Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Sunday, February 16, 2014

မှရိုးအင်းကျေးရွာ၊ ထမင်းနှဲပွဲမှ မှတ်တမ်းတင်စုပေါင်းဓါတ်ပုံများနှင့် ထမင်းနှဲ(သို့)ထမနဲ့အကြောင်းသိကောင်းစရာ

ကျွန်တော် ၁၃ ရက်နေ့က မှရိုးအင်းကျေးရွာကိုရောက်သွားပါတယ်၊ အဲဒီ့မှာ ကျေးရွာဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ ဦးဆောင်ပြီး (၁၅)ကြိမ်မြောက် ထမင်းနှဲထိုပွဲကိုစည်းကား သိုက်မြိုက်စွာကျင်းပနေသည်ကို ကျွန်တော်တို့တွေ့မြင်ခဲ့ရပါသည်။
 ထမင်းနှဲပွဲတွင် တစ်ရွာလုံးရှိ လူကြီးလူငယ်အားလုံး တက်ညီလက်ညီ စုပေါင်းညီညာစွာ ကျင်းပနေကြပြီး ထမင်းနှဲထိုးပြိုင်ပွဲကိုကျင်းပခဲ့ပါသည်။ ကျွန်တော်တို့အဖွဲ့သည် ကျေးရွာအတွက်မှတ်တမ်းတင်ပုံများကို တတ်နိုင်သည့်ဘက်မှ ကူညီသောအားဖြင့် မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးပေးခဲ့ကြပါတယ်ခင်ဗျား။ ကဲအောက်မှာကြည့်လိုက်ပါအုံးခင်ဗျာ။ တစ်လက်စတည်း ထမင်းနှဲပွဲဖြစ်ပေါ်လာရခြင်းအကြောင်းကိုလည်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်လိုက်ရပါသေးတယ်ခင်ဗျာ.........။

ထမင်းနှဲ (ခ) ထမနဲ အကြောင်းသိကောင်းစရာထမနဲ ထိုးနည်းကဗျာ

ထမနဲ ထိုးရန်ဖို့ ၊ စာချိုးလို့ မှာခဲ့မယ်။ဲ
တစိတ်ဆန် သည်ကောက်ညှင်းရယ်နှင့် ၊
တပိဿာ ဆီအမှန်သွင်းပါလို့  ၊
ချင်း(ဂျင်း)ကသုံးဆယ်။
မြေပဲဖြူလှော်တခွက်မယ်နှင့် ၊
အုန်းသီးဆန် အတူဖတ်ပါလို့ ၊
နှမ်းမပျက် ဤနည်းနှယ် ၊
ရေစင်ကြယ် ပထည့်ရိုး ။
လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ၊
ရောနှောကာ လူအများတို့ ရယ် အားသစ်လို့ ထိုး...။

ထမင်းနှဲသည် ကောက်ညှင်းနှင့် စီမံပြုလုပ်သော မြန်မာတို့၏ ချိုဆိမ့်မွှေးသည့် စားစရာတစ်မျိုးဖြစ်သည်။ ကောက်ညှင်းထမင်းကို ထပ်ပြန်တလဲလဲ ကော်များ၊ ပတ်စာများ နှဲဘိအလား နှဲရသောကြောင့် ထမင်းနှဲဟုခေါ်သည်။ ယင်းကို အရပ်ဒေသလိုက်၍ ယာဂုဟုလည်း ခေါ်သည်။ ယာဂုမှာ ပါဠိစကားဖြစ်၍ မြန်မာလို ဆန်ပြုတ်ဟု အဓိပ္ပါယ်ရသည်။ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ ဂျင်း၊ နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသောကြောင့် နှမ်းမနဲဟုလည်း ခေါ်ကြသည်။

ကောက်ဦးပေါ်ချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြား ကျေးလက်တောရွာများ အထိ ထမင်းနှဲထိုးပွဲများ ဆင်ယင်ကျင်းပကြသည်။ ဆယ့်နှစ်လရာသီပွဲတော်များအနက် တစ်ပွဲ အပါအဝင်ဖြစ်သော ထမင်းနှဲထိုးပွဲများကို တပို့တွဲလဆန်းမှစ၍ လပြည့်နေ့အထိသော ကာလများအတွင်း ရှေးမင်းအဆက်ဆက်မှ ဆင်းသက်ကာ အမြို့မြို့အရွာရွာတွင့် ခြိမ့်ခြိမ့်သဲမျှ ကျင်းပကြသည်။ ထို့ကြောင့် “တပို့တွဲလ၊ ကုံသို့ကျ၊ မာဃထွန်းစမြဲ၊ ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံ ယာဂုပွဲ” ဟု စပ်ဆိုကြသည်။

ထည့်သောပစ္စည်းများ အချိန်အဆမှန်၍ အထိုးနိုင်က ထမင်းနှဲသည် အလွန်စားကောင်းရုံသာမက ရက်ရှည်လည်း အထားခံသော အစာဖြစ်သည်။ ထမင်းနှဲထိုးသည့်အခါ ထည့်သည့်အချိန်အဆများကို အောက်ပါတေးထပ်မျိုးဖြင့် စပ်ဆိုထားခဲ့ကြသည်။

‘ကုံရာသီ မာသ၊ သဘာဝရွှင်စွာ။ ထာဝရစဉ်လာ၊ များသူ ငါချိမ့်သဲ။ ညာဇမ္ဗု သာဓုခေါ်အောင်၊ ယာဂုတော် ကြိုဆောင်သည့်ပွဲ။ စားတော်ရ ဆန်ပေါက်ဝါ။ လေးပြည်သာထည့်မြဲ။ ချိန်ပိဿာလျှံကြည်ရွှဲအောင်လို့၊ နှမ်းဆီလဲ ထည့်ပြန်။ မြေပဲဆန် အဋ္ဌသုညငယ်နှင့် ဒွတ္တိံသတိလဗီဇံ။ အုန်းသီးစိပ်ကျပ်ဝီသငယ်၊ လောနတံ ချိန်သတ်နှင့်။ ဂျင်းနုဖတ် သိင်္ဂီမျှင်ရွှေ၊ သုံးကျပ်မသွေ၊ နည်းစဉ်ဆက် သမုဆွေငယ်၊ ဥပဒေ မော်ကွန်းပလေး။’

အထက်ပါတေးထပ်အရ ထမင်းနှဲတိုးလိုမူ ကောက်ညှင်းဆန်လေးပြည်ကို ရေစင်အောင်ဆေး၍ ဆီတစ်ပိဿာကို ဒယ်တွင် ထည့်ကာ ဂျင်းသုံးကျပ်သားနှင့် ဆီသတ်၍ ကောက်ညှင်းထည့် နှပ်ရသည်။ ကောက်ညှင်းနပ်၍ ဆီပြန်သော် ဖိုမှချ၍ ကြေအောင်နှဲရသည်။ ယင်းသို့နှဲရာတွင် ယောက်မနှစ်လက်နှင့် ပွတ်ချေသဖြင့် ကျေသွားသော ကောက်ညှင်းတွင် မြေပဲ ၈၀ိ သား၊ နှမ်း ၃၂ိ သား၊ အုန်းသီးစိတ် ၂၀ိ သား၊ ဆား ၇ိ သား နှဲ့အောင် ထည့်၍မွှေလျှင် ထမင်းနှဲ ဖြစ်သည်။

ထမင်းနှဲသည် အပူစာချည့်ပါ၍ ဆီနိုငသော အစာဖြစ်သဖြင့် အလွန်ချမ်းသည့် တပို့တွဲလမျိုးတွင် ထိုးပွဲကျင်းပ၍ စားကြသည်ဟု ဆိုကြသည်။ အလွန်အေး၍ အဆီခြောက်ခန်းနေချိန်ဖြစ်သဖြင့် ဆီနိုင်သော ဤထမင်းနှဲကို စားသုံးလျှင် စိုပြေလာ၍ အပူဓာတ်ရလာသည်ဟု အယူရှိကြသည်။
ဒီနေ့ အလုပ်များနေလို့ ထမနဲ အကြောင်းကို ဒီနေ့မှတင်ဖြစ်တာ ခွင့်လွှတ်ပါ။ typing ပြန်ရိုက်တာမို့ နည်းနည်း အချိန်ပေးရလို့ပါ။
admin - ချမ်မြေ့

No comments:

Post a Comment