Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Monday, November 25, 2013

ဆီးဂိမ်းကာလ ကျောင်းတွေ ပိတ်ထားဖို့ အားကာအဆိုပြု

လာမယ့် ဒီဇင်ဘာလ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း) ကျင်းပချိန်မှာ နေပြည်တော်မှာရှိတဲ့ အခြေခံ စာသင်ကျောင်းတွေကို သီတင်း ၂ ပတ်ကြာ ပိတ်ထားပေးဖို့ အားကစား ၀န်ကြီးဌာနက သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြထားတယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၄၀ ကြာမှ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တကြော့ပြန်လက်ခံကျင်းပမယ့် ဆီးဂိမ်း အားကစားပြိုင်ပွဲကာလမှာ နေပြည်တော်မှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ လေ့လာနိုင်ဖို့ အတွက် ကျောင်းတွေ ပိတ်ပေးဖို့ ဆီးဂိမ်းကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးက သက်ဆိုင်ရာ အကြီးအကဲတွေကို တင်ပြထားတယ်လို့ အားကာလူထု ပညာဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောပါတယ်။

ပညာရေး ၀န်ကြီးဌာနကလည်း သက်ဆိုင်ရာ အကြီးအကဲတွေကို တင်ပြပြီး ကျောင်းပိတ်ရက် အဖြစ် သတ်မှတ်မှာဖြစ်ပြီး ခွင့်ပြုပေးမယ့် အနေအထားမျိုးရှိတဲ့ အကြောင်း ဦးဌေးအောင်က ပြောပါတယ်။

“ကိုယ့်ဆီမှာ နှစ်ပေါင်း ၄၀ ကျော်မှ တကြိမ်ကျင်းပခွင့်ရတဲ့ အားကစားပြိုင်ပွဲကြီးကို ကြည့်ရှုလေ့လာခွင့်ရအောင်ပေါ့။ ဒီကာလမှာ အားကစား ပြိုင်ပွဲဝင်နိုင်ငံတွေကို လိုက်ပါအားပေး နိုင်တဲ့ အခွင့်အရေးရဖို့ ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ဖို့ တင်ပြထားတာရှိပါတယ်။ ဒီဟာကိုလည်း ပညာရေး ၀န်ကြီးဌာနကနေပြီး အကြီးအကဲတွေရဲ့ ခွင့်ပြုချက်ယူပြီး ကျောင်းပိတ်ရက် အဖြစ် သတ်မှတ်သွားမယ်လို့ သိထားပါတယ်ခင်ဗျ။”

နေပြည်တော်ရှိ အခြေခံ ပညာကျောင်းတွေကို တရားဝင်ပိတ်ပေးဖို့ကိုသာ အဓိကထား တင်ပြတာ ဖြစ်ပြီး ရန်ကုန်၊ ငွေဆောင်၊ မန္တလေး စတဲ့ပြိုင်ပွဲ ကျင်းပတဲ့နေရာတွေမှာရှိတဲ့ကျောင်းတွေလည်း ပါဝင်နိုင်တယ်လို့ သူက ပြောပါတယ်။

ကျောင်းပိတ်ရက်ကာလမှာလည်း ၂ ပတ်လောက်ဖြစ်မယ်လို့လည်း သူက ခန့်မှန်းပါတယ်။

ကျောင်းသားတွေအနေနဲ့ ကျောင်းပိတ်ရက်တွေကို အစားထိုးပြန်တက်ရဖို့ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

ကျောင်းတွေပိတ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက ပြောခွင့်ရ ပုဂ္ဂိုလ်များကို ဆက်သွယ်ပေမယ့် ဖုန်းကိုင်ဖြေကြားခဲ့ခြင်း မရှိပါဘူး။
နေပြည်တော် ပညာရေးညွန်ကြားရေးမှူးရုံးကတော့ ဒီဇင်ဘာ ကျောင်းပိတ်ရက် ပုံမှန်ရှိမှာ ဖြစ်ပြီး ဆီးဂိမ်းကြောင့် မဟုတ်ကြောင်း ဆီးဂိမ်းကာလ ကျောင်းပိတ်မယ့် ကိစ္စကို ကြားသိရခြင်းမရှိသေးဘူးလို့ ပြောဆိုပါတယ်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်ကနေ ၂၂ ရက်ထိ နေပြည်တော်၊ ငွေဆောင်၊ ရန်ကုန်၊ မန္တလေးမြို့တွေ ကျင်းပမှာဖြစ်ပါတယ်။

No comments:

Post a Comment