HIV ပိုးစွဲကပ်နေတဲ့ယောက်ျားတစ်ယောက်နဲ့ ချစ်ခဲ့မိပြီလို့ ကျွန်မ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။
ချစ်ခဲ့မိလို့လည်း အတူနေခဲ့ကြတာပေါ့။ ယုံကြည်ခဲ့တာပေါ့။ ယုံကြည်မိလို့လည်း အတူနေ
ချစ်သူဘ၀ မရောက်ခင်ကလည်း သွေးတွေ၊ ဆေးတွေ မစစ်ခဲ့ကြဘူးပေါ့။
ကျွန်မတို့အတူနေခဲ့ကြတာ သိပ်မကြာပါဘူး။ ကလေးလိုချင်စိတ်ရှိလာတော့တာပါပဲ။ ရလည်း ရခဲ့ပါရဲ့။ကျွန်မမှာ ကိုယ်ဝန်နှစ်လရှိခဲ့ပါတော့တယ်။ ဒီတော့လည်း တရားရုံးမှာ
လက်ထပ်စာချုပ်ချုပ်လိုက်ကြတာပေါ့။ တရားဝင် လက်ထပ်စာချုပ် ချုပ်ပြီးပြီ ဆိုတော့
သားရေး၊ သမီးရေး (ကိုယ်ဝန်က ရှိနေပြီကိုး) အတွက် ဆရာဝန်နဲ့ပြဖို့ စီစဉ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဖြစ်ချင်တော့ ဆရာဝန်မပြခင်မှာဘဲ ကျွန်မသွေးတွေ ဆင်းလာပါတယ်။ ဒါပေါ့။
ကျွန်မ ကိုယ်ဝန်ပျက်ကျ ခဲ့ရပြီပေါ့။ ဆေးစား၊ ဆေးကုနဲ့ပဲ ကျွန်မ ပြန်ပြီး
ကျန်းမာလာခဲ့ပြန်ပါရော။ ဒီတော့လည်း ကလေးထပ်လိုချင်ပြန်ရော။
နောက်ကိုယ်ဝန် နှစ်လရှိပြန်တော့ ကျွန်မတို့လင်မယား
ဆရာဝန်နဲ့ ပြသ တိုင်ပင်ခဲ့ကြပါတယ်။ “လန်ပန်း” ဆေးရုံမှာပါ။ ဆရာဝန်က
ကျွန်မတို့ရဲ့ နောက်ကြောင်း ရာဇ၀င်တွေ ဘာတွေ စစ်ပြီး သွေးဖောက်ပါတယ်။
အိမ်ပြန်လွှတ်လိုက်ပါတယ်။ တစ်ပတ်ကြာတော့ အဖြေသိရအောင် ဆရာဝန်ဆီ ပြန်သွားပါတယ်။
ပထမတော့ ဆရာဝန်က တကယ်လို့ ကျွန်မမှာ HIV ပိုးရှိနေတယ်ဆိုရင် ဘယ်နှယ့် လုပ်မလဲ လို့
မေးပါတယ်။ ကျွန်မကလည်း ဒီကိစ္စ လုံးဝ ပတ်သက်မှု မရှိတော့ ချက်ခြင်း ဖြေလိုက်ပါတယ်။
“မကြောက်ပါဘူး” လို့။ ဒီလိုလည်း ပြောလိုက်ရော ဆရာဝန်က အခန်းထဲ ကျွန်မယောက်ျားကိုပါ
လှမ်းခေါ်လိုက်ပါတယ်။ ပြီးတော့ ကျွန်မ ယောက်ျားမှာ HIV ပိုးရှိတယ်ဆိုတာ
ဖွင့်ပြောတော့တာပါဘဲ။
ဆရာဝန်ရဲ့သဘောကတော့ ဒီကလေးကို မယူစေ့ချင်ပါဘူး။ ကလေးမှာလည်း HIV ပိုးစွဲကပ်နေမှာ
စိုးရိမ်လို့ပါ။ ကျွန်မမှာလေ .... ထိတ်လန့်တကြားမို့ တုန်လှုပ်သွားလိုက်ရတာ။ ကိုင်း
... ကျွန်မ ဘာလုပ်မလဲ။
ကျွန်မတို့လင်မယားဟာ“ရှေ့ဆက်ဘာလုပ်ကြမလဲ” ဆိုပြီး ဆွေးနွေးတိုင်ပင် ရုံကလွဲလို့ ဘာမှမလုပ်တတ်မကိုင်တတ်တော့ပါဘူး။
ကျွန်မကသူ့ကိုမေးပါတယ်။ ဒီရောဂါဘယ်က ရလာသလဲလို့။ သူက “ချိုင်ဂရေး” ကတဲ့။ အပျော်အပါးပေါတဲ့မြို့ ဆိုပါတော့။ ဒီအတွက် ကျွန်မ သူ့ကို အပြစ်မတင်နိုင်တော့ပါဘူး။ ဒီဇာတ်လမ်းက
ပြောရရင် အရှည်ကြီးပါ။ ဇာတ်ကြောင်းပြန်လို့လည်း မထူးတော့ပါဘူး။ အရေးကြီးတာက
ခုနှယ်ခါမှာ သူနဲ့ ကျွန်မ တစ်ယောက်ကို တစ်ယောက် ကြင်ကြင်နာနာနဲ့ ဂရုတစိုက်
ရှိနေကြဖို့ပဲ မဟုတ်လား။
နောက်လေးငါးနှစ်ကြာတဲ့အခါမှာတော့ ကျွန်မ ယောက်ျားဟာ
မူပျက်လာပါတော့တယ်။ သူခဏခဏ ဖျားတယ်။ အပင်ပန်းမခံနိုင်တော့ဘူး။
ဝမ်းလျှောတယ်။ ကိုယ်အလေးချိန်တွေ ကျလာတယ်။ သူဟာ ဆေးရုံမှာ ပုံမှန်ပြရှာပါတယ်။
ဒါပေမဲ့ ခဏလေးပါပဲ။ သူဆေးရုံပြပြီး မကြာခင် ဆုံးပါးသွားပါတယ်ရှင်။
ယောက်ျားဆုံးပြီး ငါးနှစ်လောက်ကြာတော့ ကျွန်မဟာ “နမိုးနီးယား” ဖြစ်ပါတယ်။ ကျွန်မရဲ့
သွေးသားတွေဟာ မူမမှန်တော့ပါဘူး။ ကျွန်မဟာ “လန်ပန်း” ဆေးရုံမှာ နှစ်ဆယ့်ငါးရက်လောက်
တက်လိုက်ရပါတယ်။ နေကောင်းသွားတဲ့ အထိပေါ့လေ။
ပြောချင်တာကတော့ကျွန်မရဲ့ အဖြစ်အပျက်တွေကို တခြားမိန်းကလေးတွေ နမူနာ ယူကြဖို့ပါ။
လက်ထပ်တော့မယ်ဆိုရင် သွေးစစ်ကြစမ်းပါ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ချစ်သူရဲ့
အတွင်းသဏ္ဌာန်ကို ပြင်ပ ပုံစံကို ကြည့်ရုံနဲ့ ဆုံးဖြတ်လို့မရဘူး။ သိပ်ပြီး
သိမ်မွေ့တယ်။ အသိခက်တဲ့ရောဂါ၊ ကျွန်မ ပြောတာကို နားထောင်ကြပါရှင်။
နို့မို့လို့ကတော့ ၀မ်းနည်းစရာတွေနဲ့ ကြုံကြရမှာ အသေအချာပါပဲ။
(ချစ်သူကို
ယုံစားပြီး အတူနေမိလို့ ဒုက္ခနှင့် ကြုံသွားရသည့် ယိုးဒယားမိန်းမငယ်တစ်ဦး၏
ကိုယ်တွေ့ဘ၀ ဇာတ်ကြောင်းဖြစ်ပါသည်။
သူကိုယ်တိုင် ရေးသည့် စာစုလေးလည်း ဖြစ်ပါသည်။ ချစ်သူကို အပြစ်ယူလို့လည်း
မဖြစ်နိုင်ပါ။ ခမျာမှာလည်း ငယ်ရွယ်သူမို့ အပျော်လိုက်မိတာကို ခွင့်လွှတ်နေမိပါသည်။
ခက်တာက သားရေးသမီးရေး ကိစ္စဖြစ်သည်။ ဆေးပညာအလိုအရ HIV ပိုးရှိသူ မိဘ တစ်ဦးဦးနဲ့ပတ်သက်ပြီး
မွေးလာသည့်ရင်သွေးမှာ HIV ပိုးစွဲကပ်ဖို့က နှစ်ဆယ့်ငါးရာနှုန်းက သုံးဆယ်ရာနှုန်းအထိ
ရှိနေပါသည်။ ထို့ကြောင့် ကိုယ်ဝန်ရှိပြီဆိုတာနှင့် တတ်ကျွမ်းသည့် ဆရာဝန်နှင့်
ပြသပြီး အကြံဥာဏ်ယူကာ ကုသမှု ခံယူသင့်ပါသည်။ ဤသို့ဆိုလျှင် HIV ပိုးစွဲကပ်သော
ကလေးငယ်များ၏ ရာနှုန်းကို လျှော့ချနိုင်ပါလိမ့်မည်။ ဆယ်ရာနှုန်းလောက်
ကျသွားနိုင်သည်ဟု ဆိုပါသည်။
မည်သို့ပင်ရှိစေ၊ ကျွန်တော်တို့ နိုင်ငံမှ
အမျိုးသမီးများအဖို့တော့ ကံကောင်းသည်ဟု ဆိုရပါမည်။ သို့မဟုတ် ရိုးရာယဉ်ကျေးမှုက
ကယ်ဆယ်သည် ဆိုရပါမည်။ အကြောင်းမှာ ကျွန်တော်တို့ဆီတွင် အတူနေချစ်သူဆိုသည့်
အိမ်ထောင်ရေးမျိုး အလွန်ရှားသောကြောင့်ပင်။
ယိုးဒယားနိုင်ငံရှိ
လန်ပန်း ဆေးရုံသည် HIV/ AIDS ရောဂါသည်များအား ဆေးဝါး ကုသရင်း အကူအညီပေးနေ ပါသည်။ထိုဆေးရုံမှ ပြင်ပ လူနာများ၊ အတွင်းလူနာများအား Japan ainternational Co-operationမှ တွေ့ဆုံပြီး ကာယကံရှင်များအား မိမိတို့ ကိုယ်တွေ့ ဝေဒနာဖြစ်ရပ်များကို
ရေးသားစေပြီး Lesson of Light အမည်ရှိ စာအုပ်ငယ်တွင် ဖော်ပြ ပုံနှိပ်၍ ဖြန့်ချီပေးပါသည်။
ထိုအထဲမှ ဝေဒနာရှင် လုံမငယ်၏ စာစုကို ဘာသာပြန်လိုက်ခြင်း ဖြစ်ပါသည်။)
By HIM
No comments:
Post a Comment