Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, March 11, 2014

လမ်းရှည်လေ အချစ်နက်လေ

ညစာစားပြီးတဲ့နောက် ထမင်းစားပွဲကခွာတာနဲ့ ဂျာနယ်ကောက်ဖတ်တတ်တာ ကျွန်တော့်အကျင့်တစ်ခုလို ဖြစ်နေခဲ့တယ်။ ဇနီးဖြစ်သူက မီးဖိုကနေထွက်လာပြီး ကျွန်တော့်ဘေးမှာဝင်ထိုင်ရင်း ပြောတယ်။

“လမ်းလျှောက်ထွက်ဖို့ ခင့်ကိုအဖော်လိုက်ပေးလေ”

“ကောင်းပြီလေ…”

ပါးစပ်ကပြောနေပေမယ့် ကျွန်တော့်မျက်လုံးက ဂျာနယ်ကနေ မခွာနိုင်ဖြစ်နေခဲ့တယ်။

“ခင်သိသားပဲ… ဂျာနယ်ရှိရင် ခင့်ကို သတိမရတော့ဘူးဆိုတာ..”

“ဟာ.. မဟုတ်ပါဘူး.. လာ.. လာ အခုသွားမယ်”

သူစိတ်မကောက်ခင် ကျွန်တော်ကပျာကယာရှင်းပြပြီး လမ်းလျှောက်ထွက်ဖို့ နေရာကထလိုက်တယ်။ တိုက်အောက်ဆင်းပြီး ကန်ဘောင်ဘက်ကို ကျွန်တော်တို့လမ်းလျှောက်ထွက်လာခဲ့ကြတယ်။ ညတာဝန်ကိုထမ်းဆောင်မယ့်လမင်းက ကောင်းကင်ပေါ် စောစောစီးစီး ရောက်နှင့်နေပြီ။ ညလေးညင်းက တဖြူးဖြူးတိုက်လို့ … တစ်နေကုန် ရှုပ်ထွေးဆူညံ့ခဲ့တဲ့လောကကြီးက အနည်းငယ်တော့ ငြိမ်သက်စပြုနေခဲ့ပြီ။ လမ်းပေါ်မှာ လူသွားလူလာရှင်းစပြုနေခဲ့ပြီ။ တစ်နေကုန် ညောင်းညာထားတဲ့ ခန္ဓာပေါ်က ကြွက်သားတွေလည်း လှောင်ချိမ့်ထဲကလွတ်လာသလို လွတ်လပ်ပေါ့ပါးလို့…

“ခင်တို့ ဒီလိုလမ်းမလျှောက်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ”

ရုတ်တရက်မေးလိုက်တဲ့ ဇနီးဖြစ်သူရဲ့အမေးကို ကျွန်တော်ပြန်ဖြေဖို့ အဖြေမရှိခဲ့ဘူး။ ဟုတ်ပါရဲ့… ငါတို့ ဒီလိုလမ်းမလျှောက်ဖြစ်တာ ဘယ်လောက်ကြာခဲ့ပြီလဲ၊ ရိုးရိုးရှင်းရှင်းမေးခွန်းတစ်ခုကို ကျွန်တော်ဘာကြောင့် ပြန်မဖြေနိုင်ခဲ့တာလဲ၊ နေ့တိုင်း ရုံးဆင်းပြန်လာတာနဲ့ ထမင်းစား၊ အိပ်ရာဝင်.. ဒါဟာကျွန်တော့်အတွက် “ပါးစပ်ဟတာနဲ့ စားစရာကအဆင်သင့်၊ လက်ဆန့်တာနဲ့ ဝတ်စရာအဝတ်အစားက အဆင်သင့်”ဆိုသလို ဖြစ်နေခဲ့တယ်။ အချိန်တော်တော်များများမှာ ကျွန်တော်အိမ်ပြန်ရောက်တာနဲ့ ဇနီးဖြစ်သူက ထမင်းအဆင်သင့်ချက်ပြီးနေပြီ။ ရေချိုးတဲ့အခါမှာလည်း ဝတ်ဖို့အဝတ်အစားကို အဆင်သင့်ထုတ်ပေးထားပြီးပြီ။ ဝတ်ထားတဲ့အဝတ်ဟောင်းတွေကိုလည်း လျှော်ဖွတ်ဖို့ ရေစိမ်ထားပြီးပြီ။ ဒီအိမ်မှာ သူ့ရဲ့တာဝန်ကျေပွန်မှုကို ကျွန်တော်စိတ်ချထားပြီးသား။ ထမင်းဟင်းချက်၊ လျှော်ဖွတ်လည်း သူ၊ နေအိမ်သန့်ရှင်းရေးဆိုလည်း သူ၊ သားသမီးကို စာပြတာလည်း သူပဲဖြစ်တယ်။ အိမ်က ကျွန်တော့်အတွက် အပန်းဖြေနေရာတစ်ခု၊ တည်းခိုခန်းတစ်ခုဖြစ်ခဲ့တယ်။

ဘယ်အချိန်ကတည်းကစပြီး ဇနီးသည်ရဲ့ ရင်ထဲကခံစားချက်ကို ကျွန်တော်လျစ်လျူရှုခဲ့မိမှန်း ကျွန်တော်မသိခဲ့ဘူး။ အလုပ်ချိန်များတဲ့အတွက်ကြောင့်လည်း ဖြစ်မယ်။ နေ့အလုပ်အပြင် တစ်ခါတလေ အချိန်ပိုပါဆင်းနေရတဲ့အတွက်ကြောင့်လည်း ဖြစ်မယ်။ အိမ်မှာ ကျွန်တော်အနေနည်းခဲ့ပါတယ်။ ချစ်သူရည်းစားဖြစ်စနဲ့ မင်္ဂလာဆောင်စမှာပဲ လအနည်းငယ်လောက် ကျွန်တော်တို့ ပူးပူးကပ်ကပ်နေခွင့်ရှိခဲ့တာကလွဲလို့ သူနဲ့အတူ လမ်းထွက်မလျှောက်ဖြစ်တာ ဘယ်လောက်ကြာခဲ့မှန်း ကျွန်တော်လည်း မသိခဲ့တော့ပါဘူး။

“အင်း.. နောက်ဆိုရင် မောင်တို့ အမြဲတမ်းထွက်လျှောက်ကြမယ်လေ…”

“နောက်ဆိုရင်... ဒီစကားကလည်း ယုံရခပ်ခက်ခက်ပါ မောင်ရယ်….”

ပြောပြောဆိုဆို ကျွန်တော့်လက်ကို သူတင်းတင်းလေး ဆုပ်ကိုင်ထားလိုက်တယ်။ ကန်ဘောင်ပေါ် အေးအေးလူလူလမ်းလျှောက်ရင်း ဇနီးသည်က သူ့အလုပ်မှာတွေ့ကြုံဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ၊ ပတ်ဝန်းကျင်က ကြားရတဲ့သတင်းအတင်းတွေကို ပြောပြနေပါတယ်။ သူပြောသမျှကို နံဘေးမှာနေပြီး ကျွန်တော်ဆိတ်ဆိတ်ငြိမ်ငြိမ် နားထောင်နေမိတယ်။ ဒီလိုအချိန်မျိုးမှာ သူဟာ ပျော်ရွှင်နေသူပါ။ သူ့မျက်နှာပေါ်မှာ ကွယ်ဝှက်ထားလို့မရတဲ့ ပျော်ရွှင်ခြင်း၊ စိတ်ချမ်းမြေ့ခြင်းတွေကို ကျွန်တော်တွေ့မြင်နေရပါတယ်။ မြက်ခင်းပြင်တစ်ခုကို ရှာပြီး ကျွန်တော်တို့ထိုင်ချလိုက်တယ်။ ဒီလိုပျော့အိအိ မြက်ခင်းပြင်ပေါ်ထိုင်ချရတဲ့ အရသာမျိုး ကျွန်တော်တို့ မခံစားခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ...

အိမ်ထောင်ရေးဆိုတာ စီးပွားရေးတစ်ရပ်တဲ့။ တချို့က ရှုံးတယ်၊ တချို့က မြတ်တယ်။ ဒီအိမ်ထောင်ရေးစီးပွား တက်ခြင်း၊ ကျခြင်းက ကျွန်တော်တို့ရဲ့အသိဉာဏ် အနည်းအများနဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ရဲ့စိတ်နေသဘောထားနဲ့ပဲ အဆုံးအဖြတ်ပေးပါတယ်။

တချို့ကပြောတယ်.... လိင်မတူသူရဲ့နှစ်ယောက်ကြားက စစ်ပွဲတစ်ပွဲတဲ့။ အိမ်ထောင်မကျခင်နဲ့ အိမ်ထောင်ကျပြီးကာလမှာ ယောက်ျားက ကျွန်ဘဝကနေ စစ်သူကြီးဖြစ်သွားတယ်။ မိန်းမက စစ်သူကြီးဘဝကနေ ကျွန်ဖြစ်သွားတယ်။ အိမ်ထောင်ကျပြီးတဲ့အတွဲတွေ ရှော့ပင်းထွက်တာကို ကြည့်ခြင်းအားဖြင့် တွေ့မြင်နိုင်ပါတယ်။ မင်္ဂလာမဆောင်ခင်မှာ အိတ်ကြီးအိတ်ငယ်ဆွဲပြီး မိန်းမနောက်လိုက်ရတဲ့ယောက်ျားတွေပာာ မင်္ဂလာဆောင်ပြီးတဲ့နောက် အရာအားလုံးကိုပစ်ချပြီး ရှေ့ဆုံးရောက်သွားကြတယ်။

ဒါကြောင့် အိမ်ထောင်ကျပြီးတဲ့ ယောက်ျားအများစုက ကြာလေ နုပျိုလေ၊ ကြာလေ သက်တောင့်သက်သာဖြစ်လေပါပဲ။ မိန်းမတွေကတော့ အိမ်ထောင်ကျတယ်ဆိုတာ တာဝန်ဝတ္တရားအားလုံးကို ထမ်းပိုးလိုက်သလိုပါပဲ။ သားသမီးအတွက်၊ လင်ယောက်ျားအတွက်၊ အိမ်မှုကိစ္စ၊ ဝေယျဝစ္စ၊ ကြာလေ အိုမင်းလေဖြစ်တယ်။ အိမ်ထောင်သက်(၁ဝ)နှစ်တောင် မပြည့်သေးတဲ့ဇနီးမှာ မိန်းကလေးဘဝကရှိခဲ့တဲ့ ချောမောလှပခြင်းတွေ ပျောက်ဆုံးနေခဲ့ပါပြီ။ ချောမောလှပခြင်းအစား မျက်ထောင့်က အရစ်ကြောင်းတွေ တဖြေးဖြေး ဝင်ရောက်အစားထိုးလာခဲ့တယ်။ အာဟာရပြတ်လပ်နေတဲ့ အသားအရေတွေမှာ အမည်းစက်တွေက ဟိုတစ်စက် ဒီတစ်စက် ဝင်ရောက်လာခဲ့တယ်။ အရင်က တယုတယပြုစု စောင့်ရှောက်ခဲ့တဲ့အသားအရေက ကြမ်းတမ်းလို့နေခဲ့ပါပြီ။

ကျွန်တော် အားနာမိပါတယ်… အိမ်ထောင်ဦးစီးတစ်ဦးဖြစ်တဲ့ ကျွန်တော်က ဇနီးသည်အတွက် ဘာခမ်းခမ်းနားနားမှ မပေးနိုင်ခဲ့ဘူး။ မပြောပလောက်တဲ့ ချမ်းမြေ့မှုလေးတောင် မပေးနိုင်ခဲ့ဘူး။ မရှိဆင်းရဲသားဘဝကနေ လာခဲ့တဲ့ ကျွန်တော်ကို သူ မညည်းမတွား အဖော်လုပ်ပေးခဲ့တယ်။ ရှိတာလေးနဲ့ မကြောင့်မကျနေပေးခဲ့တယ်။ ပေးတာလေးနဲ့ မလောက်မင ချွေတာပေးခဲ့တယ်။ ကျွန်တော့်အပေါ်မှာလည်း ဘာတောင်းဆိုမှုမှ မရှိခဲ့ဘူး။ ဒါတွေကို သူ မမက်မောပါဘူးတဲ့။ သူ ရွေးချယ်တာက အချစ်ပါတဲ့။ ငွေကြေးတွေ သူ မလိုပါဘူးတဲ့။ ဒီလိုမယားမျိုးရခဲ့တာ ကျွန်တော်ကံကောင်းပါတယ်။ ငွေကြေးဆင်းရဲပေမယ့် ကျွန်တော်တို့မှာ ချစ်ခြင်းမေတ္တာအပြည့်၊ ပျော်ရွှင်ခြင်းတွေအပြည့်ရှိခဲ့တယ်။ ရှုပ်ထွေးတဲ့ဘဝကို ကျွန်တော်တို့ မလိုချင်ခဲ့ဘူး။ ရိုးရှင်းတဲ့ဘဝနဲ့ စားစရာရှိ၊ ဝတ်စရာရှိရင် ရပါပြီ။

အားလပ်ချိန်တွေမှာ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ညနေဆည်းဆာအောက်မှာ လမ်းလေးလျှောက်၊ မိသားစုအကြောင်း ဆွေးနွေးတိုင်ပင် နေရရင်ရပြီ။ အေးအတူ ပူအမျှ ပျော်ရွှင်ခြင်းထဲမှာပျော်ဝင်ရင်း သက်ဆုံးထိတိုင် အတူနေကြရရင်ရပါပြီ။ ဒီလိုဘဝထက် ဘယ်လိုဘဝမျိုးကို တောင့်တနေဦးမလဲ...

ထမင်းစားပြီးချိန်၊ အားလပ်ချိန်တွေမှာ ကိုယ့်ဇနီးမယားနဲ့အတူ လမ်းထွက်လျှောက်ပါ။ အချစ်က ပြင်းပြင်းရှရှ တခမ်းတနားဖြစ်နေမှမဟုတ်သလို ရာဇဝင်တွင်လောက်အောင်လည်း ကတိသစ္စာတွေ မလိုပါဘူး။ အချစ်က တကယ့်လက်တွေ့ကျကျ၊ စိတ်နှလုံးနဲ့ရင်းပြီး ချစ်နေဖို့၊ ဂရုစိုက်နေဖို့ပဲလိုပါတယ်။ ကိုယ့်ဇနီးမယားကို ထမင်းလေးချက်ကူ၊ အဝတ်လေးလျှော်ကူပါ။ ဒါမှမဟုတ် လက်သည်းညှပ်ပေးတာ၊ လက်တွေကို နှိပ်နယ်ပေးတာလည်း လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် သူနဲ့အတူ စကားပြောတာ၊ အတူတီဗွီကြည့်တာ၊ အတူလမ်းထွက်လျှောက်တာတွေ လုပ်နိုင်ပါတယ်။ ဒီအရာတွေက သင်စိတ်ပါရင် ဘာမှခက်ခဲပင်ပန်းတဲ့အလုပ် မဟုတ်ပါဘူး။

အချစ်ကို အဝေးကြီး ထွက်မသွားပါစေနဲ့… ပျော်ရွှင်ခြင်းကို အဝေးကြီး ထွက်မသွားပါစေနဲ့… ဇနီးမယားနဲ့အတူ လမ်းလျှောက်တာဟာ အချစ်ကို ကျွန်တော်တို့နဲ့အတူ တွဲလျှောက်စေခြင်းပါပဲ။ ဒါဟာ ရိုးရှင်းသာမန်တဲ့နေ့ရက်တွေထဲ နွေးထွေးကြည်နူးမှုတွေ ထပ်လောင်းထည့်တာပဲဖြစ်ပါတယ်။ ဒီလိုသာရှေ့ဆက်သွားခဲ့ရင် အသက်အရွယ်အိုမင်းသွားသည့်တိုင် အချစ်ကလတ်ဆတ်နုပျိုနေဦးမှာ ဖြစ်ပါတယ်။

“အိမ်ပြန်ကြစို့ မောင်….”

ဇနီးက ကျွန်တော့်ကို လှမ်းပြောတယ်။ သူနဲ့အတူ အိမ်အပြန်လမ်းမှာ အဝေးကို ကျွန်တော်အကြည့်ရောက်သွားတယ်။ လမ်းမီးတိုင်တွေက လင်းထိန်လို့… ဒါဟာ ညမှာမအိပ်တဲ့ မြို့ပြရဲ့မျက်လုံးတွေပဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့အချစ်က သာမန်တဲ့ဒီမြို့ပြထဲမှာ ရိုးရိုးရှင်းရှင်း ရှင်သန်နေခဲ့ပါတယ်။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment