Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, April 8, 2014

အဝေးသင်ဘွဲ့ရ ကျောင်းသားများကို အစိုးရ လျစ်လျူရှုထား

 အဝေးသင်ပညာဖြင့် ဘွဲ့ရရှိခဲ့သည့် ကျောင်းသူကျောင်းသားများ အလုပ်အကိုင်ရရှိရန် အစိုးရက လျစ်လျူရှုထားသည်ဟု Victorial University Collage နာယက ဒေါက်တာနေ၀င်းနိုင်က ဝေဖန်ပြောဆိုလိုက်သည်။

အဝေးသင်တက္ကသိုလ်ပညာဖြင့် ဘွဲ့ရရှိသည့် ကျောင်းသား၊ ကျောင်းသူများတွင် ထိရောက်ပြီး ပညာသင် ကြားမှုများ မရရှိခြင်းအပေါ် ဝေဖန်မှုများရှိနေသော်လည်း သင်ယူသည့် ပညာရပ်ဆိုင်ရာနှင့် ပတ်သက်၍ အကျိုးရှိစေရန်နှင့် အလုပ်ရှင်များက အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရန် အစိုးရမှတာဝန်ယူ ဖြေရှင်းပေး ရမည် ဖြစ်သည်ဟု ဆိုသည်။

“အဝေးသင်ပညာရေးကို အစိုးရက ဖွင့်ပေးထားပြီး အလုပ်ကိုင်အခွင့်အလမ်း ရှာပေးမှုကိုတော့ လျစ်လျူရှု နေပါတယ်။ ဘာအာမခံချက်မှလည်း မရှိဘူး။ ဘွဲ့ရသွားရင်ပြီးတာပဲဆိုပြီး ဂရုစိုက်မှုလည်း မပြဘူး။ အဝေး သင်ပညာနဲ့ဘွဲ့ရတဲ့ ကလေးတွေရဲ့ အရေး စဉ်းစားပေးတာမရှိရင်ဘာဖြစ်လို့ ဖွင့်လှစ်ပေးထားလဲ မေးစရာ ဖြစ်နေပါတယ်” ဟု ဒေါက်တာနေ၀င်းနိုင်က ပြောသည်။

အဝေးသင်တက္ကသိုလ် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများသည် ကုန်ကျစရိတ်သက်သာခြင်း၊ အချိန်ကုန် သက်သာခြင်း၊ အလုပ်လုပ်ရင်း ကျောင်းတက်နိုင်ခြင်းတို့ကြောင့် အသက်မွေးဝမ်း ကျောင်း ပညာရပ်များ သင်ကြားပေးလျက်ရှိသည့် တက္ကသိုလ်များတွင် ကျောင်းသားဦးရေ ကန့်သတ်ထားခြင်းတို့ ကြောင့် အဝေးသင်တက္ကသိုလ်ပညာရေးတွင် ကျောင်းသားအရေအတွက် အများဆုံးလာရောက်သင်ကြား ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

တက္ကသိုလ်တစ်ခု၏ သင်္ချာပညာဌာန လက်ထောက်ကတိကအဖြစ် တာဝန်ယူနေသူ ဦးဇော်မင်းနိုင်က “အဝေးသင်နဲ့ဘွဲ့ရတဲ့ ကလေးတွေကို အလုပ်အကိုင်အခွင့်အလမ်း ပုံဖော်ပေးဖို့ အစိုးရမှာတာဝန်ရှိပါတယ်။ ဘွဲ့ရပြီးတဲ့ ကလေးတွေကလည်း ကိုယ့်ကိုကိုယ်အရည်အချင်းရှိအောင် စဉ်ဆက်မပြတ် ကြိုးစားသင့်ပါ တယ်။ လက်တွေ့ အသုံးဝင်မှု၊ မ၀င်မှုက မိမိပေါ်မှာပဲ မူတည်နေပါတယ်” ဟု ပြောသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား၊ကျောင်းသူ ၁၀၀ တွင် ၇၅ ရာခိုင်နှုန်းမှာ အဝေးသင် တက်ရောက်ကြသည့်အတွက် လက်တွေ့အသုံးချတတ်မှု သင်ကြားပေးခြင်းနှင့် ပညာရေးဖွံ့ဖြိုးတိုးတက် စေရန် နိုင်ငံတကာကျောင်းများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးသင့်သည်ဟုလည်း ဦးဇော်မင်းနိုင်က အကြံပြု သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးဗဟို လုပ်ငန်းကော်မတီ အထွေထွေအတွင်ရေးမှူး မဖြိုးဖြိုးအောင်က “အစိုးရက မြန်မာပြည်မှာဘွဲ့ရ အများကြီးရှိတယ်ဆိုတာကို နိုင်ငံတကာချပြဖို့ပဲ စဉ်စားနေတာပါ။ အလုပ် ကိုင်အခွင့်အလမ်းရှိဖို့ ကျောင်းသားတွေ အရည်အချင်းရှိရမယ်။ အဲဒီလို အရည်အချင်းရှိလာအောင် အစိုးရ က လုပ်ပေးနိုင်ရဲ့သားနဲ့ မလုပ်ပေးတာပါ”ဟု ပြောသည်။

၂၀၁၂-၂၀၁၃ ခုနှစ်မှစ၍ အဝေးသင် တက္ကသိုလ်များ အရည်သွေးပြည့်မီရန် ရည်ရွယ်၍ ပညာသင်နှစ် တစ်နှစ်တိုးမြှင့်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် အဝေးသင်ပညာ သင်ယူနေသည့် ကျောင်းသားဦးရေ သုံးသိန်းကျော်ရှိသည်။ ဘွဲ့ကြို ကျောင်းသားဦးရေထက် နှစ်ဆနီးပါးရှိနေသည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment