မြန်မာနိုင်ငံပညာရေး စနစ်ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ကြဖို့ဆိုတာ ဦးနုရဲ့ ပါလီမန်အစိုးရ လက်ထက် ကတည်းက လွှတ်တော် မှာ အော်လာလိုက်တာ အခုအထိ မဆုံးသေးဘူးဗျ။ အောင်မောင်းတို့ နိုင်ငံမှာ အဲဒီ ကတည်းက ပညာရေးစနစ်ကို တစ်ချိန်လုံး ပြောင်းနေလိုက်တာလည်း မဆုံးနိုင်အောင်ပဲဗျာ။ ကျောင်းသားဆိုတဲ့ သူတွေကတော့ ခေတ်အဆက်ဆက် အစမ်းသပ်ခံပေါ့။ ပညာရေးစနစ် ကျဆုံးရတဲ့ အချက်တွေထဲမှာ ပညာရေးကို နိုင်ငံရေးနဲ့ ချိန်ဆကာ ဆောင်ရွက် နေကြတဲ့ အစိုးရတွေ အဆက်ဆက်ကြောင့် ဆိုတာက အဓိကပဲဗျ။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ပညာရေးနဲ့ဟာ ဆက်စပ် နေတော့ တက်လာတဲ့ အစိုးရတိုင်းက ဒါကို ချိန်ဆ ဆောင်ရွက်နေကြလို့ ဆိုတဲ့ အချက်ဟာ ပညာရေး ကျဆင်းရခြင်းနဲ့ ဆက်စပ်နေတဲ့ ငြင်းပယ် မရတဲ့အချက် လို့ အောင်မောင်း ထင် တယ်။ နောက်တစ်ချက် က ကျောင်းဆရာတွေရဲ့ အခန်းကဏ္ဍပဲ။ နိုင်ငံတစ်ခုမှာ စာရိတ္တမဏ္ဍိုင်ရဲ့ နောက်ဆုံး ပျက်စီးတဲ့ နေရာဟာ ဆရာဆရာမတွေပဲလို့ အဆိုရှိတယ်ဗျ။ ဆရာတွေဟာ သူတို့ကို ဂုဏ်သိက္ခာ လေးစားရမယ့် သူတွေအဖြစ်နဲ့ သတ်မှတ်ထားခြင်း ခံရတဲ့အတွက် တတ်နိုင်သမျှ အဂတိလိုက်စားမှု ကင်းစွာနဲ့ သိက္ခာတွေ ထိန်းကာ အငတ်ခံ၊ တောင့်ခံကြပြီး နောက်ဆုံး မခံနိုင်တော့တဲ့အချိန်မှာမှ စာရိတ္တပျက်ယွင်း ကြတာဖြစ်တဲ့ အတွက်ကြောင့် သူတို့ပျက်ပြီ ဆိုရင်တော့ တိုင်းပြည်ရဲ့ အဂတိလိုက်စားမှု၊ စာရိတ္တပျက်ယွင်းမှုဟာ အဖတ်ဆယ်ဖို့ မလွယ်တော့ဘူးလို့ ဆိုတယ်ဗျ။ ကဲ ဒီနေ့ မြန်မာနိုင်ငံမှာ ရှိတဲ့ဆရာ၊ ဆရာမတွေရဲ့အခြေနေကိုအဲဒီ ပေတံနဲ့ လေ့လာတိုင်းတာ လိုက်တဲ့အခါ ဘယ်အခြေအနေ ရောက်နေတယ်ဆိုတာ အောင်မောင်း သာမက ပြည်သူတွေ အလိုလို သိနိုင်မှာပါနော်။ အခြေခံ အကြောင်းရင်းကတော့ ၀မ်းစာမလုံလောက်မှုကို တောင့်မခံနိုင်တဲ့ အဆုံးမှာ သိက္ခာမစောင့်စည်း နိုင်တော့ဘဲ ၀မ်းဝမယ့် လမ်းစရှာလာကြတာပါ။ ကြာလာတော့ အစွယ်တွေ ပေါက်ပြီး ဘီလူး ဘ၀ ရောက်ကုန်ကြတာ တွေ့နေရတယ်။ ပီတိထက် အဂတိကို မက်မော လာကြတာဟာ ဆရာ လောကကို လုံးဝ ပျက်ယွင်းစေတယ်ဗျ။ စာရိ္တပျက်ယွင်းမှုကို ပြန်လည် ဖာထေးရတာဟာ တကယ်မလွယ်တဲ့ လုပ်ရပ် ဖြစ်သွားပါပြီ။…
ဒီလိုတွေ ဖြစ်နေတာမှာ စနစ်နဲ့စနစ်ကို အကောင်အထည်ဖော်တဲ့ သူတွေရဲ့ ဖောက်ပြန်မှုက စတင်လာတာ ဖြစ်ပြီး သူတို့တောင် လုပ်သေးတာ ငါတို့က ဘာအရေးလဲ ဆိုတဲ့ အတွေးက စာရိတ္တပျက်ယွင်း စေတဲ့လမ်းကြောင်း ဘက်ကို ပြောင်းသွား စေတာလည်း ပါတယ်ဗျ။ ကျောင်းတွေမှာ အမိန့်အာဏာကြောင့် အအောင် ပေးရတာတွေ၊ ခြိမ်း ခြောက်လို့ အအောင် ပေးရတာတွေ ဖြစ်လာရာက တစ်ဆင့် အဂတိလိုက်စားတဲ့ အထိ ဖြစ်လာပါရော။ ဒီအဖြစ်အပျက် တွေဟာ မကြာသေးတဲ့ အတိတ်သမိုင်းမှာ တစ်ပုံကြီးဗျ။ စာမေးပွဲခန်းကို တစ်နယ်တစ်မင်းတို့က ကိုယ့်သားသမီးကို လုံခြုံရေး အစောင့်နဲ့ လာအဖြေခိုင်းပြီး လုပ်ချင်တိုင်း လုပ်ကာ ဖြေခွင့်ရတာတွေ ကြည့်ပြီး ကျန်တဲ့ကျောင်းသူ ကျောင်းသားတွေကလည်း သူတို့တောင် လုပ်သေးတာဆိုတဲ့ စိတ်ဓာတ်တွေ ၀င်သွားပြီး တစ်ခန်းလုံး ပွဲတော်ကြီးပမာ လွတ်လပ်စွာ ဖြေဆိုကြတာတွေ ကလည်း အတိတ်သမိုင်း တစ်လျှောက် ကြားခဲ့ရတဲ့ ဇာတ်လမ်းတွေထဲမှာ ပါခဲ့တယ်ဗျ။ အောင်မောင်း သူငယ်ချင်းတွေ ထဲက သည်နေ့ သည်အချိန်မှာ သက်ဆိုင်ရာ ဘာသာရပ်တွေရဲ့ပါမောက္ခတွေတောင် ဖြစ်နေကြတော့ ပညာရေး လောက ဗိုလ်ကျခံရမှုတွေကို သူတို့ ပြောပြတာတွေက မကြားချင် အဆုံးလေ။ ပြောစရာ ဖြစ်ရပ်တွေကလည်း အများကြီးဗျ။ သည်ခုံနံပါတ်တွေကို ဘာလုပ်ပေးပါ ဆိုတဲ့ နှုတ်မိန့် လာတာတွေကို ပြန်မပြောရဲတဲ့ အခြေအနေ တွေက ကြာလာတဲ့အခါ သူတို့တောင် ဒီလို လုပ်သေးတာဆိုတဲ့ အတွေးတွေ ၀င်လာရာကအစ ပညာရေး လောကရဲ့ အစိတ်အပိုင်းအချို့မှာ စာရိတ္တမဏ္ဍိုင် ယိမ်းယိုင် လာတာပေါ့ဗျာ။ ခေါင်က မိုးမလုံလို့ အများမိုးခါးရေ သောက်လိုက်တာကအစ၊ ပညာရေးဘ၀ စာရိတ္တအဆုံး ပျက်သုဉ်းရတာတွေ ဖြစ်လာပါရော။
တကယ်တော့ မြန်မာနိုင်ငံရဲ့ သင်ရိုး တွေ၊ ဖတ်စာအုပ်တွေဟာ နိုင်ငံတကာ စံချိန်မီပြီးသား ဆိုတာ နိုင်ငံခြားကို ရောက်သွားတဲ့ ကျောင်းသားတိုင်း သိပြီးသားပါ။ ဒါတွေကို အဓိကပြင်ရမှာ မဟုတ်ဘူး။ လူနဲ့ မူကို ပြင်ရမှာပါ။ အခုတစ်လော ကြားနေရတာတွေက အများကြီး။ စာမေးပွဲစနစ် ပြင်ရမယ်၊ သင်ရိုးတွေ ပြင်ရမယ်၊ ဘာညာပေါ့။ မကြာသေးတဲ့ ကာလအတွင်း န၀မတန်း အထိ စာမေးပွဲစနစ်ဟာ အဓိက မဟုတ်ဘဲ ကျောင်းတွင်း လုပ်ဆောင်ချက်တွေနဲ့ အအောင်ပေးနေတဲ့ ယနေ့ခေတ် ပေါ်စနစ်ပဲလေ။ ကျောင်းနေပျော်၍ စာတော်ရမည်ဆိုတဲ့ ဆောင်ပုဒ်တောင် ကြားဖူး လိုက်သေးတယ်လေ။ သေချာတာကတော့ မအောင် မရှိ ငါ့တပည့် ဆိုရမယ့် အတိုင်းပါပဲ။ ကျောင်းသားတွေလည်း အခက်အခဲ နည်းနည်းလေးမှ မရှိဘဲအောင် နေကြတာပါ။ သည်စနစ် ကျင့်သုံးလိုက်တော့ ဘာဖြစ်သလဲဆိုရင် ရန်ကုန်က နာမည်ကြီး ကျောင်းတွေမှာ တက်တဲ့ ကျောင်းသားတွေက အိမ်ပြန်ရင် ကျောင်းစာအုပ်တွေ ပြန်ယူမသွားဘဲ ကျောင်းမှာပဲ ထားခဲ့ကြတယ်။ အိမ်ပြန်ရင် လွယ်အိတ် မပါသလို ကျောင်းသွားရင်လည်း လွယ်အိတ် မလိုဘူးတဲ့ဗျ။ အချိန်တန်ရင် အောင်မယ် ဆိုတာ သိနေတယ်လေ။ အဲဒီလောက် အခွင့်အရေး ပေးထားတဲ့ ကြားထဲက ကျတဲ့လူရှိရင်လည်း ဆရာတွေက ကျောင်းမဖွင့်ခင် အချိန်ပိုသင်ပြီး ကျတဲ့သူကို အအောင်ပေးဖို့ စာမေးပွဲ ပြန်ဖြေခိုင်းရ သေးတယ်ဗျာ။ ကြာလာတဲ့ အခါ ဆရာတွေက အလုပ်ပိုအဖြစ် ထပ်သင်ရင်းနဲ့ အချိန်ကုန် မခံတော့ဘဲ တစ်ခါတည်း အအောင်ပေးလို့ ရအောင် ဖန်တီး ပေးလိုက်တာတွေ ဖြစ်လာပါရော။
တက္ကသိုလ်မှာ ဒီအတိုင်းပဲတဲ့ဗျ။ မအောင်ရင် မေးခွန်းထပ်ထုတ်ပြီး စာမေးပွဲ လုပ်ပေးရတယ်။ ဒါမှ မအောင် သေးရင် ထပ်ပြီး မေးခွန်းထုတ်ပြီး ထပ်ဖြေ ခိုင်းရတယ်ဆိုပဲ။ ကြာတော့ ဆရာတွေက အလုပ်ရှုပ် မခံတော့ဘဲ အောင်မှဖြစ်မယ် ဆိုတာ သိနေတော့ အအောင်တစ်ခါတည်း ပေးလိုက် တော့တယ်တဲ့။ ကျောင်းသားကလည်း ဖြေတာနဲ့ အောင်မယ် ဆိုတာသိတော့ ကျောင်း မတက်တော့ဘူး။ ဒါရဲ့အဖြေက တဖြည်းဖြည်းချင်း အရည်အချင်းမဲ့တဲ့ ပညာရေးစနစ်ကို ရောက်စေတယ် ဆိုတာပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံမှာ စံနဲ့ လုပ်မရ သေးတာတွေ အများကြီးဆိုတာကို သိဖို့ လိုတယ်ဗျ။ နိုင်ငံတကာစံကို ကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ မကိုက်ဘဲ အတင်းရိုက်သွင်းလို့ မဖြစ်တာတွေ အများကြီးဗျ။ စာမေးပွဲစနစ်ဟာ မရှိသင့်တော့တာ မှန်ပေမယ့် သည်နိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်နေတဲ့ နိုင်ငံရေးစနစ်၊ လူနေမှုစနစ်တွေနဲ့ဟန်ချက်ညီဖို့က လိုပါသေးတယ်။ ဖြစ်ချင် တာတွေကို ပြည်ပ နိုင်ငံများ အလိုကျ လိုက်လုပ်နေလို့ကတော့ ပြင်လို့မဆုံးတဲ့ ပညာရေး ဖြစ်မှာကလွဲလို့ ဘာမှ ထူးမလာဘဲ အစမ်းသပ်ခံ ပညာရေးပဲ ဖြစ်မှာလို့ အောင်မောင်း မြင်တယ်ဗျာ။
တစ်ခုတော့ ရှိတာပေါ့။ ကိုယ်က သူတို့ပေးမယ့် ပညာရေး ထောက်ပံ့ငွေတွေ မက်ပြီး ဟန်ကျပန်ကျ စီမံကိန်းတွေဆွဲ၊ နိုင်ငံတကာ စာတမ်းဖတ်ပွဲတွေ လုပ်ပြီး ပညာရေးကို ဘယ်လိုပြင်မယ်၊ ညာလိုပြင်မယ်ဆိုပြီး လုပ်ကိုင် စားသောက် နေကြရင်တော့ ပြင်လိုက်ညာလိုက် ပညာရေး ဖြစ်လာမှာပေါ့ဗျာ။ နိုင်ငံတကာ အထောက်အပံ့တွေ ရထားတဲ့ ပြင်ပအဖွဲ့အစည်းတွေကလည်း ပေးတဲ့သူ အလိုကျ ဘယ်လိုပြင်မယ်ဆိုတာ ဟန်ရေး တပြပြနဲ့ တွေ့နေရတယ်ဗျ။ ခေတ်အဆက်ဆက်က ပညာရေးမှာ ဦးစီးဦးဆောင် ပြုလုပ်ခဲ့ကြတဲ့ သူတွေကလည်း အခုပညာရေး ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုမှာ တက်တက်ကြွကြွ လက်သီးလက်မောင်း တန်းကာ အရင်တုန်းက ပညာရေးက ဘာညာဆိုပြီး ပြောဆိုလာကြတာ တွေ့နေရတယ်ဗျ။ ရယ်တော့ ရယ်စရာ အကောင်းသား။ တစ်ချိန်က သူတို့ ဖျက်ခဲ့လို့ ပျက်ခဲ့ရတဲ့ ပညာရေးကို သူတို့က ပြုမယ်ပြင်မယ်တွေ လုပ်နေတဲ့အခါ ရယ်ချင်စရာ မကောင်းပေဘူးလား။ တချို့ဆိုရင် ပညာရေး ဖောင်ဒေးရှင်းတွေတောင် ဖွဲ့ထား လိုက်သေးတယ်။ ဒီကြားထဲမှာ နိုင်ငံခြားက အကြောင်း အမျိုးမျိုးကြောင့် ပြန်ရောက်လာသူ တွေကလည်း ပွဲတော်အမီ နွှဲပျော် လိုက်ကြသေးတယ်။ သူတို့သာလျှင် ကယ်တင်ရှင် ပုံစံတွေနဲ့ပေါ့လေ။ ဟန်ပန်တွေ၊ မှင် မောင်းတွေနဲ့ ဘာမသိညာမသိ၊ သဘာပတိတောင် တက်လုပ် လိုက်ကြသေးတယ်။ လျှောက်ပြန် သံပေးတွေနဲ့ သူတို့မကယ်ရင် မြန်မာပြည်ကြီး သေဖွယ်ရာ ပုံစံမျိုးတွေနဲ့ လုပ်နေတာ အောင်မောင်းတော့ ရယ်ချင် လာတယ်ဗျာ။ ဘာကြောင့်လဲဆိုတော့ သူတို့အကြောင်း အောင်မောင်းက ငယ်ပေါင်းမို့ သိနေသကိုး။ အောက်က နားထောင်နေတဲ့ သူတွေထဲမှာလဲ သူတို့ ဘယ်လို ထွက်သွားပြီး ဘယ်လို ပြန်ရောက်လာ ကြတယ် ဆိုတာ အသိပဲလေ။ အစိုးရကလည်း နိုင်ငံခြားက ပြန်လာပြီး ဒေါက်တာ တပ်လာတယ်ဆိုရင် ကယ်တင်ရှင်လို ဆရာတင်လိုက်တာပဲဗျ။ လိုအပ်ရင် လွှတ်တော်ကိုတောင် ဒေါက်တာဘွဲ့ ရထားတဲ့သူကို ဒီလိုမပြောပါနဲ့လို့ ကန့်ကွက်ရဲတာဗျ။ နိုင်ငံခြားကို ထွက်သွားတုန်းက ဘယ်လိုကြောင့် ထွက်သွားတာလဲ၊ ပြန်လာတာက ဘယ်လို အခြေအနေကြောင့် ပြန်လာတာလဲ၊ သူ့ အရည်အချင်း ဘယ်လောက်ရှိလဲ ဆိုတာ မလေ့လာ တော့ဘူးဗျ။ ပုလင်းတူနဲ့ဘူးဆို့နဲ့တော့ အလိုက်သားလား။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် အသုံးချနေကြတာဆိုရင် မမှားဘူး ထင်တယ်။
ကဲသူတို့ကရော ပညာရေးမှာ ဘာပြင်မှာတုန်းလို့ အောင်မောင်း မေးလိုက်ချင်တယ်။ ရောမိရောရာ ငါလည်းပါ ဆိုတာတွေက အများသားလား။ နောက်ပြီးတော့ တိုးတက်လာတဲ့ ကမ္ဘာကြီးရဲ့ ခေတ်စနစ် အခြေအနေတွေနဲ့ အတော်လေး မျက်ခြည် ပြတ်နေသူတွေကို နိုင်ငံတော်က ပြန်လည် အသုံးပြု နေတာကလည်း ဘယ်လမ်းကို သွားချင်လို့လဲ ဆိုတာ စဉ်းစားစရာဗျ။ ချဉ်ချဉ်တူးတူး၊ မူးပြီးရော လုပ်နေတာလားတော့ မသိဘူးဗျ။ နိုင်ငံခြား အကူအညီ ရတဲ့သူတွေက ကမ္ဘာမှာ ဘယ်လို ပညာရေး ပုံစံနဲ့သွားနေပြီဆိုပြီး အာပေါင်အာရင်း သန်သန်နဲ့ ကိုယ့်နိုင်ငံနဲ့ လိုက်သည် မလိုက်သည်မသိ အော်ဟစ်နေကြသလို ခေတ်ဟောင်းအမြင်နဲ့ ခရီးနှင် လိုသူတွေ ကလည်း သူတို့ ဖျက်ခဲ့တဲ့ ပညာရေး စနစ်ကို အတိတ်မှာ အသာထားပြီး ခေတ်သစ်စကားတွေနဲ့ နှစ်ပါး သွားလာတာ မြင်ရပြန်ရော။ အင်း တော်တော်တော့ ခက်နေပါလားလို့ အောင်မောင်း သက်ပြင်းချမိတယ်။ အတိတ်က ပညာရေး စနစ်ကို မကြိုက်လို့ ခပ်ကင်းကင်း မပြောဘဲ နေကြတဲ့ အလွန် ထင်ရှားတဲ့ သူတွေလည်း ရှိခဲ့တာ အမှန်ပါ။ အလွန်လေးစား လောက်သူတွေပါ။ ဒါပေမဲ့ အဲဒီဆရာကြီးတွေက အခုလည်း ရှေ့တန်း ထွက်မလာဘူးဗျ။ သူတို့က ပညာရှိကြီးများပီပီ မေးမှပြော၊ တီးမှမြည်တဲ့သူတွေ။ အဖားအရား ကလည်း မရှိတဲ့ လူတွေလေ။ စနစ်တွေ၊ ခေတ်တွေကို နောကျေနေသူတွေ ဆိုတော့ ဘေးက ထိုင်ကြည့် နေကြလေရဲ့။ ကြည့်ရုံကြည့်နေသလား၊ ပြုံးနေသလားတော့ အောင်မောင်းလည်း မသိပေါင်ဗျာ။ ဘယ်သူတွေ ဘာပြောနေနေ အစိုးရကလည်း ပြင်မှာပဲလို့ နိုင်ငံခြားငွေလေး မျှော်တွေးကာ အော်နေတယ် ထင်ရဲ့။ နိုင်ငံရေး ခေါင်းဆောင် အချို့ကလည်း သူတို့ပဲပြင်မယ်ဆိုပြီး ဒေါ်လာအရေး မျှော်တွေးကာ အော်နေပါလေရဲ့။ ပြင်ပအဖွဲ့အစည်း များကလည်း ကူငွေလေး မျှော်တွေးကာ ပြင်မှာပဲလို့ အော်နေပါလေရဲ့။ လွှတ်တော်ကြီးကလည်း ပြင်ရမယ် ဆိုပြီး ကော်မတီတွေ ဖွဲ့နေလေရဲ့။ အဲဒီကော်မတီက တက်ကြွ နေသူတွေ ကြည့်လိုက်တော့လည်း ဟိုယခင် က အပီအပြင် ပျက်စီးခဲ့တဲ့ ပညာရေးကာလမှာ ကိုယ်တိုင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေ ဖြစ်နေတာ တွေ့ရတယ်ဗျ။ နောက်ဆုံးတော့ ဘာကြောင့် ပြင်ချင်တယ်ဆိုတာ အောင်မောင်း သဘောပေါက်လာတယ်။ ပြင်ချင်တာဟာ ညာချင်တာနဲ့ ဆက်စပ်နေသကိုးလို့။
အဲဒီပညာရေးစနစ် ပြုပြင်ရေးနဲ့ရောယောင်ပြီး တက္ကသိုလ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးဖို့ အော်သံ တွေလည်း မြည်လာတယ်ဗျ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဆက်စပ်နေတာက ကိုယ့်ရန်ပုံငွေနဲ့ကိုယ် စခန်းသွားရ ခြင်းပဲဗျ။ နိုင်ငံတော်က အဲဒီတက္ကသိုလ်ရဲ့ ဘတ်ဂျက်ကို တာဝန်ယူစရာမလိုမှ သူ့ လုပ်ပိုင်ခွင့်နဲ့အပြည့်အ၀ သူ့ကိုယ်ပိုင်အုပ် ချုပ်ခွင့်ကို ရရမှာဗျ။ နိုင်ငံတော် အထောက်အပံ့ကို ယူပြီး ကျူပ်လုပ်ချင်တာ လုပ်မယ် ဆိုတာမျိုးတော့ အောင်မောင်း မကြားဖူးဘူးဗျ။ ဂျပန်မှာ ကိုယ့်ရန်ပုံငွေနဲ့ ရပ်တည်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ တက္ကသိုလ်က တစ်ကျောင်း နှစ်ကျောင်း လောက်သာ ရှိတယ်လို့ မှတ်သားရ ဖူးတယ်ဗျ။ အဲဒီကျောင်းတွေ တောင် အခြေယိုင်လာလို့ အစိုးရ အကူအညီ ပြန်ယူနေရပြီလို့ သိရတယ်။ ကျန်တာတွေဟာ နိုင်ငံတော် အထောက်အပံ့ ယူထားတဲ့အတွက် အပြည့်အ၀ ဆုံးဖြတ်ခွင့် မရကြဘူးလို့ ဆိုတယ်။ ဒီအတိုင်းပါပဲ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ တက္ကသိုလ် တစ်ခုဖြစ်ဖို့ ကိုယ်ပိုင် ရန်ပုံငွေနဲ့ ရပ်တည်နိုင်အောင် လုပ်နိုင်တဲ့ စွမ်းအင်မျိုးရှိတဲ့ တက္ကသိုလ်မျိုးဖြစ်ဖို့ မြန်မာနိုင်ငံမှာတော့ အောင်မောင်း မမြင်သေးဘူးဗျ။ နိုင်ငံတော်ရဲ့ ထောက်ပံ့ငွေနဲ့ ရပ်တည်ပြီး ဖြေလျှော့လို့ ရတာတွေ ဖြေလျှော့တာမျိုးသာ ဖြစ်နိုင်မှာပါ။ ဖြေလျှော့စရာတွေက အများသားဗျ။ တကယ်တော့ အဆင့်ဆင့် သွားနေတဲ့ ဗျူရိုကရေစီ ယန္တရားကြီးကို အရင်ဖြုတ်ချရမှာဟာ ပညာရေးရဲ့ အဓိက လိုအပ်ချက်ပဲဗျ။ နိုင်ငံခြားကလာတဲ့ စာတစ်စောင်ကို နှစ်ဝက်လောက် ကြာတာတောင် အပေါ် မရောက်ဖူးတဲ့ ကိစ္စတွေ၊ ၀န်ကြီးဌာနနဲ့ အထက် အဖွဲ့အစည်းကြားမှာ အချိန်ကြာမြင့်မှုတွေ အများကြီး ပြင်ရဦးမှာပါ။ ယန္တရား စနစ်ကို အရင်ပြင်ဖို့ လိုမယ်လို့ အောင်မောင်း ထင်တယ်။ တစ်ချိန်လုံး ဂျာနယ်တွေထဲမှာ ဖတ်နေရတဲ့ ဆရာ ဆရာမတွေ လွတ်လပ်စွာ နိုင်ငံတကာနှင့် ဆက်ဆံသွားလာခွင့်၊ သက်ဆိုင်ရာ ပါမောက္ခရဲ့ တာဝန်ယူ ရွေးချယ်မှုနဲ့ လွတ်လပ်စွာ ပညာသင်ခွင့်၊ လွတ်လပ်စွာ ပူးတွဲ သုတေသနပြုခွင့် တွေပေးရမှာ၊ စာတမ်း ဖတ်ခွင့်တွေ ပေးရမှာပါ။
ဒါဟာ ချုပ်ကိုင်ထားရမယ့်အရာ မဟုတ်ပါဘူးဗျ။ ဒါတွေဟာ နိုင်ငံတော်ကို ငွေတစ်ပြားတစ်ချပ်မှ မကုန်ဘဲနဲ့ ပညာရေး တိုးတက်မှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုမှာ ဖြစ်တယ်လို့ အောင်မောင်း ထင်တယ်ဗျ။ နိုင်ငံခြားသွားပြီး ပြန်မလာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးကို အတိတ်မှာ ခဏထားခဲ့ပေါ့ဗျာ။ ၁၀၀ ရင်းလိုက်လို့ ၂၀ ပြန်လာရင်လည်း အမြတ်လို့ တိန်ရှောက်ပင် စဉ်းစားသလို စဉ်းစားရင် မဖြစ်ဘူးလား။
မကြာသေးခင်က သတင်းစာထဲမှာ အဆင့်မြင့်ပညာ ညွှန်ကြားရေးမှူးချုပ်က သင့်တော်တဲ့ အရည်အချင်း ရှိလာရင် အတိုင်းအတာ တစ်ခုအထိ လွတ်လပ်တဲ့ အုပ်ချုပ်မှုမျိုး တက္ကသိုလ်တွေကို ပေးမယ်လို့ ပြောသွားတာ ဖတ်လိုက်ရတယ်ဗျ။ ဒါကိုတော့ အောင်မောင်းလည်း သဘောတူတယ်။ သည်နေ့သည် အချိန်အခါမှာ ပါမောက္ခချုပ်တွေအဖြစ် ခန့်အပ်ထားတဲ့ သူတွေထဲမှာ အရည်အသွေးကို မကြည့်ဘဲ အဆင်ပြေရင် ပြေသလို ကိုယ့်အုပ်စု ကောင်းစားရေး အတွက် ကိုယ့်လူကိုယ်ခန့်ထားတဲ့ သူတွေပါနေတော့ တချို့သော ပုဂ္ဂိုလ်တွေရဲ့ အရည်အသွေး ညံ့ဖျင်းမှုတွေ အင်တာနက်ပေါ်မှာတောင် ရောက်နေတဲ့အတွက် လွတ်လပ်တဲ့ အုပ်ချုပ်ရေးသာ ပေးလိုက်မယ်ဆိုရင် ငှက်ပျောတောကို မျောက်စောင့်ခိုင်းတဲ့ ပုံပြင်လို ဖြစ်မှာ အမှန်ပဲဗျ။ ဒါတွေကိုလည်း ကိုယ့် လူတွေအကြောင်း ကိုယ်သိနေလို့ ချိန်ချိန်ဆဆနဲ့ အဲဒီညွှန်ကြားရေးမှူးချုပ်က ပြောလိုက်ပုံရပါတယ်။ နိုင်ငံတော်နဲ့ အပြင်ဘက်က လူတွေကတော့ ဒါတွေ ဘာမှသိပုံ မရဘူးဗျ။ အဲဒီလို အတွင်းရေးတွေ မသိဘဲ နဲ့ပြင်မယ် ပြင်မယ် တွင်တွင်ကျယ် အော်နေလေရဲ့။ သူတို့ရဲ့ ပြင်ချင်တဲ့ ဆန္ဒနဲ့ ဒေါ်လာနဲ့က ဆက်စပ်မှု ရှိနေသလား၊ နိုင်ငံရေးတွေရော ပညာရေးမှာ ပါနေတာလား။ တကယ် ရိုးသားရဲ့လားလို့ အောင်မောင်း စဉ်းစား ဆဲဗျ။ အစိုးရကလည်း လက်ဦးမှု ရယူတဲ့ အနေနဲ့ဖြစ်ချင်ရာဖြစ်၊ တောင်းနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးလိုက်မယ် ဆိုပြီး ဟန်ပြင်နေပုံပဲ။ သူ့အနေနဲ့က ပညာရေး ပြုပြင်ပြောင်းလဲ နေပါတယ်ဆိုတဲ့ ပုံရိပ်ကို နိုင်ငံ တကာမှာ ပြချင်တဲ့ပုံပဲ။ ကျန်တာကတော့ နောင်ခါလာ နောင်ခါဈေးပေါ့ဗျာ။ အဲဒီလို နောင်ခါလာ နောင်ခါဈေးတွေကြောင့် ပျက်ခဲ့ရပေါင်းလည်း များခဲ့ပြီဗျ။ ကဲ ဗွက်ပေါက် နေတဲ့ ပညာရေးစနစ်ကို ထန်းပင် ပေါ်က ကြည့်ပြီး ဟန်ရေးတပြပြနဲ့ ကျားဖမ်းတော့ မလိုလို၊ ဆင်ဖမ်းတော့ မလိုလို လုပ်နေတာ တွေရဲ့ နောက်ကွယ်မှာ ဘာတွေပါနေသလဲ ဆိုတာ စဉ်းစားလိုက်ရင် ခေါင်းခြောက်စရာ မဟုတ်ပါလားဗျာ။
တကယ်လုပ်ရမှာက မြန်မာနိုင်ငံ ပညာရေးစနစ် အားနည်းချက်တွေကို စနစ်တကျ လေ့လာ သုံးသပ်ပြီး လက်တွေ့ အကောင်အထည် ဖော်နေတဲ့၊ စိတ်ဓာတ်ကောင်းရှိ နေသေးတဲ့ ဆရာဆရာမ အချို့ရဲ့အသံကို နားထောင်ရမှာ ဖြစ်တယ်လို့ အောင်မောင်း ထင်တယ်။ အခုဟာက ဆရာဆရာမတွေကို အစည်းအဝေး ခဏခဏခေါ်၊ သူတို့ပြောချင်တာ ပြောပြီး ပြန်ခိုင်း၊ နောက်တစ်နေ့ သတင်းထုတ်ပြန်။ အလုပ်ကို ဖြစ်လို့။ ဆရာတွေက ရုံသွင်းခံရတဲ့ အဆင့်ပဲလို့ပြောနေတာတွေ ကြားနေရတယ်ဗျ။ လက်တွေ့ လုပ်နေတဲ့သူတွေရဲ့ ဖြစ်ပျက်နေတဲ့ပစ္စက္ခ အခြေအနေတွေကို သိအောင်မလုပ်ဘဲ လူသိရှင်သိ ပုဂ္ဂိုလ်တွေခေါ်ကာ လိုသလိုပုံသွင်း၊ အဆိုပြု၊ ထောက်ခံ လုပ်နေရုံနဲ့ကတော့ ပညာရေးပြုပြင်မှု ဖြစ်မလာဘဲ ပြင်ကြ၊ ညာကြတဲ့ ပညာရေးစနစ်ပဲ ဖြစ်လာမှာ အမှန်ပဲဗျ။ သည်နေ့ ပညာရေးစနစ် ဘာတွေ မှားနေသလဲ၊ ဘယ်အခြေအနေလဲဆိုတာ စဉ်းစားစရာ အများကြီးပါ။ ဆိုပါစို့ အဝေးသင် ပညာရေး။ အလုပ်လုပ်တဲ့ သူတွေအတွက် ထွက်ပေါက်ပေးတာ မှန်ပေမယ့် ယနေ့အလုပ်ခေါ်တဲ့ ကြော်ငြာတွေထဲမှာ အဝေးသင်ဘွဲ့ရ မပါ ဆိုတာတွေ သတင်းစာမှာ တွေ့လာပြီဗျ။ ဘာကြောင့်လဲဆိုရင် မဖြေသူမှလွဲပြီး အကုန်လုံး အောင်နေကြလို့ပါ။ တစ်ခါတစ်ခါ ကိုယ်စားဝင်ဖြေပေးရင်း အောင်သူတွေလည်း အများကြီးဗျ။ လူက စင်ကာပူမှာ အလုပ်လုပ်နေတယ်။ ဒီမှာက တစ်နှစ်တစ်တန်း ပုံမှန် အောင်နေတယ်။ ရယ်စရာ မကောင်းဘူးလား။ မယုံမရှိနဲ့ ဒါက အောင်မောင်း ကိုယ်တွေ့မို့ ပြောတာနော်။
နောက်တစ်ချက်က အဝေးသင်ရဲ့ အောင်မှတ်ဟာ ၂၀ လောက်ရရင် အောင်သလို ဖြစ်နေတယ်လေ။ စာစဉ်ကို ကိုယ်စားနဲ့ဖြေပြီးပို့လိုက်လို့ရတဲ့ အမှတ်က အပြည့်ရတာဆိုတော့ စာစဉ်ဖြေတဲ့ ရမှတ်နဲ့ တကယ်ဖြေတဲ့ စာမေးပွဲက တစ်ပုဒ်လောက် ဖြေနိုင်တာနဲ့ ပေါင်းလိုက်မယ်ဆိုရင် ဆွဲတင်စနစ်နဲ့ ဆိုတော့ အောင်နေပြီ ဆိုတဲ့ သဘောပါ။ ကျောင်းသား ကိုယ်တိုင်ကလည်း ငါတစ်ပုဒ်တည်း ဖြေနိုင်တာ အောင်တယ်လို့ ဂုဏ်ယူနေ တာလေ။ ဒါကြောင့်လည်း နှစ်စဉ်ကျောင်း သားတွေကိုပေးတဲ့ ပို့ချချက် ပုံနှိပ်စာအုပ် အစည်းလိုက်ကို ကြိုးတောင် မဖြေရဘဲ ကျွန်တော့်အိမ်က တူတော်မောင် တစ်ယောက် ဘွဲ့ရသွားပါလေရဲ့။ ကျန်တဲ့အဝေး သင်ကျောင်းသားတွေလည်း ကြုံရင်မေးကြည့်ပေါ့။ မင်းတို့ကို အဝေးသင်က ပေးလိုက်တဲ့ ပုံနှိပ်စာအုပ် ဖွင့်ကြည့်ဖူး သလားလို့။ တစ်နှစ်တစ်ခါ ကုလားဆိုင်ကို စာအုပ် အစည်းမပျက် သွားရောင်းလိုက်ကြတာပဲ။ ပြောရဦးမယ်။ တစ်ပုဒ်နဲ့ အောင်တာမို့လို့ စာကျက်သွားတယ်လို့တော့ မထင်နဲ့။ ကော်ပီရာနဲ့ ချုံ့ထားတဲ့ နှစ်လက်မလောက် ရှိတဲ့ စာရွက်ကို ၀ယ်လာပြီး အဲဒါလေးကိုင်ပြီး လွတ်လပ်စွာ ကူးချဖြေဆို ကြတာဗျ။ တစ်ပုဒ်ဖြေတယ်ဆိုလို့ အများကြီး ရေးရတယ် မထင်နဲ့နော်၊ တစ်မျက်နှာတောင် မပြည့်တဲ့ အဖြေကို တစ်ပုဒ်လို့ ခေါ်တာ။ ဒီနေ့ခေတ် မြန်မာနိုင်ငံရဲ့ အခြေအနေက ခိုးချခြင်းဟာ ယဉ်ကျေးမှုတစ်ခု ဖြစ်နေပြီး မခိုးချတဲ့သူဟာ ခပ်ကြောင်ကြောင် လူတွေလို့ သတ်မှတ်ခံရတဲ့ခေတ် ရောက်နေလေရဲ့။ ကဲ ပညာရေး ဘယ်လို အခြေအနေလဲ ဆိုတာသိပြီလား။ ပညာရေးအကြောင်း ပြောမယ်ဆိုရင် ပညာရေး လောကထဲက သူငယ်ချင်းတွေနဲ့ အတူပေါင်းပြီး အောင်မောင်း ကိုယ်တိုင်က ပညာရေးတစ်ပိုင်း ဖြစ်နေတာမို့ ပြောစရာတွေက အများကြီးဗျ။ အောင်မောင်း သိတာတောင် ဒီလောက်ဆိုရင် ပညာရေးလောကသား ၀ါရင့်ကြီးတွေ ဘယ်လောက် သိသလဲ ဆိုတာ စဉ်းစားသာ ကြည့်ပေတော့။ မပြောချင်လို့ ကြည့်နေတာ ကြာပြီဆိုတဲ့ စကားလိုပဲဗျ၊ မပြောချင်ကြလို့ ကြည့်နေကြတာ။ ရင်ထဲမှာက အပြည့်။ ကဲ နောက်မှ ဆက်ဆွေးနွေး ကြတာပေါ့ဗျာ။ အောင်မောင်းလည်း ပြင်လိုက် ညာလိုက် လုပ်ဖို့ အဖွဲ့အစည်းလေးတစ်ခု ဖွဲ့ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်ကာ ညာကြည့်ရ မလားလို့ စဉ်းစားနေတယ်ဗျ။ ဘာကြောင့်လဲသိလား။ တချို့က ညာမှ ကြိုက်တယ်လေ။
Myanmartandawsint Newspaper
No comments:
Post a Comment