Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, April 8, 2014

အိပ်မက်နှလုံးသားနဲ့ သင်္ကြန်

 သင်္ကြန်ဆိုရင်အသံ ကြားရုံနဲ့ပဲ မြန်မာတို့ ရဲ့စိတ်နှလုံးသားမှာ အချက်ပြ သံပတ်ပေးသံမျိုး ဖြစ်သွားကြတတ်ပါတယ်။ တစ်နှစ်လုံး ဥာဏ်အလင်း ပိတ်နေသမျှ အသိတ ရားမြူတစ်ပွင့် လှုပ်နိုးပွင့်စေခဲ့ပါတယ်။ အတိတ် ဆိုတာကိုလည်း အရိပ်တစ်ခုလို ပြန်မြင်ယောင်ပြီး အလွမ်းဆင်တတ်စေပါတယ်။

တစ်နှစ် ပြောင်းသွားလို့ တစ်နှစ် သစ် သွားကာ ကိုယ်ကိုယ်တိုင်ပင် တစ်နှစ်အသက်ကြီးလာပြီဆိုတာရယ်၊နှစ်ဟောင်းကုန်ပြောင်း စိတ်ဟောင်း ချန်ရစ် စိတ်သစ်လူသစ်နဲ့ ဘဝသစ်ကို စတင်ရမယ် ဆို တာ ရယ်၊ မျှော် လင့်ချက်အိပ်မက်တွေ ပုံပေါ်လာအောင် မဆုတ်မနစ်ကြိုးစားသွားဖို့ဆို တာရယ်၊အတိတ်ပစ္စုပ္ပန်သရုပ် သကန်မှန်စွာ ပြန်လည်ချဉ်းကပ်ပြီး ကိုယ့်ကိုယ် ကိုယ် ပြန်တည့်မတ်ကာ အမြင်မှန်ရပြီး ဘဝရှင်သန်မှုအတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ယုံကြည်စွာချ မှတ်ဖို့ စိတ်ခွန်အားတွေဖြည့် ဆည်းပေးစေပါ တယ်။ ဒါကြောင့် မို့ အိပ်မက်နှလုံးသားနဲ့ သင်္ကြန်လို့ ဆိုရတာပါ။

သင်္ကြန်ဆိုတာကလည်း မြန်မာလူမျိုးတို့ရဲ့ မြတ်နိုးတန်ဖိုးအထားဆုံး ရိုးရာယဉ်ကျေးမှု အမွေအနှစ်ထဲက ဓလေ့ထုံးတမ်း တစ်ခုရယ်ပါ။ သင်္ကြန်မှာ ပျော် ကြမယ်၊ ရွှင်ကြ မယ်။ ဘုရားသွားကျောင်းတက်လုပ်ပြီး ကုသိုလ်ပြုကာ လှူကြ၊ တန်းကြ မယ်။ဝေးကွာနေကြတဲ့ မိသားစု ဝင်တွေ ပြန်လည်ဆုံစည်းကြ မယ်။ မွေးရပ် ဇာတိပြန်ကြကာ မိတ်ဆွေ အပေါင်းအသင်း ရောင်း ရင်းတွေနဲ့ သင်္ကြန် ရေကစားလို့ ကဲမယ်။ တွဲမယ်ပေါ့။ အဲဒီလို လူမှုဘဝသရုပ်သကန်တွေနဲ့နွေ ဦးရဲ့အဓိပ္ပာယ်ကို မင်္ဂလာမြည် အောင် ဖွင့် ဆိုလို့နေပါတယ်။

နွေဦးရဲ့ သင်္ကေတအမှတ်အသားတစ်ခုဟာ သင်္ကြန်လို့ ပြောရင်မမှားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပိတောက်ပန်းဟာနွေဦးရဲ့ ပုံရိပ်အတိတ် နိမိတ်တစ်ခုဖြစ်နေလို့ပါ။ ပိ တောက်ပန်းတွေပွင့်ပြီလို့ အသံ ကြားလိုက်တာနဲ့ပဲ တစ်မနက် ခင်းလုံး အဝါရောင်ဖုံးလွှမ်းသွား အောင် သူ့ခေါင်းမှာပန်ဆင်၊ ကိုယ့်ခေါင်းမှာ ပန်ဆင်လို့ လူမှု ရှုခင်း အလှ တရားတွေ မွေးဖွား ပေးကြ တာ မြန်မာလူမျိုးတွေရဲ့ သင်္ကြန်အကြို ချစ်စရာပုံရိပ် မြင်ကွင်းပါပဲ။ ဒါ့အပြင် သင်္ကြန် ဆိုတဲ့ အချိန်ကာ လပုံရိပ်ကို မြန်မာ တစ်မျိုး သား လုံးရဲ့ စိတ် နှလုံး သားထဲမှာ ပျော်စရာရွှင် စရာဆိုတာထက် အိပ်မက်ဆုံ မှတ်တစ်ခုလို အမြဲတမ်းတည်ရှိ နေတဲ့ အလှဗေဒပုံရိပ်တစ်ခု ဖြစ်နေပါတယ်။

ဒီလိုပဲကောင်း ခြင်း မင်္ဂလာတွေဆောင်ကြဉ်း ယူနိုင်ဖို့ စိတ်အလှတရားတွေ လူတိုင်းကိုယ်စီမှာ ဖြစ်တည်ရှိ စေတာလည်း သင်္ကြန်ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ချစ်စရာအလေ့ အထတစ်ခုရယ်ပါ။ ဒါကြောင့် မို့လည်း မြန်မာလူမျိုးတို့ရဲ့ မပျောက်မကွယ်ပဲ အမြဲတမ်းတည်တံ့နေတဲ့ယဉ်ကျေးမှု အမှတ်တံဆိပ် တစ်ခု ဖြစ်လို့နေတာပါ။ဒါပေမဲ့ ကမ္ဘာ ယဉ်ကျေးမှု တွေ ပေါင်း ကူးဖုံးလွှမ်းလာပြီး တစ်နှစ်ထက်တစ်နှစ်သရုပ်ပျက် ယဉ်ကျေးမှုတွေထဲမှာ မြန်မာ့ယဉ် ကျေးမှုနဲ့ သမိုင်းအစဉ်အလာ မြင့်မားစွာ တန်ဖိုးကြီးစွာ တည် ရှိလာခဲ့တဲ့ အတာသင်္ကြန် ရေ သဘင်ပွဲတော်ဟာ အနှစ်သာရ ပိုမဲ့လာနေပါပြီ။

ဒီနေရာမှာ မြန်မာလူမျိုးတွေအနေနဲ့ အတွေး အခေါ်မှာ သာ ကမ္ဘာဆန်ချင်လို့ ရမယ်။ အလှဗေဒမှာတော့ ကမ္ဘာ ဆန်ချင်လို့မရဘူးဆိုတာ သိထားသင့်ပါတယ်။ ဒီလိုပဲ ကိုယ့် ယဉ်ကျေးမှု ပျောက်ကွယ်သွားခြင်းကလည်း ကိုယ့်လူမျိုးဆိတ် သုဉ်း သွားခြင်း လည်း ဖြစ်တယ်ဆိုတာ မြန်မာလူမျိုးတိုင်း သတိ ကြီးစွာဝင်စေချင်ပါတယ်။ မြန်မာ့မူ၊ မြန်မာ့ဟန် နဲ့ခေတ်ပေါ် အဆင်သဏ္ဌာန်ထွင်လို့ ကမ္ဘာ ဆန်ပြဖို့ မြန် မာတစ်မျိုး သား လုံး စည်းလုံးညီညွတ်ကာ စိတ်ဓာတ် နိုးကြားဖို့ရန် အချိန်တန်နေပါပြီ။ အဲဒီလိုဆိုခြင်းက စာရေးသူအနေနဲ့ ပြောဆိုခြင်းမဟုတ်ဘဲ တစ်နှစ်ထက် တစ်နှစ် အပြောင်း အလဲ အသစ်ဖန်လာတဲ့ သင်္ကြန်ပုံရိပ်တွေက ရည်ညွှန်းပြောဆိုနေတဲ့ စကားသံတွေရယ်ပေါ့။

ခေတ်အဆက်ဆက်ကပဲ မြန်မာလူမျိုးတွေဟာ သင်္ကြန်ကာလ ကုန်ဆုံးလို့ မြန်မာနှစ်သစ်ကူးနေ့ဖြစ်တဲ့ နှစ်ဆန်းတစ် ရက်ကို ကျော်လွန်ပြီး ရင် ကောင်း ခြင်းမင်္ဂ လာေ တွဖြာဝေ စည်လို့ ပြည်မြန်မာကြည်သာ ချမ်းအေး စေဖို့ ကောင်းမှုပြုတောင်းဆုခြွေ ကြလေ့ရှိကြပါတယ်။ နိုင်ငံတော် အစိုးရနဲ့ နိုင်ငံရေးအင် အားစုအားလုံးအတူ လက် တွဲပြီး နိုင်ငံရေးအပြောင်းအ လဲကောင်းများ ဖြစ်တည်လာဖို့၊ လူမှုဘဝ မှာ အလေးထားရတဲ့ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစတဲ့ ကဏ္ဍများက လူတိုင်းအတွက် ဘဝအခွင့် အလမ်းများပေးစွမ်း ဖြစ်တည်လာရေးကို မြန်မာနှစ်သစ်အခါသမယတိုင်းမှာ မြန်မာလူမျိုးတွေ မျှော်လင့်တောင့် တနေကြလေ့ရှိပါတယ်။ အဲဒီလို ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုနဲ့ အနာဂတ်နေ့သစ်တွေ ပိုင်ဆိုင်လိုချင်တဲ့စိတ်ဆန္ဒတွေ ကို မြန်မာလူမျိုးတိုင်းရဲ့စိတ်နှလုံးသားထဲမှာ မွေးဖွားဖြစ် တည်စေတာ
ကလည်း သင်္ကြန်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အနှစ်သာရတစ်ခုပါပဲ။

ဒီလိုမြန်မာလူမျိုးတွေရဲ့ စိတ်နှလုံးသားအမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ သင်္ကြန်ကို အနုပညာရှင်တွေကလည်း ကဗျာ၊ ဝတ္ထု၊ ပန်းချီ၊ ဂီတ၊ ရုပ်ရှင်အနု သုခုမပညာရပ်တွေနဲ့ မှတ်တမ်း တင်ခြယ်မှုန်း ပုံဖော်လေ့ ရှိ ကြပါတယ်။ မြန်မာတစ်မျိုးသား လုံးအတွက် သင်္ကြန်ပုံရိပ်ဟာ အိပ်မက် နှလုံးသားအဖြစ် အမြဲ တမ်းလှစ်စေဖို့ အနုပညာနဲ့ အသိ ဥာဏ်အလင်းပွင့်အောင် လှုပ်နိုးပေးတယ်လို့ဆိုရင် မမှား နိုင်ပါဘူး။ ကြည့်လေ။

ဖျော်ဖြေ ရေးမဏ္ဍပ်များနဲ့ ပျော်ရွှင်စွာရေ ကစားမှုများ၊ အလှပြယာဉ် များနဲ့ သံချပ်ထိုး၊ ယိမ်းသမ အကများနဲ့ ရင်သပ်ရှုမောဖွယ် ဖျော်ဖြေတင် ဆက်မှုများစတဲ့ လူယဉ်ကျေးမှုရိုး ရာလူမှုမြင် ကွင်းပုံရိပ်တွေ ပြည့်နှက် နေရာ သင်္ကြန်ဟာ ခေတ်ဟောင်း သင်္ကြန်၊ ခေတ်သစ်သင်္ကြန်ဆိုပြီး အမည်နာမရော အဆင်အသွေး အရောင်ပါ ကွဲပြားခြားနားမှုရှိ ပေမယ့် အိပ်မက်နှလုံးသားကို ပျော်ရွှင်မှုတွေနဲ့ မွေးဖွားဖြစ် တည်နေဆဲပါ။

တူးပို့ တူးပို့၊ မြနန္ဒာ သီချင်းသံတွေကြားလိုက်ရင်ပဲ ရင်ခုန်စိတ်လှုပ်ရှားကာ မကရင်မနေနိုင်ပေါင်၊ မမြူးရမနေနိုင်ပေါင် မြန်မာလူမျိုး တိုင်းရဲ့စိတ်မှာမှော်ဆန်စွာ အသက် ဝင်နေဆဲအရာက သင်္ကြန်ပုံရိပ် ပဲဆိုတာ ငြင်းမရပါဘူး။ ဒီလိုပဲ “သင်္ကြန်မိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ခါသင်္ကြန်အကြိုကာလမှာ ပြန်လည်ကြည့်ရှုမိသူတိုင်း အခုချက်ချင်းပဲ သင်္ကြန်ကာလအတွင်း ခုန်ဆင်းချင်စိတ်ဖြစ်သွားတတ်ပါတယ်။ ဒါကလည်း အနုပညာဆန်လွန်းတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်လို့မို့ သဘာဝကျ ကျသင်္ကြန်ဟန် ပန်တွေ နဲ့ လူတိုင်းရဲ့ ရင်ထဲမှာအိပ်မက်နှလုံး သားမွေးဖွားဖြစ် တည်လာအောင် ရင်ခုန်လှုပ်နိုးတဲ့ သင်္ကြန်ပုံရိပ်ဝိညာဉ်ကြောင့်ပဲ ဖြစ်ပါတယ်။

