဒီနေရာက အင်မတန်နေရာကြမ်းတယ်..သတိ ၀ီရိယ ထားပါ .. နောက်ပြီး ဘုရားတရားလည်း မမေ့ပါနဲ့ ဆိုပြီး ဘဘုန်းကိုယ်တိုင်လာပြောသွားတယ်.. ဒါပေမယ့် မြနှင်းမှုံတို့အဖေက သူသတိထားပါ့မယ် ဘုရားတရားလည်း မမေ့ပါဘူး.. လုပ်ပါရစေ ဆိုပြီးလျှောက်တင်လိုက်တော့ ဘဘုန်းလည်း သူ့ရဲ့ သိမ်ဝင်ပုတီးတစ်ကုံး ချီးမြှင့်ပြိး ပြန်ကြွသွားတယ်.. ဒါနဲ့ မြနှင်းမှုံတို့ သားအဖလည်း အဲဒီလယ်ကွယ်နားမှာပဲ တဲတိုးပြီး အလုပ်လုပ်ကြတယ်လေ..”
ကျွန်တော်။ ။ “ ဒါနဲ့ ငါကြားဖြတ်မေးအုန်းမယ်.. သူတို့က ဘာလို့ရွာမှာမနေဘဲ အဲဒီနေရာမှာသွားနေတာလဲ... ”
ကျော်စိုး။ ။ “ ဒါက ဒီလိုကွ.. မြနှင်းမှုံလေး အရွယ်ရောက်လာတော့ အရမ်းချော အရမ်းလှတာနဲ့ ရွာကကာလသားတွေ အပါအ၀င် ရွာနီးချုပ်စပ်ရွာတွေက ကာလသားတွေရော မြနှင်းမှုံဆိုရင် လက်ထပ်ယူချင်ကြတယ်.. ကာလသားဆိုတော့ အစုံပေါ့ကွာ.. အမူးသမားတွေလည်းပါတာပေါ့.. သူ့အဖေက သူ့သမီးမြနှင်းမှုံကို ဘယ်သူနဲ့မှ သဘောမတူဘူး.. မြနှင်းမှုံကိုယ်တိုင်ကလည်း ဘယ်ယောင်္ကျားလေးကိုမှ ပြန်မချစ်ခဲ့ဘူး.. ဒီတော့ ရွာကနေ သူ့အဖေအလုပ်လုပ်တဲ့နေရာကို သမီးတစ်ယောက်တည်း ထမင်းချိုင့်လာပို့ရတာကို သူ့အဖေက စိတ်မချဘူး.. အဲတာကြောင့်သူတို့က အဲဒီလယ်ပေါ်မှာပဲ အိမ်ဆောက်နေတော့တာပဲ... မင်းလာတုန်းက မြင်ခဲ့တဲ့ ရွာအနေအထားက ဟိုတုန်းကနဲ့မတူဘူး.. လူတိုးလာလို့ ဒီဘက်ကို နဲနဲစီတိုးလာရင်းနဲ့ မင်းအခုမြင်နေရသလိုနီးတယ်လို့ ထင်ရတာ.. အရင်က တော်တော်လှမ်းတယ်..နောက်ပြီး ခြုံတွေ သစ်ပင်တွေပေါတော့ မိန်းကလေးတစ်ယောက်တည်း စိတ်မချဘူးပေါ့ကွာ..”
ကျွန်တော်။ ။ “ အော် အေးအေး ငါသဘောပေါက်သွားပြီ.. လတ်စသတ်တော့ မြနှင်းမှုံအဖေက မြနှင်းမှုံကိုတော်တော်ချစ်တာပဲ...”
ကျော်စိုး။ ။ “ ချစ်တာကတော့မပြောနဲ့တော့ကွာ.. မြနှင်းမှုံ ရွာဦးကျောင်းဆရာတော်ဆီကို ဆွမ်းချိုင့်ပို့တာတောင် မအားတဲ့ကြားထဲက ပေါက်တူးချပြီးလိုက်ပို့တာကွ..”
ကျွန်တော်။ ။ “ အမယ်.. ဒီလောက်သိနေပုံထောက်ရင်တော့ မင်းလည်း မြနှင်းမှုံကိုလိုက်တဲ့အထဲမှာ ပါမယ်ထင်တယ်ကွ. မလိမ်နဲ့နော်..”
ကျော်စိုး။ ။ “ မလိမ်ပါဘူးကွာ.. ဟုတ်တယ်.. မြနှင်းမှုံဟာ အင်မတန်လိမ္မာပြီး သိတတ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်လို့ ဘယ်သူမဆို မြနှင်းမှုံကို မြင်ရရင် ပိုင်ဆိုင်ချင်ကြမှာပဲလေ.. အင်း အဲဒီအလှကြောင့်ပဲ.. သူတို့ဒုက္ခရောက်ခဲ့ရတာပေါ့...”
ကျွန်တော်။ ။ “ ဘာ .. ဒုက္ခရောက်တယ် ဟုတ်လား.. စကားကို ရှင်းအောင်ပြောကွာ.. ဘယ်လိုဒုက္ခရောက်တာလဲ.. ”
ကျော်စိုး။ ။ “ မိုးတွေ အရမ်းရွာတဲ့ ညတစ်ညမှာပေါ့ကွာ... မြနှင်းမှုံတို့သားအဖ ကံဆိုးခဲ့တယ်.. တခြားရွာက လူနှစ်ယောက်နဲ့ ရွာခံ အမူးသမားလူနှစ်ယောက်ပေါင်းပြီး မြနှင်းမှုံလေးရဲ့အဖေကို သတ်.. မြနှင်းမှုံလေးကို အဓမ္မကျင့်ဖို့ကြိုးစားခဲ့တယ်.. ဒါပေမယ့် မြနှင်းမှုံလေးက လက်မခံတော့ လူယုတ်မာတွေကအတင်းကြိုးစား၇င်း လက်လွန်ပြီး မြနှင်းမှုံလေး သေဆုံးခဲ့ရတယ်... ”
ကျွန်တော်။ ။ “ ဟာ ကြားရတာ စိတ်မကောင်းစရာကွာ.. နောက်တော့ရော..”
ကျော်စိုး။ ။ “ မြနှင်းမှုံတို့သားအဖ သေဆုံးရတဲ့ဖြစ်စဉ်နဲ့ပတ်သတ်ပြိး ငါတို့တစ်ရွာလုံး စိတ်မကောင်းကြပါဘူးကွာ.. တချို့ကာလသားတွေဆိုရင် တုတ်တွေ ဓါးတွေဆွဲပြီး တရားခံကိုရှာမယ်လို့ဖြစ်ကြသေးတယ်... ဟိုရွာခံနှစ်ယောက်ကတော့ တခြားရွာမှာ သွားအိပ်တယ်လေ.. အရင်ကလည်းအိပ်နေကြဆိုတော့ ထူးပြီးသူတို့ကို သံသယမ၀င်ကြဘူး.. ရဲတွေက အဲဒီအမှုကို လိုက်ပေမယ့်အမှုမှန်မပေါ်ပေါက်ခင်မှာပဲ.. မြနှင်းမှုံတို့သားအဖကိုသေအောင် သတ်ခဲ့တဲ့တခြားရွာက ရွာသားနှစ်ယောက် ကျောမှာ လက်ဝါးရာကိုယ်စီနဲ့သေခဲ့တယ်...ပြောသံကြားတာကတော့ ရိုက်လိုက်တဲ့လက်ဝါးကပြင်းလွန်းလို့ အဆုတ်ကိုထိပြီး သေတယ်လို့ ပြောတာပဲ..”
ကျွန်တော်။ ။ “ မင်းကလည်းကွာ.. တိုက်ဆိုင်တာဖြစ်မှာပေါ့.. သေတာကလည်း လက်ဝါးရာကြောင့် ဖြစ်ချင်မှဖြစ်မှာလေ.. သူ့ကိစ္စနဲ့သူ တခြားကိစ္စအကြောင်းနဲ့သေတာလည်း ဖြစ်နိုင်တာပဲ... ”
ကျော်စိုး။ ။ “ အေး ငါလည်း ဒီကိစ္စတစ်ခုတည်းတင်ဆိုရင် တိုက်ဆိုင်တာလို့ မင်းတွေးသလိုတွေးလို့ရတာပေါ့.. ဒါပေမယ့် နောက်တစ်ခုရှိသေးတယ်.. ငါတို့ရွာက ဟိုလူယုတ်မာနှစ်ယောက်လေ.. တစ်ယောက်က မော်ကြီး တဲ့..နောက်တစ်ယောက်က မောင်ကြီး တဲ့.. သူတို့နှစ်ယောက်ထဲက ပထမဖြစ်တာ မော်ကြီး.. တစ်ညနေ အရက်သွားသောက်ပြီး ပြန်အလာ သူ့နောက်ကို မြနှင်းမှုံတို့သားအဖ လိုက်နေပါတယ် ဆိုပြီး အော်ပြီး ပြေးမိပြေးရာပြေးတာ နောက်ဆုံး သူပြေးတဲ့ဘက်က မြနှင်းမှုံတို့ အိမ်ဟောင်းကိုသွားတဲ့လမ်းဖြစ်နေတယ်... နောက်က ဘာဖြစ်တာလဲဆိုပြီး လိုက်ကြတဲ့လူတွေလည်းရှိတာပေါ့.. ဒါနဲ့ မော်ကြီးတစ်ယောက် မြနှင်းမှုံတို့အိမ်ရှေ့ရောက်တော့ တုံ့ကနဲရပ်ပြီး မျက်လုံးသေကြီးနဲ့ တောင့်တောင့်ကြီး အိမ်ထဲဝင်သွားတယ်တဲ့... နောက်ကလူတွေကလည်း လန့်တော့လန့်တယ်.. အပြင်ကနေပဲ မော်ကြီးနာမည်နဲ့လှမ်းခေါ်တာပေါ့. ဒါပေမယ့် ပြန်မထူးဘူး.. ခဏကြာတော့ အုန်း ဆိုတဲ့အသံကြီးကြားရပြီး မော်ကြီးသွေးရူးသွေးတန်းနဲ့ပြေးထွက်လာတယ်.. နောက်ပြီး သူက ကြောက်လန့်တကြားနဲ့ အပြစ်ဝန်ခံပါတော့မယ်ခင်ဗျာ.. မြနှင်းမှုံတို့သားအဖကို သတ်တဲ့အထဲမှာ ပါတဲ့သူဖြစ်ကြောင်း ရွာသူရွာသားတွေကိုပြောပြပြီး အသက်ထွက်သွားတယ်.. သူနောက်ကျောမှာလည်း လက်ဝါးရာမည်းမည်းကြီးတစ်ခုပါလာတယ်.. ”
ကျွန်တော်။ ။ “ အေး မင်းပြောပုံအရဆိုရင်တော့ ထူးဆန်းနေပြီ.. နောက်တစ်ယောက်ကရော.... ”
ကျော်စိုး။ ။ “ နောက်တစ်ယောက်က မောင်ကြီး.. မောင်ကြီးက မော်ကြီးသတင်းလည်းကြားရော.. အိမ်ထဲက အိမ်ပြင်မထွက်တော့ဘူး.. နောက်ဆုံးအရက်သောက်ချင်ရင်တောင် တစ်ယောက်ယောက်ကို ၀ယ်ခိုင်းပြီးအိမ်မှာပဲသောက်တာ.. တစ်ရက် ညနေစောင်းတစ်ခုမှာ မောင်ကြီးအရက်သောက်ချင်လို့.. ရွာထဲက ကလေးတစ်ယောက်ကို မုန့်ဖိုးပေးပြီးအရက်ဝယ်ခိုင်းလိုက်တယ်.. ဒီတစ်ခါကလေးအရက်သွားဝယ်တာ ကြာလို့ တဗြစ်တောက်တောက်နဲ့ပေါ့.. ညနေ မိုးချုပ်မှ အရက်ဝယ်တဲ့ကလေးပြန်လာတယ်... ဒီအချိန်မှာ မောင်ကြီးတို့အိမ်သားတွေကလည်း ဗီဒီယိုကားကောင်းလို့ ဗီဒီယိုရုံကို သွားကြပြီလေ.. အိမ်မှာမောင်ကြီးတစ်ယောက်တည်းရယ်.. ကလေးအပေါက်က၀င်လာတာနဲ့ မောင်ကြီးက အိမ်ထဲမှာထိုင်တောင်မစောင့်နိုင်တော့ဘဲ အိမ်ရှေ့ အဖီလေးကို ထွက်လာခဲ့တယ်.. အဲဒီအဖြစ်အပျက်တွေကို မော်ကြီးတို့အိမ်ဘေးမှာ ရေနွေးကြမ်းသောက်နေတဲ့ ငါ့အသိတွေပြောပြလို့သိရတာ... မောင်ကြီးက “ ဟေ့ကောင် မင်းအရက်ဝယ်တာ ကြာလှချည့်လား.. ငါတောင် အခုပဲလိုက်လာတော့မလို့... မင်း ငါဝယ်ခိုင်းတဲ့အရက်ကို အရင်မ၀ယ်ဘဲ ဆော့နေတာမဟုတ်လား... ” လို့အော်မေးလိုက်တယ်.. အဲဒီအချိန်မှာ ကလေးက မော်ကြီးအသံနဲ့.. “ မဟုတ်ပါဘူးကွာ.. ငါ မင်းကိုပြောပြချင်လို့ မင်းဆီလိုက်လာတာပါ ” လို့အသံသြသြကြီးနဲ့ ပြောလိုက်တယ်..မောင်ကြီးလည်း အံ့လည်းအံ့သြ ကြောက်လည်းကြောက်ပြီး.. “ဟေ့ကောင် မင်းဘာတွေပြောနေတာလဲ.. ငါမသိဘူး..မင်း ငါ့ခြံထဲက မြန်မြန်ထွက်သွားစမ်း.. ” လို့အော်တော့တယ်.. ငါ့အသိတွေလည်း ဘာတွေဖြစ်ကြတာလဲပေါ့... ကလေးက “ ငါကို မြနှင်းမှုံရဲ့အဖေ ဦးချက်ကြီး သတ်လိုက်တာကွ.. ငါအခု သူတို့ဆီမှာနေနေရတယ်... သူတို့ခိုင်းတာလုပ်ပေးနေရတယ်.. အခု မင်းအလှည့်ရောက်ပြီတဲ့.. သူတို့လည်း ငါနဲ့အတူပါလာတယ်.. ဟိုမှာကြည့်ပါလား..” ဆိုပြီး ခြံထောင့်ကိုလက်ညိုးထိုးပြတယ်.. ခြံဘေးကလူတွေလည်း ကလေးဘာပြတာလဲလို့ ကြည့်တော့ ဘာမှမတွေ့ရဘူး.. ဒါပေမယ့် မောင်ကြီးကတော့.. “ ဟာ ... ” ဆိုပြီး အိမ်ထဲက ငှက်ကြီးတောင်ဓါး ပြေးဆွဲတယ်.. ကလေးကိုခုတ်တော့မလားလို့ ဘေးကလူတွေပြေးလာပေမယ့် ကလေးကို မခုတ်ဘဲ ခြံထောင့်ကိုထွက်လာပြီး အားရပါးရခုတ်နေတယ်... ပါးစပ်ကလည်း .. “ မင်းတို့က ငါ့ကို ဘာမှတ်လို့လဲ.. မင်းတို့ကို ငါကိုယ်တိုင်သတ်ခဲ့တာ.. အခုသရဲဖြစ်တာတောင် အေးအေးမနေကြဘူး.. အေး..ငါကသရဲကော ဘီလူးကော နားမလည်ဘူးကွာ.. သတ်မှာပဲ.... ”ဆိုပြီး အားရပါးရခုတ်နေတော့တယ်.. ဒီတော့မှ ဘေးကလူတွေက မြနှင်းမှုံတို့သားအဖကို သတ်တဲ့အထဲမှာ မောင်ကြီးလည်း ပါတယ်ဆိုတာ သိသွားတော့တယ်... အဲဒီအချိန်မှာ ခြံထောင့်က သရက်ပင်ကြီးပေါ်က အရိပ်နှစ်ခု ဖတ်ခနဲဆင်းလာပြီး အရိပ်အကြီးကြီးက မောင်ကြီးကို ၀င်လုံးတော့တာပဲ.. ဘေးကလူတွေလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး ဖြစ်နေတယ်.. အုံး ဆိုတဲ့အသံကြားရပြီး အရိပ်နှစ်ခုလည်း ပျောက်သွားတယ်.. မောင်ကြီးလည်း မြေပေါ်ဆန့်ငင် ဆန့်ငင်နဲ့နောက်ဆုံးအသက်ထွက်သွားတာပဲ... ဘေးလူတွေလည်း ခုမှ သတိရပြီး မောင်ကြီး မိသားစုတွေ အကြောင်းကြားကြတယ်..မောင်ကြီးအလောင်းနားတော့ ဘယ်သူမှမကပ်ရဲကြဘူးတဲ့.. နောက်ပိုင်းလည်း မြနှင်းမှုံတို့ အိမ်နားကိုရောက်တဲ့လူတိုင်း စကားပြောသံတွေ၊ အလုပ်လုပ်ချိန်ရောက်ရင်လည်း အလုပ်လုပ်နေတဲ့အသံတွေ အရိပ်တွေ ကြားရတယ်တဲ့.. ဘယ်သူမှ အဲဒီလယ်ထဲမလုပ်ရဲသလို အနားကတောင်ဖြတ်မသွားရဲကြတော့ဘူး.. ဒါပေမယ့် ရွာကိုသွားတဲ့လမ်းဘေးမှာပဲ ရှိတော့ မသွားချင်လည်း သွားနေရတာပဲ.. အနားကသွားရရင်လည်း အုပ်စုလိုက်ပဲသွားရဲတော့တယ်... နောက်ဆုံး ရွာထဲကသာမက ရွာအနားက အမူးသမားတွေပါ အဲဒီနားက ဖြတ်မသွားရဲတော့ဘူး.. ဘာဖြစ်လို့လဲဆိုတော့ အမူးသမားတွေ ဖြတ်သွားတိုင်း အပုတ်နံ့ထွက်လာပြီး နောက်ကလိုက်လာတဲ့ခြေသံကြားနေရတယ်တဲ့.. အဲဒီအချိန် ပြေးရင်ပြေး မပြေးလို့ကတော့ ကျောပြင်ကို လက်ဝါးကြီးနဲ့ သမတာခံရတာပဲ... ဒါပေမယ့် သေတဲ့အထိတော့ မလုပ်ဘူး.. မလုပ်ပေမယ့် အဲဒီခံရတဲ့အမူးသမားကတော့ အနဲဆုံးတစ်ပတ်လောက်တော့ ဖျားတာပဲ... အဲလိုတွေဖြစ်ပြီး ဘယ်အမူးသမားမှ ဖြတ်မသွားရဲတော့ဘူး...”
ကျွန်တော်။ ။ “ အင်း ဒါဆို တမလွန်ကနေ ရန်ညိုးမပြေဘဲ လိုက်ပြီး လက်စားချေနေတာပေါ့.. နောက်ပြီးအမူးသမားမြင်တိုင်း စိတ်တိုနေကြတယ် ထင်တယ်.. ဒါနဲ့ သေတဲ့လူတွေအကုန်လုံးက လက်ဝါးရာနဲ့ပဲသေတယ်ဆိုတော့ သူ့အဖေက လက်ဝါးကို တော်တော်သုံးတာပဲနော်.. ဟဟ.. ”
ကျော်စိုး။ ။ “ မင်းက ရယ်နေနိုင်သေးတယ်.. ဟုတ်တော့လည်း ဟုတ်တယ်ကွ.. ငါတို့ငယ်ငယ်က မြနှင်းမှုံရဲ့အဖေကို မြင်ဖူးတယ်.. လက်ဝါးကြီးတွေက အကြီးကြီးတွေပဲ..နောက်ပြီး တောသူတောင်သားလက်ဝါးဆိုတော့ သိတယ်မဟုတ်လား.. ကြမ်းကြမ်းကြီးတွေ.. ကဲ..မင်းသိချင်တာလည်းပြောပြီးပြီ..အော် ဒါနဲ့.. မင်းညနေက တွေ့ခဲ့တဲ့ကောင်မလေးက မြနှင်းမှုံများ ဖြစ်နေမလားမသိဘူး.. ငါတို့လည်း အဲလိုထင်လို့ မြန်မြန်လစ်လာရတာ..”
ကျွန်တော်။ ။ “ငါလည်း မသိပါဘူးကွာ... ဒါပေမယ့် ငါကသူ့ကိုရန်ရှာတဲ့သူမှ မဟုတ်တာ..နောက်ပြီး ငါက အရက်မှမသောက်တာ.. ဘာမှမဖြစ်နိုင်ပါဘူးကွာ.. ”
ကျော်စိုး။` ။ “ အေး မဖြစ်တာကောင်းတာပေါ့ကွာ.. မင်းတစ်ခုခုဖြစ်ရင် ငါ့မှာတာဝန်ရှိတယ်လေကွာ... ”
ကျွန်တော်။ ။ “ အေးးပါကွာ.. ငါလည်းကလေးမှမဟုတ်တာ.. ”
ကျော်စိုး။` ။ “ တခြားလူမဟုတ်တဲ့မင်းမို့ ငါကပိုစိတ်မချတာပေါ့.. မင်းက နေရာတကာလေ့လာချင်နေတဲ့ကောင်..”
ကျွန်တော်။ ။ “ ကဲ အဖိုးကြီး ပြောလို့လည်း ပြီးပြီမဟုတ်လား... ငါ အိပ်တော့မယ်ကွာ.. မနက်မှတွေ့မယ်..”
ကျော်စိုး။ ။ “ အမယ် သူ့ဘက်မြှားဦးလှည့်လာလို့ ငါ့ကိုနှင်တာပေါ့လေ.. အေးလေ.. အိပ်တော့.. မင်းလည်းပင်ပန်းလာပြီ.. ငါလည်း အိပ်တော့မယ်... ”
ကျွန်တော်။ ။ “ အိုကေ သူငယ်ချင်း.. ဂွတ်နိုက်...”
အတွေးထဲမှာတော့ မြနှင်းမှုံလား ဘာလားမသိ တောစပ်မှာတွေ့ခဲ့ရတဲ့ မိန်းကလေးကို မြင်ယောင်လျက်...
“ မင်းဟာ လူလား သရဲလား.. မိန်းကလေးရယ်...”
ညသည် စိမ့်အေးလာသည်.. အိမ်အနီးတ၀ိုက်တွင် မြူခိုးလိုလို အခိုးအငွေ့တွေ့နဲ့ပြည့်နေသည်.. ထိုအခိုက် အရိပ်တစ်ခု.. တောစပ်တွင် တွေ့ခဲ့သောမိန်းကလေး.. ဒီမိန်းကလေး ငါ့နောက်လိုက်လာတာလား... ကျွန်တော့်ကိုသေချာကြည့်နေသည်.. သူ ဘာမှမပြော.. လှပသောမျက်လုံးတွေမှာ ၀မ်းနည်းခြင်း အရိပ်အယောင်တွေထင်ဟပ်နေသည်.. ကျွန်တော် သူ့ဆီသွားရန် လှမ်းလိုက်သည်...ထိုအခိုက်.. နှုတ်ခမ်းမွေးနှင့် လူကြီးတစ်ယောက် ဒေါသဖြင့်ကြည့်နေသည်.. လက်ဝါးကြီးကိုပွတ်လျက်.. နောက်နားမှ လူနှစ်ယောက်ကတော့ ကုပ်ချောင်းချောင်းနှင့် ကျွန်တော့်ကို ကြည့်နေသည်... ကျွန်တော် မိန်းကလေးဆီသွားရန် ဟန်ပြင်လိုက်သည်... သို့သော် မိန်းကလေးက လက်ကာပြသည်.. နောက် ခဏစောင့်ဆိုသည့်ပုံစံ... ကျွန်တော် ဟိုလူကြီးတွေကိုကြည့်မိတော့ မျက်လုံးဟောက်ပက်ကြီးတွေ ဖြစ်နေသည်... “ အားးးးးးးးးးးးးးးးးးးးးး”
ကျော်စိုး။ ။ “ ဟေ့ကောင် ဘာဖြစ်တာလဲ.. အလန့်တကြားနဲ့... ”
ကျွန်တော်။ ။“ ဘာမှမဖြစ်ပါဘူးကွာ.. အိမ်မက်မက်လို့ပါ..”
ကျော်စိုး။ ။ “ ဘာအိမ်မက်များလဲ.. ကြည့်ရတာ ငါပြောပြတဲ့အကြောင်းတွေ မင်းခေါင်းထဲရောက်သွားပြီထင်တယ်... ကဲကဲ မတွေးနဲ့အိပ်တော့... ”
ကျော်စိုးပြန်အိပ်သွားသည်.. ကျွန်တော် အမှတ်တမဲ့ ခြံဝကိုလှမ်းကြည့်မိသည်.. ဟိုကောင်မလေး...သေချာပြန်ကြည့်မိသည်.. ဘာမှမရှိ.. ခြံထဲတွင် မြူခိုးလိုတွေ ဝေ့နေသည်.. ကျွန်တော့်ခြေထောက်မှာ .. ဟာ.. မြေကြီးတွေပါလား... ဒါဆို ငါ ခုနက.. အိမ်မက်လား..တကယ်လား... ထားလိုက်တော့ကွာ... ငါညက ခြေထောက်မဆေးမိဘူးထင်တယ်...”
ကျွန်တော်ပြန်အိပ်လိုက်သည်... သို့သော်အိပ်မပျော်တော့... ထိုအခိုက် ခွေးများ စုပေါင်းပြီး အူလိုက်သောအူသံရှည်ကြီးကို ထိတ်လန့်စဖွယ် ကြားလိုက်ရပါတော့သည်..

လင်းကြက်တွန်လိုက်သည်နှင့် နေမင်းကြီးကလည်း သူ၏ ရှေ့ပြေးရောင်ခြည်များနှင့် ကမ္ဘာမြေကြီးကို နှုတ်ဆက်လိုက်လေသည်။ မနက်မိုးလင်းသည်နှင့် ရွာဓလေ့ထုံးစံအတိုင်း လင်းကြက်တွန်သည်နှင့် စောစောနိုးနေပြီး ကျော်စိုးလည်းနိုးနေချေပြီ။ ကျွန်တော်ကတော့ မနေ့ကခရိးပန်းလာသည့်ဒဏ်ကြောင့်လား.. ညက အိမ်မက်ဆိုးကြောင့်လား မသိ .. တော်တော်နဲ့မထဖြစ်သေး။ သို့သော် မြို့ပြမှာ မကြားခဲ့ရသည့် ကြက်တွန်သံ၊ ၀ါးကြမ်းခင်းအိမ်ဖြစ်သဖြင့် ကျော်စိုးထသွားသောအခါ တချိုးချိုး တချွတ်ချွတ်သံတို့ကြောင့် ဘယ်လိုမှအိပ်မရတော့။
ကျော်စိုး။ ။ " ငမင်းရေ.. ငမင်း .. ထတော့ကွာ.. မင်း နိုးနေပြီ ဆိုတာ ငါသိတယ်.. မင်းအတွက် ငါထမင်းကြော် ကြော်ထားပေးတယ်.. အိပ်မရမယ့် အတူတူ ထစားလိုက်အုန်း.. နေ့လည်မှပြန်အိပ်ပေါ့ကွာ.."
ကျွန်တော်။ ။ " အေးပါကွာ.. ထပါပြီဟ.. မင်းနိုးကတည်းက ငါနိုးနေသားပဲ.. တမင်တကာ မထဘဲ နှပ်နေတာ.. ကဲကဲ.. မျက်နှာသစ်ပြီးရင် တူတူဝါးတီးဆွဲမယ်ကွာ.. အော်..ဒါနဲ့ မင်းတို့ရွာမှာ လက်ဘက်ရည်ဆိုင်လေးဘာလေးများမရှိဘူးလား..."
ကျော်စိုး။ ။ " ဘာလက်ဘက်ရည်ဆိုင်မှ မရှိဘူး.. မင်းသိပ်သောက်ချင်ရင် ကော်ဖီမစ်ထုတ်တွေတော့ရှိတယ်.. ကိုယ့်ဘာသာဖျော်သောက်ပေတော့.. ဒါရွာနော်.. မြို့မဟုတ်ဘူး.. ဂျီးများမယ် မကြံနဲ့.. "
ကျွန်တော်။ ။ " ဟာ .. ဘလိုင်းကြီး လွှတ်နေပါလား.. အေးပါကွာ.. မင်းဆီမှာနေတယ်ဆိုတော့လည်း အခွင့်ရတုန်းပြောထားပေါ့....ဆရာရယ်.. ကျွန်တော်မှားသွားပါတယ်နော်.. "
ကျော်စိုး။ ။ " အဲသလို ရိုရိုသေသေဆက်ဆံ.. ဟားဟား.. လေများနေတယ်ကွာ.. သွား... မျက်နှာသစ်တော့.. "
ကျွန်တော်။ ။ " OK..."
ပြောပြောဆိုဆို သွားတိုက်ဆေး၊ သွားပွတ်တံနှင့် ရေခွက်ယူပြီး ရေတွင်းသို့ထွက်လာခဲ့သည်။ တစ်ခါတည်း ရေချိုးမည်ကြံသော်လည်း လက်နှင့်ရေ ထိတွေ့အပြီး ထိုအတွေးစပါ ပျောက်ပျက်သွားသည်။ " အားးးး အေးလိုက်တာ..ချိုးသေးပါဘူး..နောက်မှချိုးလည်း ရသားပဲ.. " ကိုယ့်ဘာသာဖြေသိမ့်၍ မျက်နှာသစ်ပြီး အိမ်ပေါ်သို့ပြန်တက်လာခဲ့သည်။
မကြာမီ နံနက်ခင်းေ၇ာင်ခြည်အောက်တွင် ကြည်ညိုဖွယ်ရာ သင်္ကန်းတော်များ လွှမ်းခြုံထားသော သံဃာတော်များ ဆွမ်းခံကြွလာလေသည်။ ကိုယ်ဆင်းရဲသော်လည်း စေတနာသဒ္ဒါတရား မဆင်းရဲသော ရွာသူရွာသားများက အိမ်ပေါက်စေ့ နီးပါး ဆွမ်းဟင်းများကပ်လှူကြသော ပုံရိပ်သည် အင်မတန် ကြည်နူးစရာကောင်းသဖြင့် လက်စွဲတော်ကင်မ၇ာလေးနှင့် တဖြတ်ဖြတ် ရိုက်နေမိတော့သည်။ ကျော်စိုး ဆွမ်းလောင်းပြီးသည်နှင့်
ကျွန်တော်။ ။ " ဒီရွာလေးရဲ့ သာယာပုံကို ငါဓါတ်ပုံရိုက်ချင်တယ်ကွာ...ခုလို နံနက်စောစောနေရောင်အောက်မှာ ဓါတ်ပုံရိုက်ရရင်တော့ တော်တော်ကောင်းမှာပဲ.. ငါလျှောက်ရိုက်ချင်တယ်.. မင်းလိုက်မလား..."
ကျော်စိုး။ ။ " လိုက်မှာပေါ့ကွ.. ငါက ဒီရွာခံပဲ.. ခဏစောင့်.."
အနွေးထည်တစ်ထည်ကောက်စွပ်ပြီး ကျွန်တော်နှင့်လိုက်ရန် ဟန်ပြင်နေစဉ် ရွာသားတစ်ယောက်ရောက်လာလေသည်။
ရွာသား။ ။ " ကိုကျော်စိုး.. ရွာလူကြီးခေါ်ခိုင်းလိုက်လို့ .. ခုလာခဲ့ပါ တဲ့.."
ကျော်စိုး။ ။ " အဲဒါမှ ပြသနာပဲ.. ဒီမှာ ငါ့ဧည့်သည်ကလည်း တို့ရွာလေးရဲ့သာယာပုံကို ဓါတ်ပုံရိုက်ချင်လို့ ငါခုပဲအဖော်လုပ်ပြီးလိုက်ပြမလို့ကွ... ရွာလူကြီးက ဘာကိစ္စတဲ့လဲ.."
ရွာသား။ ။ " အဲဒါတော့ မသိဘူး.. ကိုကျော်စိုး.. ကျွန်တော့်ကိုလည်း ရွာလူကြီးမှာခိုင်းလို့ လာပြောရတာ.. ဒီလိုလုပ်ပါလား.. ကျွန်တော်လည်း အားနေတာပဲ.. ဒီက ဧည့်သည်ကို ကျွန်တော်လိုက်ပြလိုက်မယ်.. ကိုကျော်စိုးက ရွာလူကြီးဆီ သွားလိုက်ပေါ့. မကောင်းဘူးလား.."
ကျော်စိုး။ ။ " အဲဒါလည်း မဆိုးပါဘူး..ကဲ.. ငမင်းရေ.. မင်း သူနဲ့သာလိုက်သွားပေတော့.. သူကလည်း ငါတို့ရွာသားပဲ.. ကိုအောင်သူ တဲ့.. ကိုအောင်သူ .. ဒါက ကျွန်တော်သူငယ်ချင်း မင်းမနိုင်တဲ့.. "
ကျွန်တော်။ ။ " ဟုတ်ကဲ့... ကျွန်တော် မင်းမနိုင်ပါ.. တွေ့ရတာ ၀မ်းသာပါတယ်.. ကျွန်တော်လည်း ဒီရွာလေးက အရမ်းသာယာလို့ ဓါတ်ပုံလိုက်ရိုက်ချင်နေတာပါ.. ဒီက ကိုအောင်သူက လိုက်ပြမယ်ဆိုတော့ ပိုကောင်းတာပေါ့ဗျာ.. ကဲ..ကျော်စိုးရေ.. မင်းလုပ်စရာရှိတာ အေးဆေးလုပ်.. ငါ့အတွက် စိတ်မပူနဲ့.. ငါ ကိုအောင်သူ နဲ့လိုက်သွားလိုက်မယ်.. "
ကျော်စိုး။ ။ " အေးအေး..ဒါဆိုလည်း ငါစိတ်ချပြီ.. ကဲ.. ငါသွားပြီ.. "
ကျွန်တော်။ ။ " အေး.. ကဲ. ကိုအောင်သူရေ.. ရွာထဲတော့ နောက်မှရိုက်တော့မယ်.. ရွာအနီးအနားက ဓါတ်ပုံရိုက်လို့ကောင်းမယ် နေရာလေးတွေကို လိုက်ပို့ပါတော့ဗျာ... ကဲ.. သွားရအောင်.."
လယ်ကွင်းစိမ်းစိမ်းလေးတွေ.. ရွာဦးက စေတီတော်နှင့် ရွာနဘေးက ချောင်းကလေး.. တံတားကလေးတွေ.. ဓါတ်ပုံတွေ အများကြီးရိုက်ခဲ့ရသည်။ ဓါတ်ပုံရိုက်ရင်းနှင့် အသုံးမပြုတော့သော လယ်ကွက်လေးများနှင့် တဲအိမ်လေးတစ်အိမ်ကို သွားမြင်လိုက်ရသည်။
ကျွန်တော်။ ။ " ကိုအောင်သူရေ.. ဟိုရှေ့နားက တဲလေးနဲ့လယ်ကွက်တွေက ဘယ်သူမှမသုံးဘူးလားဗျ.. နှမြောစရာဗျာ.. အဲဒါဘယ်သူပိုင်တာလဲ.. ပိုင်ရှင်မရှိဘူးလား.."
ကိုအောင်သူမှ မျက်နှာတစ်ချက်ပျက်သွားပြီး
ကိုအောင်သူ။ ။ “ အရင်တုန်းကတော့ ပိုင်ရှင်တွေရှိပါတယ်.. ဒါပေမယ့် ခုတော့မရှိတော့ဘူးလေ.. လာပါဗျာ.. တခြားနေရာသွားရိုက်ရအောင် .. နေရာကောင်းကောင်းလေးတွေ ရှိပါသေးတယ်.. ဒီမှာ ဘာမှမရှိတော့ဘူး.. “
ပြောပြောဆိုဆို အတင်းလက်ဆွဲခေါ်နေသဖြင့် မလိုက်ချင်လိုက်ချင်နှင့် ပြန်လိုက်မည်အပြု ထိုလူမနေတော့သော တဲအိမ်လေးနံဘေးမှ အရိပ်ကလေးတစ်ခုကို လှမ်းမြင်လိုက်ရလေသည်။
“ ဟင်..မြနှင်းမှုံ..”
ကိုအောင်သူတစ်ယောက် သွားနေဆဲခြေလှမ်းများ တုံ့ကနဲ ရပ်သွားပြီး..
“ ဘယ်မှာလဲ.. ဘယ်မှာလဲ.. လာပါဗျာ.. မြန်မြန်လေးလာစမ်းပါ.. ဒီနေရာက သိပ်နေလို့ကောင်းတဲ့နေရာမဟုတ်ဘူး.. တခြားရွာသားတွေတောင် ဒီနေရာကိုအဖော်မပါဘဲ ဘယ်သူမှလာရဲကြတာမဟုတ်ဘူး.. ပြန်ကြရအောင်ဗျာ.. ကိုကျော်စိုး စိတ်ပူနေလိမ့်မယ်.. “
ကိုအောင်သူ အတင်းခေါ်နေသဖြင့်သာ ပြန်လိုက်ခဲ့ရသည်။ သိပ်တော့မပြန်ချင်သေး… ဒီကောင်မလေးက မြနှင်းမှုံ အစစ်ဟုတ်မဟုတ် သိချင်နေသည်။ စိတ်ပျက်အားငယ်နေသော ကောင်မလေး၏မျက်လုံးများမှ တစ်စုံတစ်ရာကို မျှော်လင့်နေသော တောင့်တနေသောအရိပ်အယောင်များကို မြင်နေရသည်။ အပြန်လမ်းတွင်လည်း ထိုအကြောင်းသာ ခေါင်းထဲစွဲနေလေတော့သည်။
အိမ်ပြန်ရောက်သည်နှင့် ကိုအောင်သူတစ်ယောက် ကျော်စိုးကို ဘယ်အချိန် သတင်းပို့လိုက်သည်မသိ…
ကျော်စိုး။ ။ “ ငမင်း..မင်းမနက်က ဓါတ်ပုံသွားရိုက်တုန်းက မြနှင်းမှုံတို့လယ်ကွက်နားရောက်ခဲ့တယ်ဆို.. “
ကျွန်တော်။ ။ “ မြနှင်းမှုံတို့လယ်ကွက်မှန်း ငါက ဘယ်လိုလုပ်သိမှာလဲကွ.. ဒီလိုပဲ.. ဓါတ်ပုံလျှောက်ရိုက်ရင်း အမှတ်မထင်ရောက်သွားတာပါကွာ.. “
ကျော်စိုး။ ။ “ နောက်ပြီး မင်း မြနှင်းမှုံကိုလှမ်းမြင်လိုက်သေးတယ်ဆို..”
ကျွန်တော်။ ။ “ ဟားဟား.. ကိုအောင်သူတစ်ယောက်ကတော့ ဘယ်အချိန် သတင်းပို့လိုက်လဲမသိဘူး.. ဒီမှာကျော်စိုး.. ငါ မြနှင်းမှုံတို့လယ်နားရောက်သွားတယ်ဆိုတာ မှန်တယ်.. ဒါပေမယ့် ငါတွေ့လိုက်တဲ့ ကောင်မလေးက မြနှင်းမှုံအစစ် ဟုတ်မဟုတ်.. ငါလည်း သေချာမသိသလို မင်းလည်းသေချာသိမှာမဟုတ်ဘူး.. အဲဒါကြောင့် မင်းစိတ်ပူနေတာတွေကို နဲနဲလောက်လျော့လိုက်ပါကွာ.. နော်.. ငါကလည်း ကလေးမဟုတ်တော့ပါဘူး..”
ကျော်စိုး။ ။ " အဲလိုကလေးမဟုတ်လို့လည်း ကိုယ့်သူငယ်ချင်းအတွက် စိတ်ပူရတာပေါ့ကွ.. နောက်ပြီး အဲဒီလယ်နားကို သာမာန်မိန်းကလေးမပြောနဲ့.. ငါတို့လို ယောင်္ကျားကြီးတွေတောင် အဖော်မပါဘဲသွားရဲတာမဟုတ်ဘူး.. မင်းမြင်ခဲ့တာ မိန်းကလေးဆိုတော့ မြနှင်းမှုံဖြစ်မှာ သေချာတယ်..”
ကျွန်တော်။ ။ “ အဲလောက်ကြီးတစ်ထစ်ချကြီးလည်း မတွေးပါနဲ့ကွာ.. တခြားရွာက ဖြတ်သွားဖြတ်လာမိန်းကလေးတစ်ယောက်ယောက်လည်း ဖြစ်ချင်ဖြစ်နေမှာပါ.. နောက်ပြီး သူငါ့ကို ဒုက္ခပေးချင်ရင် ပထမတစ်ခေါက် ငါလာကတည်းက လမ်းမှာဒုက္ခပေးမှာပေါ့.. သူ့မျက်လုံးက အရမ်းအားငယ်ပြီး တစ်ခုခုကိုမျှော်လင့်နေတဲ့ မျက်လုံးမျိုးကွ.. ဒုက္ခပေးမယ့် မျက်လုံးမဟုတ်ပါဘူး.. “
ကျော်စိုး။ ။ “ ငါက သူဒုက္ခပေးမှာကို စိုးရိမ်တာမဟုတ်ဘူးဟေ့.. သူ့အဖေကြီးက မင်းကိုဒုက္ခပေးမှာစိုးလို့ပြောနေရတာ… “
ကျွန်တော်။ ။ “ အေးပါကွာ.. မင်းစေတနာ ငါနားလည်ပါတယ်.. ငါ့အတွက်စိတ်မပူနဲ့တော့နော်.. ကဲကဲ.. ငါလည်း နားတော့မယ်.. မင်းလည်းနားတော့နော်..”
ကျော်စိုး။ ။ “ အေးပါ..အေးပါ.. မင်း ငါစိတ်ပူအောင်မလုပ်တော့ဘူးဆိုရင်လည်း ပြီးတာပါပဲကွာ…ငါသွားမယ်..”
ကျွန်တော်။ ။ “ အေးပါကွာ.. ငါလည်း မင်းကို စိတ်ပူအောင်မလုပ်ပါဘူး..”
အင်း.. မြနှင်းမှုံ .. မြနှင်းမှုံ ဘာဖြစ်လို့များ မင်းနဲ့တိုက်တိုက်ဆိုင်ဆိုင်လာဆုံရတာလဲ.. မင်းမျက်လုံးတွေထဲက အားငယ်မှုတွေ မျှော်လင့်ချက်တွေကို ငါမြင်နေရတယ်.. ငါ မင်းအတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာ ငါကိုယ်တိုင်သေချာမသိပေမယ့် ကူညီခွင့်ရခဲ့ရင် ကူညီချင်ပါတယ်ကွာ…
ဒီနေ့တော့ ကျော်စိုးကို ရွာထဲခဏသွားဦးမယ် လို့ပြောပြီး ဘယ်သူကိုမှအဖော်မခေါ်ဘဲ မြနှင်းမှုံတို့ တဲဆီသို့လက်စွဲတော် ကင်မရာလေးနှင့် တစ်ယောက်တည်းထွက်လာခဲ့လေသည်။ တဲလေးထဲသို့ ကြည့်လိုက်သောအခါ အရာအားလုံးက ရှုတ်ပွလျက် အိုးခွက်ပန်းကန်များကလည်း ဖုံအလိမ်းလိမ်းနဲ့ဖြစ်နေပေပြီ.. တဲလေး၏ အတွင်းဘက်တွင် အခန်းတစ်ခန်းရှိနေသေးသည်။ ရောက်ပြီးသည်နှင့်မထူးတော့ဟု သဘောထားလိုက်ပြီး အတွင်းခန်းထဲဝင်ကြည့်လိုက်သည်။ ထိုအခန်းမှာ မြနှင်းမှုံ အသက်ရှင်စဉ်က နေခဲ့သောအခန်းဖြစ်ဟန်တူသည်။ အဘယ့်ကြောင့်ဆိုသော် အခန်းထဲတွင် မိန်းကလေးတစ်ယောက်၏ အသုံးအဆောင်များဖြစ်သော မှန်၊ ဘီး၊ ကျောက်ပြင် အစရှိသဖြင့် အလှပြင်ပစ္စည်းများ ရှိနေသောကြောင့်ဖြစ်သည်။ မှန်လေးကို ကြည့်မိသည့်အခိုက်တွင်.. မှန်ထဲတွင် ကျွန်တော့်ကို ကြည့်နေသောကောင်မလေးတစ်ယောက်ကို အမှတ်မထင်တွေ့လိုက်ရလေသည်။
“ ဟာ..”
ကျွန်တော် ဖြတ်ခနဲပြန်အလှည့် ထိုကောင်မလေးမှာ လုံးဝပျောက်ကွယ်သွားပေသည်။ ထင်ယောင်ထင်မှားဖြစ်နေခြင်းပဲလား.. ဒါပေမယ့် မြင်လိုက်ရတာတော့သေချာသည်။ မထူးတော့.. ဒီရောက်ပြီးမှ ဒီတဲကိုရောက်ခဲ့ကြောင်း ကျော်စိုးကိုပြနိုင်ရန် သက်သေအထောက်အထားတစ်ခုခုယူသွားရမည်။ ဒါမှ အယူသည်းနေသော သူငယ်ချင်းကိုဖြောင်းဖြနိုင်မည် ဟုတွေးပြီး တဲ၏နေရာအနှံ့သို့ ဓါတ်ပုံလျှောက်ရိုက်နေမိသည်။ ထိုစဉ် အတွင်းခန်း နံရံတစ်ဘက်တွင် ချိတ်ထားသော စံပယ်ပန်းတစ်ကုံးကို သတိပြုမိသွားသည်။
“ ဟင်.. စံပယ်ပန်းက လတ်လတ်ဆတ်ဆတ်ပါလား.. တစ်ယောက်ယောက်များလာချိတ်ထားတာလား.. ဒါမှမဟုတ်.. မြနှင်းမှုံကိုယ်တိုင်ပဲလား.. “
တွေးရင်း ထိုစံပယ်ပန်းကိုပါ ဓါတ်ပုံရိုက်လိုက်သည်။ ကျေနပ်လောက်အောင် ဓါတ်ပုံများ ရိုက်ပြီးသည်နှင့် ပြန်ရန် ပြင်လိုက်စဉ် အလွန်ပုတ်စော်နံနေသော အနံ့ဆိုးကြီးတစ်ခုကို ရလိုက်လေတော့သည်။ ဟင်းး နံလိုက်တာ.. ဒီနားမှာ ဘယ်အကောင်များ ပုတ်နေလဲမသိဘူး.. စောစောက အနံ့မရပါဘူး.. ထိုသို့တွေးနေစဉ် ဘေးဘက်တဲအိမ်နံရံကို တစ်ယောက်ယောက်က လာပုတ်သည့်ဟန် တဘုတ်ဘုတ် အသံကြားနေရသည်။
ဘုတ် ဘုတ်.. ဘုတ် ဘုတ်..
တဆက်တည်းမှာပင် တဲအိမ်ကြီးမှာ လေမတိုက်ဘဲ တကျွီကျွီနှင့် ရမ်းခါလာလေတော့သည်။
ဟာ.. တသက်နှင့်တကိုယ် မကြုံဖူးသော အဖြစ်မျိုးနှင့် ကြုံလိုက်ရသောအခါ တစ်ကိုယ်လုံချွေးစေးများထွက်လာလေတော့သည်။ ထို့နောက် ထိုတဲနှင့်ဝေးရာသို့ပြေးထွက်လာခဲ့မိသည်။ ထိုအချိန်ထိ အနောက်မှ ခြေသံများက လိုက်လာလေဟန် ကြားရပြန်လေသည်။ မထူးတော့.. နောက်က ခြေသံကလည်း တော်တော်နီးလာလေပြီ.. ရုတ်တရတ် ထိုင်ချလိုက်ပြီး ငယ်ငယ်ကတည်းက အမြဲရွတ်လေ့ရွတ်ထရှိသော သံဗုဒ္ဒေ ဂါထာတော်ကို ရွက်နေလိုက်သည်။ မကြာမီ ဘေးပတ်ဝန်းကျင်တွင် လူနှစ်ယောက်ထက်မနည်း ခြေသံများ၊ တက်ခေါက်သံများကို ကြားနေရသည်။ ခဏကြာသောအခါ မိန်းကလေးတစ်ယောက်၏ ငိုရှိုက်သံနှင့်အတူ ခြေသံများပါ ပျောက်သွားလေတော့သည်။ ခဏကြာသော် ရွာသားတစ်ယောက်ရောက်လာပြီး
ရွာသား။ ။ “ အစ်ကိုက ကိုကျော်စိုးရဲ့သူငယ်ချင်းမဟုတ်လား.. ဒီမှာ ဘာထိုင်လုပ်နေတာလဲ..”
ကျွန်တော်။ ။ “ ဘာမှမဟုတ်ပါဘူးကွာ.. ညောင်းလို့ထိုင်နေတာပါ..နောက်ပြီး ဒီနားမှာနေရင်း ဘယ်နေရာတွေ ဓါတ်ပုံရိုက်စရာကျန်သေးလဲ စဉ်းစားကြည့်နေတာပါ..”
ရွာသား။ ။ “ အစ်ကိုကတော့လုပ်တော့မယ်.. လမ်းမကြီးပေါ်ထိုင်ပြီး စဉ်းစားနေရတယ်လို့..နောက်ပြီး ဒီလမ်းက လူကလည်း ပြတ်မှပြတ်.. ကျွန်တော်တောင် ဟိုဘက်ရွာက ကျွန်တော့်အမေခေါ်လို့ အမြန် ဒီလမ်းကို မမှောင်ခင် ကူးမယ်ဆိုပြီး မနည်းအားတင်းပြီးထွက်လာရတာ.. အစ်ကိုမကြောက်ဘူးလား..”
ကျွန်တော်။ ။ “ ဒီလိုပါပဲကွာ.. ကဲ.. မင်းလည်း သွားလိုက်အုန်း.. ငါလည်း ပြန်လိုက်အုန်းမယ်.. သွားပြီကွာ.. ကျေးဇူးပဲ..”
ရွာသား။ ။ “ ဗျာ.. အစ်ကိုက ကျွန်တော့်ကို ဘာကျေးဇူးတင်တာလဲ..”
ကျွန်တော်။ ။ “အော်.. ဘာမှမဟုတ်ပါဘူးကွာ..သွားပြီဟေ့..”
ထိုရွာသားတော့ ဘယ်လိုတွေးမည်မသိ။ ကျွန်တော်ကတော့ ပြောလိုက်သည့် ကျေးဇူးဆိုသောစကားအဓိပ္ပါယ်ကို ကျွန်တော်ပဲသိပါသည်။
နောက်နေ့…
ကျွန်တော်။ ။ “ ကျော်စိုးရေ.. ငါ ရိုက်ပြီးတဲ့ ပုံတွေ အနီးဆုံးမြို့ပေါ်တက်ပြီး သွားကူးလိုက်အုန်းမယ်..”
ကျော်စိုး။ ။ “ အေးအေး.. ကိုဖိုးထောင်လည်း ဒီနေ့ မြို့ပေါ်ဈေးသွားဝယ်စရာရှိတယ် တဲ့.. မင်းလိုက်မယ့်အကြောင်း မြန်မြန်လေးသွားပြောထားမှ.. တော်ကြာ ငါတို့ရဲ့ ဆက်သွယ်ရေးယာဉ်ကြီး ထွက်သွားအုန်းမယ်.. “
ကျွန်တော်။ ။ “အေးအေး..”
(မှတ်ချက်။ ။ ထိုအချိန်တွင် ယခုကဲ့သို့ ဒီဂျစ်တယ် ကင်မရာများ သိပ်ခေတ်မစားသေးဘဲ ဖလင်ဖြင့် ရိုက်ရသော ကင်မရာများခေတ်ဖြစ်ပါသည်။)
မြို့ပေါ်မှ ပြန်ရောက်လာသောအခါ.. အေးအေးဆေးဆေးမှ ကြည့်မည်ဟု အားခဲထားသော ဓါတ်ပုံများကို ယူကြည့်နေလိုက်သည်။ ထိုစဉ်ကျော်စိုးရောက်လာပြီး ကျွန်တော်နဲ့အတူတူ ဓါတ်ပုံများကို ကြည့်နေလေသည်။
ကျော်စိုး။ ။ “မင်းရိုက်တဲ့ ရှုခင်းပုံတွေ မဆိုးဘူးကွ.. မင်းတော်တော်တိုးတက်လာပြီ..”
ကျွန်တော်။ ။ “ အေးပါကွာ.. အချင်းချင်းတွေ ကပ်မြှောက်နေစရာမလိုပါဘူး.. “
ကျော်စိုး။ ။ “ ဘာလဲ.. မင်းက အဲ့လိုပြောရင် မကြိုက်ဘူးလား..”
ကျွန်တော်။ ။ “ မဟုတ်ပါဘူး.. များများပြောလို့ ပြောမလို့ပါ.. ဟားဟား..”
သူငယ်ချင်းနှစ်ယောက် ရယ်သံက တဲအိမ်လေး၏ အပြင်ဘက်သို့ လျှံကျသွားသည်။ ထို့နောက်.. မြနှင်းမှုံတို့ တဲတွင် ရိုက်ခဲ့သော ပုံများကို ကျော်စိုး မမြင်အောင်ဖွက်ထားလိုက်ရသည်။ ဒီကောင် ခုချိန်မြင်လို့မဖြစ်သေး.. တော်ကြာ ဟိုတား ဒီတားနှင့် တားမရသည့်အဆုံး မေမေ့က ဖုန်းဆက်ပြောနေမှ အခက်..
ခဏအကြာတွင် ကျော်စိုးကို ရပ်ရွာအရေးတိုင်ပင်စရာလေးရှိသည် ဟုရွာသားတစ်ယောက်က လာခေါ်သဖြင့် ကျော်စိုးလိုက်သွားရလေသည်။ ထိုအခါမှ တဲတွင်ရိုက်ခဲ့သော ဓါတ်ပုံများကို ဖွင့်ကြည့်သောအခါ ကျွန်တော် အံ့သြသွားရသည်.. တစ်ပုံအားလုံးတွင် ဘာမှမတွေ့ဘဲ စံပယ်ပန်းလေးကိုရိုက်ထားသောဓါတ်ပုံတွင်မှ စံပယ်ပန်းလေးအနီးတွင် လက်ဖြူဖြူလေးတစ်ခုကိုတွေ့လိုက်ရလေသည်... အင်မတန်ပျော့ပျောင်းပြီး နူးညံ့လှသောလက်ကလေးပင်.. ဒါဘယ်သူ့လက်လဲ... မြနှင်းမှုံရဲ့လက်များ ဖြစ်နေမလား... ဒါဆို ကျွန်တော်တဲထဲမှာ ရှိနေတဲ့တစ်ချိန်လုံး မြနှင်းမှုံ ကျွန်တော့်အနားမှာ ရှိနေခဲ့တာပေါ့.. ဒါဆို သူ့အဖေကြီးက ဘယ်ပျောက်နေလဲ... ကျွန်တော်ဝင်လာတုန်းက ဘာအန္တရယ်မှ မပေးဘဲ ထွက်ခါနီးမှ ဘာလို့နောက်က အတင်းလိုက်လာရတာလဲ... မသေချာသောအတွေးစများကိုမောင်းထုတ်လိုက် ဖြစ်နိုင်ခြေများကို စဉ်းစားလိုက်နှင့် ခေါင်းတွေပူလာသည်..
ညအချိန်သို့ရောက်သောအခါ တစ်ရွာလုံးအိပ်မောကျနေချိန်တွင် ကျွန်တော်တစ်ယောက်တည်း ဟိုတွေးဒီတွေးနဲ့ အိပ်မရဖြစ်နေလေသည်... ထိုအချိန်တွင် ရွာထိပ်မှ ခွေးတစ်အူထအူလိုက်ပြီး ဆက်တိုက်ဆိုသလို တစ်ရွာလုံးမှ ခွေးတွေအူကြရာတွင် တစ်ရွာလုံးက ခွေးလေးများ ခွေးကြီးများပါမကျန် ကျော်စိုးတို့ အိမ်ရှေ့လာပြီး အူနေကြလေသည်..ကျွန်တော်လည်း ဘာကြောင့်ဒီလောက်တောင် ခွေးတွေအူနေကြသလဲဟု အိမ်ရှေ့ကို အမှတ်မထင်ကြည့်လိုက်မိရာတွင်..
မှုန်ပြပြအလင်းရောင်အောက်တွင် မပီဝိုးတ၀ါး မြနှင်းမှုံ၏ အရိပ်ကလေးကို တွေ့လိုက်ရလေသည်...

ကျွန်တော် ရုတ်တရက်ထကြည့်ပြီး အိမ်ပြင်ထွက်ဟန်ပြုလိုက်သောအခါ ကျော်စိုးကလည်း ခွေးအူသံများကြောင့်လန့်နှိုးလာပြီး
ကျော်စိုး။ ။ " ငမင်း... ဘယ်သွားမလို့လဲ..."
ကျွန်တော်။ ။ " ဘယ်မှမဟုတ်ပါဘူးကွာ.. ခွေးတွေ ဒီလောက်အူနေတာ ဘာအကြောင်းရှိလဲ သွားကြည့်မလို့ပါ... "
ကျော်စိုး။ ။ " မင်းမသွားနဲ့ ငမင်း.. မင်းတစ်ခုခုဖြစ်ရင် ငါ့အပြစ်ဖြစ်မယ်.. ငါသွားလိုက်မယ်.. နောက်ပြီး ငါ့တို့အိမ်ရှေ့မှာပဲ ခွေးတွေ ဒီလောက်အူနေတာ သိပ်မသင်္ကာဘူး.. မင်းအိမ်ထဲမှာပဲ နေခဲ့.." ဟု ဆိုကာ ဓါတ်မီးတစ်လက်နှင့် ထရံတွင်ထောင်ထားသော ငှက်ကြီးတောင်တစ်လက်ဆွဲပြီး ထွက်သွားလေသည်။ မသွားပါနှင့်ပြောမှ ပိုသွားချင်သော လူရဲ့ဗီဇ နှင့် စူးစမ်းတတ်သောအကျင့်ကြောင့် ကျွန်တော် ကျော်စိုးနောက်ကို လိုက်သွားမိသည်.. သို့သော် အိမ်ထဲမှ မထွက်ရသေးခင် အိမ်နောက်ဘက်တွင်ရှိသော ငှက်ပျောတောဘက်မှ တရှဲရှဲ နှင့် လူတိုးသလို အသံကြားသောကြောင့် ကျွန်တော့်တွင်ရှိသောဓါတ်မီးတစ်လက်ကိုဆွဲကာ အိမ်အနောက်ဘက်သို့ထွက်လာခဲ့သည်...
မှောင်မဲနေသော ညကာလတွင် လကလေးကလည်း မှိန်ပြပြအလင်းရောင်ကလေးသာ ပေးနိုင်သဖြင့် ပတ်ဝန်းကျင်က မှုန်တိမှုန်ဝါးးးးး
ထိုစဉ် ရိပ်ခနဲ လူရိပ်တစ်ခုနှင့်အတူ ငှက်ပျောတောကို တိုးသောအသံကြောင့် ဓါတ်မီးနှင့် ဖြတ်ခနဲထိုးပြီး ပြေးလိုက်သွားသည်... " ဟိတ်.. ဘယ်သူလဲ..." ... ငှက်ပျောခိုင်တွေလာခိုးသော သူခိုးပေပဲလား... ကြောက်စိတ်ထက် မခံချင်စိတ်ဖြစ်ပေါ်လာသဖြင့် အနားတွင်ရှိသော တုတ်ပိုင်းတစ်ခုကို ဆွဲကာ ငှက်ပျောတောထဲတိုးပြီး လိုက်သွားမိလေတော့သည်။ တစ်ပိုင်တစ်နိုင်ခြံထဲတွင်စိုက်ထားသော ငှက်ပျောတောက သိပ်မကြီးချေ။ သို့သော်လည်း ရှေ့ကအရိပ်ကို ကျွန်တော်ပြေးလိုက်သွားသောအခါ ငှက်ပျောတောအဆုံးကို မရောက်နိုင်ဘဲဖြစ်နေသည်။ နောက်ဆုံးမမိနိုင်သဖြင့် ကျွန်တော်မောမောဖြင့် ကွက်လပ်ကလေးတစ်ခုတွင် ထိုင်ချလိုက်သည်။ စိတ်ထဲမှာတော့ သိပ်မကျေနပ်.. ဒီငှက်ပျောတော သေးသေးလေးထဲမှာ သူခိုးကိုမတွေ့သည့်အတွက် ကိုယ့်ကိုကိုယ်လည်း အားမလိုအားမရဖြစ်နေမိသည်။ ထိုအချိန်တွင် အပုတ်နံ့များ စူးဝါးစွာရလာပြီး တရှဲရှဲဖြင့် တောတိုးသံများနှင့်အတူ လူမည်းမည်းကြီး သုံးယောက်ထွက်လာလေသည်။ ဘယ်သူတွေလဲဆိုတာတော့ ကျွန်တော်မသိ။ ကျွန်တော့်စိတ်ထင် စောစောကသူခိုးတွေများ ပြန်လာရနှ်ရှာတာလားလို့ ထင်နေမိသည်။ သို့သော် နီးလာသောအခါ ထိုလူသုံးယောက်ကို စိတ်ထဲမှာ မြင်ဖူးသလိုလိုရှိသည်ဟုခံစားလာရသည်း အထူးသဖြင့် ရှေ့ဆုံးမှ နှုတ်ခမ်းမွှေးကားကားနှင့် လူကြီးကို သေချာမြင်ဖူးနေသည်။ သို့သော် ဘယ်မှာမြင်ဖူးလဲ တွေးမရ...
ကျွန်တော်။ ။ " ဟိတ်... ဘယ်သူတွေလဲ.. ဒီကို ဘာလာလုပ်တာလဲ.. မင်းတို့ ငှက်ပျောခိုင်သူခိုးတွေမဟုတ်လား.. "
ရှေ့ဆုံးမှ အရိပ်မည်း။ ။ " မင်း ငှက်ပျောခိုင်ကို ငါတို့စိတ်မ၀င်စားဘူး.. ငါတို့ မင်းကိုတွေ့ချင်လို့လာခဲ့တာ.."
ကျွန်တော်။ ။ " ဘာ.. ကျွန်တော့်ကိုတွေ့ချင်လို့လာတာ ဟုတ်လား.. ကျွန်တော် ခင်ဗျားတို့ကို တစ်ခါမှ မြင်လည်း မမြင်ဖူးဘူး... သိလည်း မသိဘူး..ခင်ဗျားတို့ ဒီရွာကပဲလား.. ခင်ဗျားတို့ ကျွန်တော့်ကို တွေ့ချင်တာ ဘာကိစ္စလဲ.. "
အရိပ်မည်း။ ။ " မင်း ဟိုနေ့က ငါတို့အိမ်ကို လာမွှေသွားတာ မကျေနပ်လို့လိုက်လာတာ.. မင်းက ငါတို့နေရာကိုလည်း လာသေးတယ်.. ငါတို့ကိုလည်း ခွင့်မတောင်းဘူး.. အဲဒါကို မကျေနပ်ဘူး... အေး..မင်းအသက်ကို နှမြောရင် ငါတို့ကျေနပ်တဲ့အထိ တောင်းပန်.. မတောင်းပန်ရင်တော့ ငါတို့မင်းကို လုံးဝမကျေနပ်နိုင်ဘူး.. "
ကျွန်တော် အသည်းအသန်စဉ်းစားရတော့သည်။ ငါ ဘယ်တုန်းက ဘယ်အိမ်ကို သွားမွှေမိပါလိမ့်... ငါ ဓါတ်ပုံပဲလိုက်ရိုက်နေတာပါ.. ဘယ်အိမ်ကိုမှ မ၀င်မိပါဘူး... နေအုန်းးးးး ငါ အိမ်တစ်အိမ်ကို ၀င်မိတယ်... အဲဒါ မြနှင်းမှုံတို့ တဲပဲ.. ဒါပေမယ့် အထဲမှာ ဘယ်သူမှမှ မရှိတာ... သူတို့က ပိုင်ရှင်တွေတဲ့.. ဘာတွေလဲ.. သူများတွေပြောတော့ အဲဒီနေရာက သရဲခြောက်လို့ ဘယ်သူမှ မလာရဲဘူး ဆိုပြီး ဘယ်ကပိုင်ရှင်တွေရောက်လာတာလဲ.. ကျွန်တော် အရိုးသားဆုံးပဲ စဉ်းစားမိလိုက်သည်။
ကျွန်တော်။ ။ " ကျွန်တော် ဘယ်အိမ်မှ မ၀င်ဘူး.. ဒါပေမယ့် တဲတစ်တဲတော့ ၀င်မိတယ်.. ဒါပေမယ့် တဲပိုင်ရှင်တွေက သေပြီးပြီလေ.. နောက်ပြီး ပိုင်ရှင်မှ မရှိကြတော့တာ.. ခင်ဗျားတို့ပြောနေတာတွေ အဓိပ္ပါယ်မရှိဘူးနော်.."
ကျွန်တော်စကားဆုံးသည်နှင့် အရိပ်မည်းကြီးသုံးယောက်က တဟီးဟီး တဟားဟားနှင့် ထရယ်ကြတော့သည်။
အရိပ်မည်း။ ။ " မင်းပြောတဲ့ တဲပိုင်ရှင်ဆိုတာ ငါပဲ... ဟိုနှစ်ယောက်က ငါ့တပည့်တွေ... "
ကျွန်တော်။ ။ " ဒါဆို ခင်ဗျားက.. ခင်ဗျားက.. မြနှင်းမှုံအဖေပေါ့.. ဟုတ်လား... "
ကျွန်တော့်စိတ်ထဲတွင် အသိတစ်ခုလင်းခနဲဖြစ်သွားသည်။ ကျွန်တော်ဟိုတစ်ခါ အိမ်မက်ထဲတွင် မြင်ဖူးလိုက်သော မျက်နှာကြီးတွေ... အရိပ်မည်းကြီးမှ ခေါင်းညိမ့်ပြီး " ကဲ ဘယ်လိုလဲ ကောင်လေး... မင်းတောင်းပန်တော့မလား... မင်း ငါ့တဲကိုလာတုန်းက ငါတို့မရှိလို့ နောက်ပြီး မင်းနောက်ကို အလိုက်မှာ ငါ့သမီးက ကာဆီးကာဆီးလုပ်နေလို့  မင်းသက်သာသွားတယ်... ငါတို့ကျေနပ်အောင် မတောင်းပန်လို့ကတော့ ငါတို့အကြောင်းကောင်းကောင်းသိရမယ်ဟေ့.. " ပြောပြောဆိုဆို ဒေါသထွက်လာသည်ထင်သည်။ ဘေးက ငှက်ပျောပင်ကြီးကို လက်ဝါးကြီးဖြင့် ဖြောင်းခနဲ ရိုက်လိုက်သည်။
ကျွန်တော်။ ။ " အင်း.. ပိုင်ရှင်တွေက မကျေနပ်လို့ တောင်းပန်ဆိုတော့လည်း တောင်းပန်ရတာပေါ့ဗျာ.. ကျွန်တော် ဦးရီးတို့အိမ်ထဲကို ခွင့်မတောင်းဘဲ ၀င်လာမိတဲ့အတွက် တောင်းပန်ပါတယ်.. ကျေနပ်ပါတော့နော်.. "
အရိပ်မည်း။ ။ " မင်း ဒီလိုတောင်းပန်ရုံနဲ့တော့ မရဘူး.. ငါတို့အတွက် စားစရာ သောက်စရာ ဖန်တီးပေးရမယ်.. "
ကျွန်တော်စိတ်ထဲ ထောင်းခနဲဖြစ်သွားသည်။ တောင်းပန်တာထက် နောက်တဆင့်ကျော်သောအခြေအနေကိုတော့ ကျွန်တော်ဘယ်လိုမှလက်မခံနိုင်တော့...။ ပြန်ဖိုက်မယ်ဆိုရင်လည်း သူတို့က သုံးယောက် ကိုယ်က တစ်ယောက်တည်း ဘယ်လိုမှမလွယ်.. ဒီတော့ အချိုသပ်ပေါင်းမှဖြစ်မည်ဟု တွေးမိပြီး မျက်နှာကို အတတ်နိုင်ဆုံးပြုံးကာ
ကျွန်တော်။ ။" ဟုတ်ကဲ့ခင်ဗျ.. ဦးရီးတို့ စိတ်ကြိုက်ဖြစ်စေရပါ့မယ်.. ဘယ်လိုအစားအသောက်တွေကို ဘယ်လိုနေရာကိုပို့ပေးရမလဲသာ ပြောပါ... "
အရိပ်မည်း။ ။ " အစားအစာကတော့ အမဲသား သုံးပိဿာ အရက်သုံးပုလင်းကို မနက်ဖြန်ည ဆယ့်နှစ်နာရီတိတိမှာ ငါ့တဲကို လာပို့.. ဒါဆိုရင် ငါတို့ကျေနပ်မယ်.. "
ကျွန်တော်။ ။ " ဟုတ်ကဲ့ပါ ခင်ဗျ.. "
ပြောပြီးသည်နှင့် အရိပ်မည်းသုံးယောက်က အခိုးအငွေ့များလို လွင့်ပါးပျောက်ကွယ်သွားလေတော့သည်။
ကျော်စိုး။ ။ " ဟေ့ကောင် ငမင်း.. ထစမ်း... မင်း ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ... ငါပြန်လာတော့ မင်းကို မတွေ့လို့ ရုတ်တရတ် အရမ်းစိတ်ပူသွားတာပဲ.. အိမ်ပေါ်မှာ နေပါလို့မှာထားရက်နဲ့ကွာ.."
ကျွန်တော်ကို ကျော်စိုးက လှုပ်လိုက်ကာမှ အသိပြန်ဝင်လာပြီး ဘေးနားကြည့်လိုက်တော့ အိမ်နောက်ဖေးနားလေးက ငှက်ပျောတောစပ်တွင် ရောက်နေသည်ကို တွေ့လိုက်ရလေသည်။ ဟင်... ဒါဆို ငါစောစောက ပြေးလိုက်နေတာ ဒီနေရာကိုပဲ ပြန်ရောက်လာပါလား... ငါ အိမ်မက်မက်နေတာများလား... ကျွန်တော် ရုတ်တရတ် သတိရသွားပြီး အနားက ငှက်ပျောပင်ကြီးကို သေချာမီးထိုး၍ ကြည့်လိုက်လေသောအခါ ငှက်ပျောပင်တွင် ထင်ရှားသော လက်ဝါးရာကြီးတစ်ချက်ကို တွေ့မြင်လိုက်ရလေတော့သည်။ ထိုအခါ ကျော်စိုးလည်း အံ့သြသွားပြီး ..
ကျော်စိုး။ ။" ဟင်... ဒါ .. ဒါ.. မြနှင်းမှုံအဖေရဲ့လက်ချက် မဟုတ်လား.. "
ကျွန်တော်။ ။ " မင်းက လက်ဝါးရာမြင်တာနဲ့ ဘာလို့ သေချာပြောနိုင်ရတာလဲ.. " ကျွန်တော်သေချာအောင် မေးကြည့်လိုက်သည်။
ကျော်စိုး။ ။ " မင်း ဒီလက်ဝါးရာကို သေချာကြည့်စမ်း.. သာမာန်လက်ဝါးရာနဲ့ တူလားလို့.. " မှန်သည်။ ရိုက်ထားသောလက်ဝါးရာမှာ သာမန်လက်ဝါးထက် အရွယ်အစားကြီးပြီး ရိုက်ချက်အတော်ပြင်းထန်လေသည်။
ကျွန်တော်။ ။ " အင်း .. ဟုတ်တော့လည်း ဟုတ်ပါတယ်.. ဒါပေမယ့် တခြားလူလက်ဝါးရော မဖြစ်နိုင်ဘူးလား.. "
ကျော်စိုး။ ။ " မဖြစ်နိုင်ဘူး ငမင်း... သာမာန်လက်ဝါးအရွယ်အစားဆိုရင်တော့ မင်းပြောသလို ငါလည်း ထင်ယောင်ထင်မှား ဖြစ်မိမှာပဲ.. ဒါပေမယ့် ဒီလောက်ကြီးတဲ့လက်ဝါးပိုင်ရှင်က တို့ရွှာမှာ နှစ်ယောက်မရှိဘူး.. ငမင်း.. မင်း ဘာတွေဖြစ်ပျက်ခဲ့လဲ.. ငါ့ကို အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ အမှန်အတိုင်းပြောပါကွာ.. ငါ မင်းအတွက် စိတ်ပူလို့ပါ... " ကျွန်တော် ကျော်စိုးကိုကြည့်ရင်း သနားစာနာမိလာသည်.. အင်းလေ.. သူလည်း ငါ့ကိုခေါ်ထားတာ တာဝန်တွေပိပြီး စိတ်ပူရှာမှာပေါ့.. ငါ ပြောပြလိုက်ရင် ကောင်းမလားမသိဘူး.. ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာသွားအောင် ပြောပြလိုက်တာပဲ ကောင်းပါတယ်လေ.. ဟုတွေးလျက် အဖြစ်အပျက်များကို အစဆုံး ပြောပြလိုက်လေသည်။ ထိုအခါ ကျော်စိုးက သက်ပြင်းတစ်ချက် ပြင်းပြင်းချလျက်...
ကျော်စိုး။ ။ " မင်းကွာ.. ငါ အတန်တန်တားထားရက်နဲ့ သူတို့နဲ့ ပတ်သတ်ဖြစ်အောင် ပတ်သတ်တယ်.. မင်းတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ.. ဟင်းးးးးးး ကဲပါ.. မျောက်မှိုင်သလို မှိုင်မနေနဲ့ ဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်ပါ့မလဲ.. အခု မင်း ဘာဆက်လုပ်မယ် စဉ်းစားထားလဲ.."
ကျွန်တော်။ ။ " ငါကတော့ တောင်းပန်ပြီးပြီပဲကွာ.. အစာထပ်တောင်းတာကတော့ သက်သက်မဲ့ ငါ့ကို စိန်ခေါ်နေသလိုပဲ.. သူတို့လို မကောင်းဆိုးဝါးတွေကို ငါက အရူံးပေးရမှာလား.. "
ကျော်စိုး။ ။ " မင်း စောစောကတောင် တောင်းပန်ပြီး လုပ်ပေးပါ့မယ်ဆို.. ခုမှလာပြီး... "
ကျွန်တော်။ ။ " နေစမ်းပါဦး.. မင်းက ငါစကားပြောရင် ငါ့ကို နှိပ်ကွက်ဖို့ပဲတတ်တယ်.. စောစောက ငါ့မှာ ဘာအကာအကွယ်မှ မပါဘူးလေ.. ခုလိုသွားပြောရင် ဟိုကောင်တွေ ၀ိုင်းဆော်တာနဲ့ မင်းနဲ့ခုလိုထိုင်ပြီး စကားပြောနေနိုင်မှာတောင်မဟုတ်ဘူး.. အတွေးအခေါ်တွေ မြင့်စမ်းပါ.. ကောင်ကြီးရာ.. "
ကျော်စိုး။ ။ " အမယ်.. မင်းကများ.. ကဲပါ.. စကားလမ်းကြောင်းလွဲသွားမယ်.. ဒီပုံစံအတိုင်းကို မင်းကိုသူတို့ အချိန်မရွေး ပြသနာရှာနိုင်တယ်.. အဲဒီတော့ မင်းမှာ အကာအကွယ်တစ်ခုတော့ မရှိမဖြစ်လိုနေပြီ.. ဒီလိုလုပ်.. မနက်ကျရင် ဟိုဘက်ရွာမှာ ငါ့ဦးလေးတစ်ယောက်ရှိတယ်.. သူက ပယောဂတွေဘာတွေလည်း ကုတယ်.. ငါသူ့ဆီသွားပြီး အဆောင်လက်ဖွဲ့လေး ဘာလေးတောင်းကြည့်မယ်.. အပြန်ကျရင် ရွာဦးဘုန်းကြီးကို သင့်သလိုလျှောက်ပြီး ပရိတ်ရေ ၊ ပရိတ်ကြိုးတောင်းခဲ့မယ်ကွာ. .မကောင်းဘူးလား.. မင်းအလုပ်ကတော့ အိမ်မှာပဲနေ... ဟုတ်ပြီလား.."
ကျွန်တော်။ ။ " ဟအင်း .. မင်းက အဲ့လိုလုပ်နေတဲ့အချိန်မှာ ငါ အိမ်မှာ ခန့်ခန့်ကြီးမနေချင်ဘူးကွာ.. ဒီလိုလုပ်.. ငါ မနက်ဖြန် ညအတွက် စားစရာသောက်စရာတွေကို ရွာထဲက ရှာဝယ်ထားလိုက်မယ်.. "
ကျော်စိုး။ ။ " အိုကေ.. ပြီးရော.. ဒါပေမယ့် မင်း ဟိုတဲကိုတော့ ငါမပါဘဲ နောက်ထပ် မသွားရဘူးနော်.. ငါ့ကို ကတိပေးနိုင်မလား.."
ကျွန်တော်။` ။ " အေးပါကွာ.. ကတိပေးပါတယ်.. ကဲကဲ.. ညနက်လှပြီ.. မင်းလည်း အိပ်တော့.. ငါလည်း အိပ်တော့မယ်.. "
အိပ်ယာထဲဝင်ပြီး ခေါင်းအုံးနဲ့ ခေါင်းနဲ့ထိပြီး ခဏတွင် အိပ်ပျော်သွားလေသည်။ ခဏအကြာတွင် အိပ်နေသောခြင်ထောင်ဘေးမှ တရှုံရူံငိုနေသော မိန်းကလေးတစ်ယောက်အသံကြားသဖြင့် လန့်သွားပြီး လှည့်ကြည့်လိုက်ရာ.. ဘေးတွင် အကျီအကွက် ထမီအကွက်ကလေးဖြင့် ငိုနေသော မိန်းကလေးကို ခြင်ထောင်ကြားမှ ၀ိုးတ၀ါးမြင်လိုက်ရသဖြင့် ခြင်ထောင်ကို အသာမကာ ကြည့်လိုက်မိလေတော့သည်။
ကျွန်တော်။ ။ " ဒီမှာ မိန်းကလေး.. မင်းဘာလို့ ဒီအနားမှာ ငိုနေတာလဲ.. မင်းဘယ်သူလဲ.." ထိုအချိန်တွင် ဟိုဘက်လှည့်ငိုနေသော မိန်းကလေးမှ ဒီဘက်ကို ပြန်လှည့်အလာတွင် ချောမောလှပသော ရုပ်ကလေးကို တွေ့လိုက်ရသည်။
ကျွန်တော်။ ။ " ဟင်.. မြနှင်းမှုံ.. မြနှင်းမှုံ.. မဟုတ်လား.. ဒီကို ဘယ်လိုရောက်နေတာလဲဟင်.."
မြနှင်းမှုံ။ ။ " မြနှင်းမှုံ.. အစ်ကိုနဲ့တွေ့ချင်လို့ အခက်အခဲတွေကြားထဲက အစ်ကိုဆီလာခဲ့တာပါ.. ညတုန်းကလည်း လာခဲ့ပါသေးတယ်.. ဒါပေမယ့် အဖေတို့လာလို့ မြနှင်းမှုံပြန်သွားခဲ့တာပါ .."
ကျွန်တော်။ ။ " ဟင်... မြနှင်းမှုံ အစ်ကိုကိုတွေ့ချင်တယ်ဆိုတာ ဘာကိစ္စလဲဟင်.. နောက်ပြီး မြနှင်းမှုံ ဘာလို့ငိုနေရတာလဲ.. "
မြနှင်းမှုံ။ ။ " အစ်ကို ရွာကိုစလာကတည်းက ရွာထိပ်က မြနှင်းမှုံတို့ တဲအနားမှာ တွေ့လိုက်ကတည်းက အစ်ကိုက သတ္တိရှိပြီး စူးစမ်းတတ်တယ်.. နောက် စိတ်ကောင်းရှိတယ်ဆိုတာ မြနှင်းမှုံသိလိုက်ပါတယ်.. အစ်ကို.. မြနှင်းမှုံက အရင်လူ့ဘ၀က သူများသတ်ခဲ့လို့သေခဲ့ရပြီး မကျွတ်မလွတ်ဖြစ်နေခဲ့တာပါ.. ဒါပေမယ့် နှင်းမှုံ ဒီဘ၀မှာ မပျော်ဘူး .. အစ်ကို.. နှင်းမှုံ ကျွတ်လွတ်ချင်တယ်.. ဒီရွာက လူတွေကို အကူအညီတောင်းဖို့ နှင်းမှုံ စမ်းကြည့်ပါသေးတယ်.. ဒါပေမယ့် သူတို့က နှင်းမှုံကိုမြင်တာနဲ့ သရဲခြောက်တယ်လို့ပဲ ထင်ပြီး ပြေးကြတော့ နှင်းမှုံပြောချင်တာတွေ မပြောလိုက်ရဘူးလေ.. အခု အစ်ကို ကို နှင်းမှုံလာပြီး အကူအညီတောင်းတာပါ.. နှင်းမှုံကို ကူညီပါနော်.. အဖေကတော့ ဒီဘ၀မှာပဲ သူ့တပည့်တွေနဲ့ ပျော်နေပြီ.. နှင်းမှုံကိုလည်း သူနဲ့အတူ မကျွတ်လွတ်စေချင်ဘူးလေ.. "
ကျွန်တော်။ ။ " ဟာ.. ဟုတ်လား.. ညတုန်းကတောင် နှင်းမှုံအဖေက အစ်ကိုကို လာကြိမ်းဝါးပြီး သူတို့အတွက် အစားအသောက်နဲ့ နှင်းမှုံတို့အိမ်ကို ခွင့်မတောင်းဘဲလာလို့ တဲ့.. တောင်းပန်ခိုင်းနေတယ်.. "
မြနှင်းမှုံ။ ။ " နှင်းမှုံ သိပါတယ် အစ်ကို... အစ်ကို တစ်ယောက်တည်း မကြောက်မရွှံ့ နှင်းမှုံတို့တဲကို လာတာလည်း နှင်းမှုံသိတယ်.. အစ်ကို တဲထဲဝင်လာကတည်းက နှင်းမှုံ အစ်ကိုဘေးမှာ တချိန်လုံးရှိနေပါတယ်.. အစ်ကိုက စူးစမ်းပြီး ဓါတ်ပုံလိုက်ရိုက်တုန်းက နှင်းမှုံရဲ့ စံပယ်ပန်းလေးကို ရိုက်တုန်းကတောင် နှင်းမှုံက လှမ်းဆွဲလိုက်သေးတယ်.. နောက်ပြီး အဖေတို့ပြန်လာတော့ အပုတ်နံ့တွေပေးပြီး တံခါးရွက်တွေကို လှုတ် ခြောက်လှန့်ခဲ့တာလည်း နှင်းမှုံပါပဲ.. အဖေတို့က လူစိမ်းအိမ်ထဲဝင်လာရင် လုံးဝမကြိုက်ဘူးလေ.. ဒါပေမယ့် အစ်ကိုက စူးစမ်းနေသေးတော့ အဖေတို့တွေ့သွားပြီး အတင်းလိုက်တုန်းကတောင် အစ်ကို တစ်ခုခုဖြစ်မှာစိုးလို့ နှင်းမှုံ အဖေတို့ကို တားမိသေးတယ်.. ဒါပေမယ့် မရခဲ့ပါဘူး.. နောက်တော့မှ အဖေတို့ အစ်ကို့ကို မမိဘဲ ဒေါသထွက်ပြီး ပြန်လာမှ စိတ်အေး၇တော့တယ်... "
ကျွန်တော်။ ။ " ဟုတ်လား... အဲဒီဓါတ်ပုံထဲမှာ ပါတဲ့ လက်ကလေးဟာ နှင်းမှုံရဲ့လက်ကလေးလားလို့တောင် အစ်ကိုထင်လိုက်မိသေးတယ်.. အစ်ကို အိမ်ထဲဝင်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး မနက်ဖြန်ည နှင်းမှုံရဲ့အဖေကို အစားအသောက်တွေနဲ့ အစ်ကိုလာတောင်းပန်ပါ့မယ်.. "
မြနှင်းမှုံ။ ။ " မလာနဲ့.. အစ်ကို.. အဖေတို့က အစ်ကို့ကိုပါသတ်ပြီး တပည့်အဖြစ်မွေးဖို့ တိုင်ပင်နေကြတာ နှင်းမှုံကြားခဲ့ရတယ်.. အဲဒီကို နောက်ထပ် မလာပါနဲ့တော့နော်.. နှင်းမှုံကို မကယ်နိုင်ရင်လည်း ရှိပါစေတော့.. အစ်ကိုကို နှင်းမှုံ ဒုက္ခမရောက်စေချင်ဘူး... "
ကျွန်တော်။ ။ " အစ်ကို လာဖို့ ဆုံးဖြတ်ပြီးပြီ နှင်းမှုံ.. စိတ်မပူပါနဲ့.. အစ်ကို့ဘက်ကလည်း အကာအကွယ်တွေနဲ့ လာခဲ့မှာပါ.. အစ်ကို့ကို ဘယ်သူမှ ဘာမှလုပ်လို့မရဘူး..နောက်ပြီး နှင်းမှုံကိုလည်း မနက်ဖြန်ည အစ်ကိုကယ်ဖို့ ဆုံးဖြတ်လိုက်ပြီ.. "
ဲမြနှင်းမှုံ။ ။ " ဟင်... အစ်ကို .. အစ်ကို တကယ်ပြောတာလား..ဟင်... ပျော်လိုက်တာ .. အစ်ကိုရယ်.. နှင်းမှုံ ဒီဘ၀ဆိုးကြီးထဲက လွတ်ချင်နေတာ ကြာပါပြီ.. အစ်ကို့ဘက်ကသာ ကိုယ့်ကိုကိုယ် လုံခြုံအောင် ပြင်ဆင်လာခဲ့ပါနော်.. နှင်းမှုံလည်း ဒီဘ၀ကြီးကနေလွတ်ကျွတ်ဖို့အတွက်လုပ်ပေးတဲ့ အစ်ကိုကို တစ်စုံတစ်ရာ အထိခိုက်မခံပါဘူး.. နှင်းမှုံလည်း အစ်ကိုကို ကူညီပါ့မယ်.. ကဲ.. နှင်းမှုံ လာတာလည်းကြာနေပြီ.. တော်ကြာ အဖေလိုက်လာအုန်းမယ်.. နှင်းမှုံပြန်တော့မယ်နော်.."
ကျွန်တော်။ ။ " ကောင်းပါပြီ.. မြနှင်းမှုံ.. အစ်ကိုလည်း ဘာလုပ်ရမယ် ဆိုတာကို အစီအစဉ်ဆွဲရအုန်းမယ်. "
ပြောပြီးသည်နှင့် မြနှင်းမှုံ ပျောက်ကွယ်သွားသည်။ ခဏအကြာတွင် ကြက်တွန်သံများကြားရပြီး အရှေ့ဘက်မှ ရောင်နီလာချေပြီ။ ကျွန်တော်ကတော့ အိပ်ရာထဲမှာ တလူးလူး တလိမ့်လိမ့်ဖြင့် ခေါင်းထဲမှာ အစီအစဉ်တွေကို တိတိကျကျဖြစ်အောင် ရေးဆွဲလျက်.. မကြာမီ ကျော်စိုး နှိုးလာပြီ..
ကျော်စိုး။ ။ " ဟိတ်.. ကောင်ကြီး.. စောစောစီးစီး နိုးလို့ပါလား.. ငါက မင်းမနိုးသေးဘူးလို့တောင်ထင်နေတာ.. "
ကျွန်တော်။ ။ " ဟုတ်တယ်.. ကျော်စိုး.. ငါ တစ်ညလုံး မအိပ်ရသေးဘူး.. ညက ငါ့ဆီကို မြနှင်းမှုံလာသွားတယ်.. နောက်ပြီး သူ ဒီဘ၀က ကျွတ်လွတ်ချင်ပြီ.. သူ့အဖေကြီးကလည်း သဘောမတူဘူး တဲ့.. ငါ မြနှင်းမှုံလေးကို အရမ်းသနားတာပဲကွာ.. သူ ဒီဘ၀ဆိုးကြီးကနေ လွတ်ကျွတ်သွားအောင် ငါတတ်နိုင်သမျှ လုပ်ပေးချင်တယ်.. ငါ့ကို ကူညီပါ ကျော်စိုး.. "
ကျော်စိုး။ ။ " အေး.. ငါတို့ရဲ့ ပထမအစီအစဉ်ထဲမှာ အဲဒါမပါဘူး.. ဘာပဲဖြစ်ဖြစ်ပါ မင်း သိပ်ပြီး ဆန္ဒပြင်းပြနေတယ်ဆိုရင်လည်း ဘာလုပ်ရမယ်ဆိုတာကို ငါ့ဦးလေးနဲ့ သေချာတိုင်ပင်လိုက်ပါ့မယ်.. မင်း ဘာမှ စိတ်မပူနဲ့.. လောလောဆယ်တော့ မင်းအားရှိဖို့လိုတယ်.. အရင်အိပ်လိုက်အုန်း.. အိပ်ယာနှိုးမှ ခေါင်းအေးအေးထားပြီး စဉ်းစားနော်.. ငါလည်း မနက်စာစားပြီးတာနဲ့ ငါ့ဦးလေးရှိတဲ့ ရွာကို သွားလိုက်မယ်.. ကဲကဲ.. အိပ်လိုက်.. "
ကျော်စိုး စကားနားထောင်လိုက်တာ အကောင်းဆုံးဖြစ်မည်ဟုတွေးမိသည်နှင့် စိတ်ကို လျော့ချလိုက်ရာ မကြာမှီပင် အိပ်စက်ခြင်းအဖြစ်သို့ ရောက်သွားလေတော့သည်။ နေ့လည်ပိုင်းတွင် နှိုးလာသောအခါ ကျော်စိုး ပြန်ရောက်နှင့်နေလေပြီ။
ကျွန်တော်။ ။ " ကျော်စိုး.. မင်းဘယ်အချိန်က ပြန်ရောက်လဲ.. ငါ့ကို နှိုးလိုက်ရောပေါ့ကွာ.. ဘာထူးသေးလဲ.. "
ကျော်စိုး။ ။ " အေး.. ငါ့ဘကြီးနဲ့ မတွေ့ဘူးကွ.. သူ ခရီးထွက်သွားတယ်.. အဲဒါနဲ့ ငါလည်း ရွာဦးကျောင်းက ဘုန်းဘုန်းကိုလျှောက်တော့ သတ္တ၀ါတွေ ကယ်ကောင်းပါတယ် တဲ့.. ဘုန်းဘုန်းက ပရိတ်ရေတွေ၊ ပရိတ်ကြိုးတွေ စွန့်လိုက်တယ်.. နောက်ပြီး ညဘက်သွားတဲ့အခါ ကျောင်းမှာ လာတည်းနေတဲ့ အာဂန္တု ဘုန်းဘုန်းတစ်ပါးပါ လိုက်ပြီး ကူညီလိမ့်မယ်.. မင်း စိတ်သာချတော့ .. မင်းအိပ်နေတဲ့အတွက် ညအတွက်အစားအသောက်တွေပါ ငါသွားဝယ်လိုက်တယ်.. ဟော ဒီမှာ အမဲသား သုံးပိသာ ဟောဒီမှာ အရက်ပြင်း သုံးပုလင်း.. ဆရာတော်က တစ်ခုတော့မှာလိုက်တယ်.. အားလုံးကျွတ်လွတ်သွားအောင် လုပ်ပေးပါ.. နောက်ဆုံး မလုပ်နိုင်ဘူးဆိုရင်တောင်မှ ဟိုကျွတ်လွတ်ချင်နေတဲ့ ဒကာမလေးကို ကျွတ်လွတ်အောင် လုပ်ပေးလိုက်ကြပါ တဲ့.. "
ကျွန်တော်။ ။ " တော်သေးတာပေါ့ကွာ.. ခုမှပဲ စိတ်အေးနိုင်တော့တယ်.. ကဲ...မင်းလည်းပင်ပန်းလာပြီ.. ထမင်းတူတူစားရအောင်ကွာ.. "
ကျော်စိုး။ ။ " အမယ်.. ငါ မနက်စောစောကတည်းက တစ်ခါတည်း ချက်ထားလို့သာပေါ့.. မဟုတ်ရင် နှစ်ယောက်စလုံး ဘုန်းကြီးကျောင်းသွားစားရမလား မသိဘူး.. "
ကျွန်တော်။ ။ " ဟားဟား.. အဲဒီတော့လည်း အန္တရယ်ပိုကင်းတာပေါ့ကွာ.. "
ပြောပြောဆိုဆို ထမင်းစားသောက်ရန်အတွက် ကျော်စိုးနှင့်အတူ မီးဖိုချောင်ကို ထသွားလိုက်လေသည်။
ညသည် ပိန်းပိန်းအောင် မှောင်မည်းနေပေသည်တကားး.. သွားခါနီး ကျွန်တော်နှင့် ကျော်စိုးကတော့ ပရိတ်ရေများကို သောက်လည်းသောက် .. တစ်ကိုယ်လုံးကိုလည်း လောင်းထားလိုက်သည်း
ကျွန်တော်။ ။ " ဟေ့ကောင် ကျော်စိုး.. ဖြေးဖြေးလောင်းပါကွာ.. ဇတိဆိုတော်ရောပေါ့.. မင်းက ရေချိုးနေသလားအောက်မေ့ရတယ်. .တော်ကြာ တကယ်အသုံးလိုမှ မရှိဖြစ်နေဦးမယ်.. "
ကျော်စိုး။ ။ " အေးပါကွ.. ငါလည်း ဒါမျိုးတစ်ခါမှ အတွေ့အကြုံမရှိတော့ ကြောက်တာပေါ့ကွ.. သွားရမှာလည်း ငါတို့တစ်ရွာလုံး ကြောက်နေရတဲ့ နေရာဆိုတော့ ခပ်လန့်လန့်ကွ.. "
ကျွန်တော်။ ။ " မင်းသတ္တိကောင်းတာကို လျှောက်ပြောမနေနဲ့.. ဟို လိုက်မယ့်ဘုန်းဘုန်းကရော.. "
ကျော်စိုး။ ။ " ဘုန်းဘုန်းက တရားထိုင်ပြီး မေတ္တာပို့နေမယ် တဲ့... သွားခါနီးမှ သွားခေါ်ရမှာ.. အချိန်ကြည့်ပါအုန်း.. သွားလို့ရပြီလားလို့.. "
ကျွန်တော်လည်း ကျော်စိုး သတိပေးမှ နာရီကိုကြည့်လိုက်သောအခါ..
ကျွန်တော်။ ။ " အေး သွားမယ်ဆိုရင်တော့ သွားလို့ရပြီ.. ဟို အမဲသားထုတ်ကို သေချာထုတ်နော်.. ငါကတော့ အရက်ပုလင်းကို ဆွဲမယ်.. မင်းက အမဲသားသယ်... "
ကျော်စိုး။ ။ " ဟေ့.. ငမင်း.. ဒါက သရဲအတွက်နော်.. မင်းက သိပ်ယုံရတာမဟုတ်ဘူး.. ကဲကဲ.. သွားမယ်.."
ပြောပြောဆိုဆို ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ရွာလည် လမ်းမကြီးမှတဆင့် ဘုန်းကြီးကျောင်းသို့ ဦးတည်ပြီး ထွက်လာခဲ့လိုက်သည်။ ရွာလမ်းမှာလည်း ခွေးတွေ ဟောင်လိုက် အူလိုက်သည့်ဖြစ်ခြင်း... ဘုန်းကြီးကျောင်းသို့ရောက်သောအခါ ဘုန်းဘုန်းက ကျောင်းအောက်မှ ဆီးကြိုနေသည်။
ဘုန်းဘုန်း။ ။ " ရွာထဲမှာ ဒီလောက်ခွေးတွေဟောင်နေတာ ဒကာတို့ပဲဖြစ်မယ်လို့ ဘုန်းကြီးတွေးထားပြီးသားပါ.. ကဲကဲ.. သွားကြရအောင်. .."
ဘုန်းဘုန်းကတောင် ပိုပြီး ဇွဲကောင်းနေသည်။ ဒီလိုနှင့် ဘုန်းဘုန်းနောက်မှ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်ဆွဲကာ လိုက်သွားလေသည်။ တဲရှေ့သို့ရောက်သောအခါ အသင့်ပါလာသော မီးတိုင်များကို ထွန်းညိလိုက်ပြီး မီးတိုင်လေးတိုင်ပတ်လည်တွင် ပရိတ်ရေများ ဖြန်းထားလိုက်ပြီး မီးတိုင်အပြင်ဘက်တွင် အစားအသောက်များကို ငှက်ပျောဖက်ပေါ်တွင် သေချာတင်လိုက်သည်။ ထိုအချိန်တွင် ဘုန်းဘုန်းက ဘူးသီးခြောက်ကလေးတစ်ခုကို အိတ်ထဲမှ ထုတ်ပြီး ပရိတ်ရေစည်းဝိုင်းအပြင်မှာ ထားစေသည်။
ကျွန်တော်။ ။ " ကျွန်တော် ဟိုနေ့က တဲပိုင်ရှင်များကို ခွင့်မတောင်းဘဲ ဒီတဲထဲကို ၀င်ခဲ့မိပါတယ်.. အဲဒါကြောင့် အခုလို အစားအသောက်များနဲ့ လာရောက်တောင်းပန်ခြင်းဖြစ်ပါတယ်.. တဲပိုင်ရှင်များ စားကြပါ.. သောက်ကြပါ.. နောက်ပြီး ကျွန်တော့်အပြစ်ကိုလည်း ခွင့်လွတ်ပေးကြပါခင်ဗျာ..
ကျွန်တော့်စကားဆုံးသည်နှင့် တဲအတွင်းမှ ကြီးမားပြီး မျက်လုံးနီနီကြီးများဖြင့် ခွေးနက်ကြီး သုံးကောင်ထွက်လာလေပြီး အမဲသားများကို စားသောက်နေလေတော့သည်။ ကျော်စိုးကတော့ ခွေးကြီးတွေကိုကြည့်ပြီး ဇောချွေးများပြန်လျက်... ခွေးကြီးများကလည်း စားလိုက်.. ကျွန်တော်တို့ကို စိုက်ကြည့်လိုက်နှင့်... ထိုအချိန်တွင် တဲဘေးတွင် ဖြူဖြူအရိပ်ကလေးတစ်ခုကို ကျွန်တော် အမှတ်မထင် လှမ်းမြင်လိုက်ရလေသည်။ ကျွန်တော်လှမ်းမြင်လိုက်သည်နှင့် ဘုန်းဘုန်းကို တိုးတိုးလေးကပ်ပြီး ကျွတ်လွတ်ချင်သည်မှာ တဲဘေးမှ အရိပ်ကလေးဖြစ်ကြောင်း ပြောပြလိုက်သည်။ ထိုအခါ
ဘုန်းဘုန်း။ ။ " ကဲ .. ဒကာကြီးတို့.. ဒီလိုဘုံဘ၀ဟာ မကောင်းတဲ့ ဘုံဘ၀ထဲမှာပါပါတယ်. . ဒါကြောင့် ဒီလိုဘုံဘ၀မှာ ပျော်မနေဘဲ ဒီထက်မြင့်တဲ့ဘုံဘ၀တွေကို မသွားချင်ကြဘူးလား.. "
ဘုန်းဘုန်း စကားဆုံးသည်နှင့် ခွေးနက်ကြီးများက ဘုန်းဘုန်းကို ဝေါင်းခနဲ ဟိန်းဟောက်လိုက်ကာ ကိုက်ခဲရန် ပြေးလာကြလေသည်။ သို့သော် ပရိတ်ရည် စည်းဝိုင်းနားရောက်သောအခါ အော်ဟစ်ပြီး ပြန်ပြေးသွားကြသည်။ သို့သော် အဝေးမှ မကျေနပ်သောအကြည့်များဖြင့် စားမတက် ၀ါးမတက်ကြည့်နေကြလေရာ ကျော်စိုးဆိုသည်မှာ ကြောက်စိတ်ဖြင့် တုန်တောင်တုန်နေချေပြီ.. ကျွန်တော်က ကျော်စိုးကို နှစ်သိမ့်သောသဘောဖြင့် မကြောက်ရန် လက်မောင်းကို ကိုင်ပြီး အားပေးလိုက်ပြီး ဘုန်းဘုန်းကို ခေါင်းခါပြလိုက်သည်။ ထိုအခါ ကျော်စိုးလည်း အစီအစဉ်ဆွဲထားသည့်အတိုင်း ပရိတ်ရေဖြင့် ခွေးနက်ကြီးသုံးကောင်ကို လှမ်းပိုက်လာရာ အလုအယက်ထွက်ပြေးကြတော့သည်။ ထိုအချိန်တွင်
ကျွန်တော်။ ။ " မြနှင်းမှုံ.. မြန်မြန်လာ.. ဒီဘူးသီးခြောက်ထဲကို ၀င်နေလိုက်.. " ဟု အော်လိုက်သောအခါ.. အရိပ်ဖြူဖြူလေးမှ လျှင်မြန်စွာရွေ့လျားလာပြီး အခိုးအငွေ့များအဖြစ် ဘူးသီးခြောက်ထဲဝင်သွားလေသည်။ ထိုအခါ ခွေးနက်ကြီးသုံးကောင်ထဲမှ အကြီးဆုံးခွေးနက်ကြီးက ပရိတ်ရေကိုပင်မကြောက်တော့ဘဲ အတင်းပြေးဝင်လာသည်။ ထိုအခါ ကျွန်တော်တို့အားလုံးက ဘုရားဂုဏ်တော်များ ရွတ်ဖတ်နေရလေသည်။ စည်းဝိုင်းအတွင်းသို့ ၀င်မလာသော်လည်း စည်းဝိုင်းအပြင်ဘက်မှ အစွယ်ပြုးပြူးပါးစပ်ကြီးဖြင့် လှမ်းလှမ်းဆွဲနေသဖြင့် စည်းဝိုင်းအတွင်းမှာ ကျွန်တော်တို့အားလုံးစုနေရလေသည်။ အဖြစ်အပျက်များက တကယ့်ကို ခြောက်ခြားစရာ.. ခွေးကြီးသာ မက ဟိုခွေးနှစ်ကောင်ကလည်း စည်းဝိုင်းဘေးမှ လှမ်းလှမ်းဆွဲနေလေသည်။ ကျွန်တော်တို့ စိတ်ထဲမှလည်း မြန်မြန်မိုးလင်းပါစေ ဟုသာ ဆုတောင်းနေမိလေသည်။ တစ်စက္ကန့်ဆိုသော နာရိလက်တံကလေးရွေ့သွားရန်အတွက် တစ်ကမ္ဘာမက စောင့်ဆိုင်းနေရသည်ဟု ထင်နေမိသည်။ မကြာမှီ မီးတုတ်မှ မီးစာကလည်း ကုန်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းသွားတော့သည်။
ကျွန်တော်တို့လည်း မျက်လုံးမှိတ်ပြီး ဘုရားစာရွတ်နေသည်မှာ အချိန်ဘယ်လောက်ကုန်သွားသည် မသိ.. အသံတွေတိတ်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်မှ အရှေ့ဘက်တွင် ရောင်နီလာပြီး အဝေးမှ ရွာဦးကျောင်းဆရာတော် ဦးဆောင်သောလူအုပ်ကြီးကိုလှမ်းမြင်လိုက်ရလေသည်။ လူအုပ်ကြီးက မကြာမှီ တဲရှေ့သို့ရောက်လာပြီး ဆရာတော်မှ
ဆရာတော်။ ။ " ရွာကတောင် အသံတွေကြားရတယ်.. အဲဒါကြောင့် ဒကာတို့နဲ့ ကိုယ်တော်ကို အားလုံးစိတ်ပူနေကြတာ.. ကဲကဲ.. အခု ဘာမှမဖြစ်ကြဘူးဆိုတော့ စိတ်အေးသွားရပြီ... လာလာ လိုက်ခဲ့ကြ ..ဘုန်းဘုန်းကျောင်းကို.. " လို့ပြောသဖြင့် ကျွန်တော်တို့လည်း ဆရာတော့်နောက်မှ မြနှင်းမှုံရဲ့ ၀ိညာဉ်ပါသော ဘူးသီးခြောက်ဗူးလေးကို သယ်ပြီး လိုက်သွားလေသည်။ ထိုအချိန်တွင် တဲအတွင်းမှ စူးစူးဝါးဝါးကြည့်နေသော မျက်လုံးကြီးများကို တစ်ယောက်မှ မတွေ့မမြင်ခဲ့ပါချေ။
ဘုန်းကြီးကျောင်းရောက်ပြီး ခဏအကြာတွင် ကျွန်တော်နှင့်တကွ ရွာသူရွာသားများကလည်း တတ်နိုင်သ၍ ပေါင်းစုပြီး ဆရာတော်များကို လှူဖွယ်များကပ်လှူပူဇော်ပြီး ရေစက်ချ တရားနာကြလေသည်။ နောက်ဆုံး ရေစက်ချသောအချိန်တွင် ဘူးသီးခြောက် အဖုံးလေးကိုဖွင့်လျက် " မမြနှင်းမှုံတို့ သားအဖနှင့် သေဆုံးသွားသော ကိုမော်ကြီး ၊ ကိုမောင်ကြီး အပါအ၀င် မကျွတ်မလွတ်ကြသော ပရလောကသားအားလုံး ကြွရောက်တရားနာပြီး ရေစက်ချကြပါကုန်သော်.." ဟု ဖိတ်ခေါ်ခဲ့သည်.. ထိုအချိန်တွင် ရွာထဲမှာ မိန်းမသုံးယောက်ကို ၀င်ပူးတော့သည်။
မိန်းမ။ ။ " ငါ နောင်တရပါပြီကွာ.. ငါတို့က မင်းကိုသေအောင်လုပ်ခဲ့ပေမယ့် မင်းတို့က ငါတို့အပေါ်မှာ မေတ္တာထားပြီး ကျွတ်လွတ်သွားစေချင်တဲ့ဆန္ဒနဲ့ နာမည်တပ်ပြီးခေါ်တဲ့အတွက် ဒီကျောင်းထဲကို ငါတို့လာခွင့်ရ တရားနာခွင့်ရကြတာပါ... ပထမမင်းတို့ခေါ်ကတည်းက ငါ့တပည့်နှစ်ကောင်က မင်းတို့နဲ့ တစ်ခါတည်းလိုက်ချင်နေကြတာ.. ဒါပေမယ့် ငါ့ကိုကြောက်လို့သာ ငြိမ်နေကြရတာ.. အခု ငါလည်း ငါ့သမီးလေးနဲ့အတူ ကျွတ်လွတ်သွားချင်ပါပြီကွာ.. မင်းတို့အားလုံးကိုလည်း ငါကျေးဇူးတင်ပါတယ်.. " ဟု ငိုကြွေးကာ ပြောရှာတော့သည်။ ထိုအခါမှ အားလုံးသဘောပေါက်သွားပြီး ရေစက်ချစေခဲ့သည်။ ထိုသို့ရေစက်ချပြီးသည်နှင့်တပြိုင်နက် ၀င်ပူးနေသော မိန်းမသုံးယောက်လည်း လဲကျသွားတော့သည်။ ထိုအခိုက်တွင် အလွန်တရာမွှေးကြိုင်လှသော အနံပေါင်းစုံ ရလိုက်သလို တစ်ခန်းလုံး မွှေးကြိုင်သွားလေသည်။ အားလုံးစိတ်ထဲတွင်လည်း ပျော်ရွှင်ကျေနပ်ခြင်းများဖြင့်............
ထိုနေ့ည အိမ်မက်ထဲတွင် မြနှင်းမှုံနှင့်သူ့အဖေ ကိုမောင်ကြီး ကိုမော်ကြီးတို့သုံးယောက်မှာ သစ်လွင်သော အ၀တ်အစားသစ်များဖြင့် ပြုံးရွှင်ကာ လာရောက်နှုတ်ဆက်ကြလေသည်။
ကျွန်တော်ပြန်ရမည့်အချိန်ရောက်ပြီ။ ကားဂိတ်သို့ ရွာမှ တစ်စီးတည်းသော ဆက်သွယ်ရေးယာဉ်ကြီးဖြင့် ကျော်စိုးလိုက်ပို့လေသည်။ ရွာအထွက် မြနှင်းမှုံတို့ တဲနားရောက်သောအခါ အမှတ်တမဲ့လှမ်းကြည့်လိုက်မိသည်။ တဲကလေးကတော့ တိတ်ဆိတ်ငြိမ်သက်လျက်... အင်း .. သူ လွတ်ကျွတ်သွားပြီထင်ပါရဲ့... ကောင်းရာမွန်ရာဘ၀ရောက်ပါစေ.. တစ်ယောက်တည်းတွေးနေသော ကျွန်တော်ကို ကြည့်ရင်း ကျော်စိုးက
ကျော်စိုး။ ။ " ဘာလဲ.. သရဲမ ချောချောလေးနဲ့ မကြိုက်လိုက်ရလို့ ဆွေးနေတာလား.. "
ကျွန်တော်။ ။ " မစပါနဲ့ ကျော်စိုးရာ.. သူ ကောင်းရာမွန်ရာဘ၀တစ်ခုကိုရောက်သွားရင် ငါကျေနပ်ပါပြီကွာ.. "
ကျွန်တော် တိတ်ဆိတ်သွားတော့ ကျော်စိုးလည်း အလိုက်သိစွာ မစတော့ချေ။ ကျွန်တော်တစ်ခု သတိရမိပြီး လွယ်အိတ်ထဲမှ အရင်တုန်းက ကျော်စိုးမမြင်အောင်ဖွက်ထားသော ဓါတ်ပုံများထဲမှာ စံပယ်ပန်းကလေးပုံကို ထုတ်ကြည့်လိုက်သည်။ သို့သော် စံပယ်ပန်းလေးကို ပထမတစ်ခါကြည့်စဉ်ကလို လက်ဖြူဖြူလေးမတွေ့ရတော့ဘဲ စံပယ်ပန်းခြောက်ကလေးအဖြစ်ပြောင်းလဲသွားသည်ကိုတွေ့လိုက်ရလေသည်။ ကျွန်တော်လည်း စိတ်မကောင်းသည့်စိတ်ဖြင့် ထိုဓါတ်ပုံကလေးကို မြနှင်းမှုံကိုစမြင်ခဲ့ရသည့် တောစပ်နားလေးတွင် ချပစ်ခဲ့သည်။ ထိုအချိန်တွင် တောစပ်တစ်နေရာမှ အရိပ်တစ်ခုကို မျက်လုံးထောင့်တွင် မြင်လိုက်ရသဖြင့် အမှတ်မထင် လှမ်းကြည့်လိုက်မိရာ.. မြနှင်းမှုံအပါအ၀င် သူ့အဖေကြီး၊ ကိုမော်ကြီးနှင့် ကိုမောင်ကြီးတို့ လေးယောက်သား လက်လှမ်းပြနေသည်ကို ၀ိုးတ၀ါး လှမ်းမြင်လိုက်ရပါတော့သည်။။။။။။။။။။။။။။။။။။။။။။။

by သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း(facebook page)
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment