Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Monday, November 25, 2013

အမေရိကန်က မြန်မာကို ကျောင်းသားဗီဇာစည်းကမ်းသတ်မှတ်ချက် မကြာမီ ဖြေလျှော့ပေးဖွယ်ရှိ

အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားရန် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသည့် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ဗီဇာစည်းကမ်းသတ်မှတ်ချက်များကို မကြာမီ လျှော့ပေါ့ပေးဖွယ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း၌ အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် ကျောင်းသူတစ်ဦးက အမေရိကန်ဗီဇာလျှောက်ထားမှုမှာ မြန်မာကျောင်းသားများအတွက် ဘာကြောင့်ခက်ခဲရပါသလဲဆိုသည့် မေးခွန်းကို သံအမတ်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန် ပြည်တွင်းစစ်အတွင်း အသက်ဆုံးရှုံးသွားသော စစ်သားများကို ဂုဏ်ပြုသည့်အနေဖြင့် ၁၈၆၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က စစ်ပွဲအစပြုရာ ပန်ဆန်ဗေးနီးယားပြည်နယ်၊ ဂတ်တီဇဘတ်ကျေးရွာတွင် အမေရိကန်သမ္မတ အေဘရာဟမ်လင်ကွန်း ပြောကြားခဲ့သော Gattysburg မိန့်ခွန်း (၁၅၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းတွင် အဆိုပါမိန့်ခွန်း ရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ပြီး အမေရိကန်သံအမတ် တက်ရောက်ခဲ့သည်။

ယခု အခမ်းအနားသည် အမေရိကန်သံအမတ်၏ ပထမဆုံးအကြိမ် မြန်မာနိုင်ငံတွင် အထက်တန်းကျောင်းတစ်ကျောင်းသို့ သွားရောက်ခြင်းလည်း ဖြစ်သည်။ အမေရိကန်တွင် ပညာသင်ကြားလိုသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ ကောင်စစ်ရေးရာဌာနက ဗီဇာလျှောက်ထားမှုများကို လက်ခံစိစစ်ပေးခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများကြောင့် ဗီဇာရရှိမှု ခက်ခဲလျက်ရှိသည်။

““အမေရိကန်မှာ ပညာသင်သွားမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ကောင်စစ်ဌာနက ဗီဇာထုတ်ပေးတာပါ။ ကောင်စစ်ဌာနရဲ့ အဆုံးအဖြတ်က အရမ်းအရေးကြီးပါတယ်။ ကောင်စစ်ဌာနမှာ လုပ်ထုံးလုပ်နည်းနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ အဲဒီစည်းမျဉ်းစည်းကမ်းတွေဟာလည်း တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ နောင် မကြာတော့မယ့် အနာဂတ်မှာတော့ ဒီစည်းမျဉ်းစည်းကမ်းတွေကို နည်းနည်းလျှော့ပေါ့ပြီး စဉ်းစားဖို့ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်”” ဟု သံအမတ်ကြီးက ပြန်လည်ဖြေကြားသည်။

မြန်မာ ကျောင်းသား၊ ကျောင်းသူများသည် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲများဖြစ်သည့် IELTS , TOEFL  တို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖြေဆိုထားပြီး ယင်းအရည်အချင်းစစ်လက်မှတ်များနှင့်တကွ သံရုံးကောင်စစ်ဌာနသို့ ဗီဇာလျှောက်ထားသော်လည်း အများစုမှာ ဗီဇာရရှိမှုခက်ခဲနေကြောင်း ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းမှ တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦးက ပြောကြားသည်။

““IELTS တွေ၊ TOEFL တွေ သမီးတို့အပါအ၀င် သူငယ်ချင်း တော်တော်များများမှာ အသင့် ပြင်ဆင်ထားတယ်။ တကယ်တမ်း သံရုံးဗီဇာလျှောက်တဲ့အခါ ပညာသင်ဖို့ဗီဇာအတွက်ကိုတောင် ရဖို့ခက်တယ်။ အခုဖြေလျှော့ပေးမယ်ဆိုတော့ ၀မ်းသာပါတယ်။ သမီးရဲ့ ရည်မှန်းချက်က ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ချင်တာပါ”” ဟု အဆိုပါကျောင်းသူက ဆက်လက်ပြောကြားသည်။

ထို့ပြင် သံအမတ်ကြီးက အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် မည်သည့်အရပ်ဒေသတွင်မဆို မည်သည့် လူတန်းစားကိုမဆို သာတူညီမျှဖြစ်စေမည့် ပညာရေးအထောက်အပံ့များကို မျက်နှာလိုက်ခြင်းမရှိဘဲ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

““သံရုံးကတောင်းတဲ့ အချက်အလက်တွေ၊ အရည်အချင်းတွေအားလုံး ပြည့်မီပြီးတော့ ပိုင်ဆိုင်မှုငွေပမာဏနဲ့ ငွေရလမ်းကြောင်းပြနိုင်ရင်၊ ကျောင်းသားတွေဆိုရင်တော့ ဗီဇာရဖို့ အခက်အခဲ မရှိပါဘူး။ ကျွန်မတို့ကျောင်းက မဟုတ်တဲ့ တခြားအပြင်ကလျှောက်တဲ့ အချို့ကျတော့ ပိုင်ဆိုင်မှုငွေပမာဏပြနိုင်ပေမယ့် လုပ်ငန်းလိုင်စင်မပြနိုင်တာမျိုးဆိုရင်တော့လည်း လျှောက်တဲ့ကလေးတွေမှာ အခက်အခဲဖြစ်နိုင်တာပေါ့”” ဟု Crown Education မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမေရိကန်နိုင်ငံတွင် ပညာသင်ယူနေသော မြန်မာကျောင်းသားဦးရေ နှစ်စဉ်မြင့်တက်နေသော်လည်း အိမ်နီးချင်းနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက သိသိသာသာ  နည်းပါးနေသေးကြောင်းနှင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် အမေရိကန်နိုင်ငံ၌ ပညာသင်ယူနေသော မြန်မာကျောင်းသား ၈၀၇ ဦးရှိကြောင်း Institute of International Education မှ ထုတ်ပြန်သော စာရင်းအရသိရသည်။

No comments:

Post a Comment