သင်္ကြန်ပုံရိပ်ဝိညာဉ်တစ်ခု ဖြစ်တဲ့ သံချပ်ထိုးသံဟာ လူတိုင်းရဲ့ စိတ်နှလုံးသားထဲမှာ ရဲရင့်တက်ကြွကာ ပေါ့ပါးသွက်လက်စေ လို့ကြက်သီးမွေးညင်းလည်း ထစေပါတယ်။ သံချပ်ထိုးသံတွေထဲမှာလည်း လူမှုဘဝထဲက ဖြစ်စဉ်တွေကို အနုပညာနဲ့ သရုပ်ဖော်ကြတာမို့ လူတိုင်းရဲ့ရင်ထဲမှာ အိပ်မက်နှလုံးသားမွေးဖွားစေပြီး စိတ်ခွန် အား တြွေ ပည့်နှက်စွာဖြစ်တည်ရှိလာ စေပါတယ်။ ဒါကြောင့်မို့လည်း သင်္ကြန်ဆိုတဲ့ စကားအသံကြား လိုက်ရုံမျှနဲ့ပဲ မြန်မာလူမျိုးတွေရဲ့ အသည်း ဆိုင်မှာ ကျောက် အက္ခ ရာ စာ သားပမာတန်ဖိုးထား မြတ်နိုးစရာ၊ ရင်ခုန်စရာအဖြစ် အမြဲတမ်းပုံရိပ် စွဲထင်တည်ရှိနေတာပဲဖြစ်ပါတယ်။

ဒီလိုပဲ ယုံကြည်မျှော်လင့်ခြင်းနဲ့ အတိတ်ပစ္စုပ္ပန်ပြန်ချဉ်းကပ်လို့ အမှန်တရားကို အသိဥာဏ်ပညာနဲ့ သိမြင်နိုင်စေတဲ့ စိတ်အလင်းရောင် မွေးဖွားဖြစ် တည်စေတာကလည်း သင်္ကြန်ပုံရိပ်ပဲဖြစ်ပါတယ်။ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုတွေနဲ့အတူ ကိုးကွယ်ယုံကြည်ရာ အလေးအမြတ်ထားရာ ဘာသာတရားရဲ့လေးနက်ပြီး အနှစ်သာရရှိလှတဲ့အဆုံး အမဓမ္မ စကားမှ ဆင်းသက်လာတဲ့ အကုသိုလ်၊ ကုသိုလ်စကား အဓိပ္ပာယ်ကို မှန်ကန်စွာ ဖွင့်ဆိုတတ်ဖို့ လူတိုင်းရဲ့စိတ်နှလုံးသားထဲမှာ စွဲကိုင်ရင်ခုန်လှုပ်နိုး စေတာလည်း သင်္ကြန် ပုံရိပ် ဝိညာဉ်ပဲဖြစ်ပါတယ်။ သင်္ကြန်ကို မြန်မာလူမျိုးတွေက ချစ်မြတ်နိုးတာ၊ ရင်ခုန်မျှော်လင့်တာ၊ ပျော်ရွှင်ကြည်နူးတာ၊ တန် ဖိုးထားတာ ဘာ့ကြောင့်လဲလို့ အမေးရဲ့ နော က်က အဖြေတွဲ ဖော်ကြည့်ရင် အိပ်မက်နှလုံးသားနဲ့ သင်္ကြန်ဆိုတာ အဓိပ္ပာယ်ရှင်းလင်းစွာ ဖွင့်ဆိုနိုင်မှာ ဖြစ်ပါတယ်။

” နှစ်ဟောင်းမှ နှစ်သစ်ဆီသို့” နဲ့ ” ကောင်းခြင်း မင်္ဂလာနဲ့ ပြည့်စုံ တဲ့ နှစ်သစ်ဆီသို့….” ဆိုပြီး လူတိုင်းရဲ့ရင်ထဲမှာဖြစ် တည်ရှိနေတဲ့ စိတ်ဆန္ဒစကားသံတွေဟာ သင်္ကြန် ပုံရိပ်ကပဲ မွေးဖွားလိုက်တာပါ။

အဲဒီလိုယုံ ကြည်မျှော်လင့်မှုတွေ၊ စောင့်မျှော် အားကိုးအားထားမှုတွေ၊ တန်ဖိုးထားတွေးဆမှုတွေကို တစ်နှစ်ထက်တစ်နှစ်ပိုပြီး အလေး ထားလာကြတဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ခေတ်ဟောင်းဒဏ်ရာတွေကခေတ်သစ်ပြဿနာတွေ ဖြစ်နေဆဲမို့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ပြောင်းသွားပေမယ့်လည်း သံသ ယမျက်လုံးနဲ့ စောင့်ကြည့်ခံနေရဆဲ မလုံခြုံတဲ့ လူမှုဘဝရှင် သန်မှုတွေထဲမှာ ဝဲလှည့်ပျော်စံနေကြရတာကနေ လွတ်မြောက်လိုချင် စိတ်များနဲ့အတူသင်္ကြန်ကို အိပ်မက် နှလုံး သားမွေးဖွားကာ လူတိုင်းကိုယ် စီရင်ထဲမှာ ရင်ခုန်လှုပ်နိုးနေမြဲဆိုတာယုံတမ်းစကား တစ်ခွန်းနဲ့ ပုံပြင်တစ် ပုဒ်မဟုတ် တာတော့ သေချာနေ ပါတယ် လို့ ညွှန်း ဆို လိုက် ချင်မိတော့တယ်။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment