Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Wednesday, February 26, 2014

ဂျာမနီမြေ အဝေးကွင်းမှာ ရှော်ကေးကို အပြတ်အသတ်ချေမှုန်းခဲ့တဲ့ ကြယ်စင်စု မက်ဒရစ်

စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ ဂျာမနီကလပ် ရှော်လ်ကေးကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး နောက်တဆင့်တက်ရောက်ဖို့ သေချာသွားပြီဖြစ်ပါတယ်။ ဘန်ဇီမာ၊ ဂါရတ်ဘေး၊ ရော်နယ်ဒိုတို့ က တစ်ယောက်ကို နှစ်လုံးစီ သွင်းယူခဲ့ပြီး ၁ - ၆ ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်သွားပြီ ဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်က ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးရရှိခဲ့ပြီး ဥရောပချန်ပီယံဆုနဲ့ ဆယ်နှစ်ကျော်ကြာ ဝေးကွာနေတဲ့ ကြယ်စင်စုတို့ အတွက် ဒီနှစ်ဟာ ချန်ပီယံလိဂ်ရဖို့ ရေပန်းအစားဆုံးနှစ် ဖြစ်နေပါတယ်။
ချန်ပီယံလိဂ်သမိုင်းမှာ အအောင်မြင်ဆုံးကလပ်အသင်းအဖြစ် ရပ်တည်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဂျာမန်ကလပ် ရှော်လ်ကေးကို ကမ္ဘာ့အကောင်းဆုံးနဲ့ တန်ဖိုးအကြီးဖို့ ကစားသမားနှစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးနဲ့  ရော်နယ်ဒိုတို့ ခြေစွမ်းပြမှုနဲ့ အတူ သက်တောင့်သက်သာ ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၁၂ မိနစ်မှာပဲ ကာရင်ဘန်ဇီမာက ရီးယဲလ်အတွက် အဖွင့်ဂိုးကို ဂိုးဧရိယာထိပ်က သွင်းယူခဲ့ပြီး မိနစ် ၂၀ မှာ ဘန်ဇီမာပေးပို့ တဲ့ ဘောလုံးကို ဘေးလ်က ဒုတိယဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ပထမပိုင်းမှာ ရီးယဲလ်တို့  ၀-၂ ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၅၁ မိနစ်မှာ ရော်နယ်ဒိုက တတိယမြောက်ဂိုး၊ ဘန်ဇီမာ က ၅၆ မိနစ်မှာ စတုတ္ထမြောက်ဂိုး၊ ၆၈ မိနစ်မှာ ဘေးလ်က  ပဉ္စမမြောက်ဂိုးနဲ့ ပွဲချိန် ၈၈ မိနစ်မှာ ရော်နယ်ဒိုက ဆဌမ မြောက်ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ ရှော်လ်ကေးအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ မက်ဒရစ် ကစားသမားဟောင်း ဟန်တယ်လာ က သွင်းယူပေးခဲ့ပြီး ၁ - ၆ ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
ဒီပွဲမှာ ရော်နယ်ဒိုဟာ ၂ ဂိုးသွင်းယူခဲ့တဲ့အတွက် ကစားသမားဘ၀ ချန်ပီယံလိဂ်သွင်းဂိုး ၆၁ ဂိုးရှိလာပြီ ဖြစ်ပြီး ချန်ပီယံလိဂ်မှာ သွင်းဂိုး ၆၀ ထက် ပိုသွင်းနိုင်တဲ့ တတိယမြောက်ကစားသမား ဖြစ်လာပါတယ်။ ချန်ပီယံလိဂ်မှာ ဂိုးအများဆုံးသွင်းထားသူကတော့ ရီးယဲလ်ကစားသမားဟောင်း ရာအူးလ် (၇၁) ဂိုးဖြစ်ပါတယ်။
တစ်ဖက်ပွဲစဉ်မှာ မော်ရင်ဟိုရဲ့ ချယ်လ်ဆီးအသင်းဟာ တူရကီမြေမှာ ဂါလာတာစာရေးအသင်းကို နောက်ကျဂိုး ပေးလိုက်ရတဲ့အတွက် ၁ - ၁ ဂိုးနဲ့ သရေရလဒ်သာ ရရှိခဲ့ပါတယ်။ ချယ်လ်ဆီးအတွက် အဖွင့်ဂိုးကို တောရက်စ် က ပွဲချိန် ၉ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ဂါလာတာစာရေးကစားသမား Chedjou က ၆၄ မိနစ်မှာ ပြန်လည် ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးကစားသမားဟောင်း ဒီဒီယာဒရော့ဘာ ဦးဆောင်တဲ့ ဂါလာတာစာရေးအသင်းဟာ ချယ်လ်ဆီးကို အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်အသင်းတွေ ချန်ပီယံလိဂ်မှာ ရလဒ်မကောင်းနေမှုကို ဆက်မြဲစေခဲ့ပါတယ်။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့)
 လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

No comments:

Post a Comment