Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Thursday, January 30, 2014

မလေးရှားနိုင်ငံတွင် အကျဉ်းကျခံခဲ့ရသူ ဦးကျော်ဝဏ္ဏနှင့် တွေ့ဆုံခြင်း

မလေးရှားနိုင်ငံတွင် အကျဉ်းကျ ခံနေရသည့် မြန်မာနိုင်ငံသား ၁၄၁ ဦးသည် သီတဂူ အထောက်အကူပြုအဖွဲ့နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ လာစဉ် အကျဉ်းကျခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သား ဦးကျော်ဝဏ္ဏနှင့် တွေ့ဆုံးမေးမြန်းချက်များကို ကောက်နုတ် ဖော်ပြပါသည်။

Voice : မလေးရှားကို ဘယ်လိုလမ်းကြောင်းနဲ့ သွားတာလဲ။

KWN : သွားတုန်းက အမှန်သွားတာ။ လေယာဉ်နဲ့ပေါ့။ အေဂျင့်က အချိုရည်စက်ရုံမှာ လုပ်ရမယ်ဆိုလို့သွားတာ ဟိုရောက်တော့ ပလတ်စတစ်ပုလင်း စက်ရုံမှာ လုပ်ရတယ်။ ရောက်ရောက်ချင်း သုံးလေးလက အလုပ်မကောင်းဘူး။ အလုပ်မမှန်ဘူး။ လစာက ၈၀၀ (မလေးရှားရင်းဂစ်) အများဆုံးရတယ်။ အချိုရည်စက်ရုံမှာ လုပ်တဲ့ကောင်တွေက တစ်ထောင်ကျော်ရတယ်။ အဲဒါနဲ့ လေးငါးခြောက်လလုပ်ပြီး အို (တရားမဝင်) လိုက်တယ်။ စားသောက်ဆိုင်တွေမှာ လုပ်တယ်။ စားသောက်ဆိုင်တွေမှာ အလုပ်က အဆင်ပြေတယ်။ ပိုက်ဆံပိုရတယ်။ အိုသမားဖြစ်တော့ အပြင်ထွက်လို့ အဆင်မပြေဘူး။ လစာထုတ်လာလို့ ရဲတွေကနဲ့ တွေ့ရင် ရဲတွေက လစာအကုန်လုံး ယူသွားတာလည်း ရှိတယ်။ စားဖို့သောက်ဖို့လောက် ပြန်ပေးခဲ့တာ ရှိတယ်။

Voice : မလေးရှားရောက်ပြီး ဘယ်လောက်အကြာမှာ အဖမ်းခံရတာလဲ။ ဘယ်လို အဖမ်းခံရတာလဲ။

KWN : မလေးရှားရောက်ပြီး တစ်နှစ်လောက်အကြာမှာ အဖမ်းခံရတယ်။ ကွာလာလမ်ပူမှာ အဖမ်းခံရတာ။ အဲဒီနေ့က ကျွန်တော် သူငယ်ချင်းတွေနဲ့ သွားတွေ့တာ အဲဒီမှာ အဖမ်းခံရတယ်။

Voice : ထောင်ထဲမှာ ဘယ်လောက်နေခဲ့ရလဲ။

KWN : ထောင်ထဲမှာတော့ ရက် ၂၀ လောက် နေခဲ့ရတယ်။ Camp (အကျဉ်းကျ ခံရသူများကို ထားသည့်စခန်း) ထဲမှာ ခုနစ်လလောက် နေခဲ့ရတယ်။

Voice : Camp ထဲမှာ ဘယ်လိုနေခဲ့ရလဲ။

KWN : ကျွန်တောတို့ Camp က အိပို့မြို့မှာ ရှိတယ်။ Camp နာမည်က လန်ကမ့်။ Camp ထဲမှာနေရတာ အရမ်းဆိုးတယ်။ နေရာထိုင်ရတာ မကောင်းဘူး။ ဖျားတယ် နာတယ်ဆိုလည်း ဆေးမရဘူး။ သေတဲ့ သူတွေလည်း ရှိတယ်။ Camp ထဲမှာနေရတာတော့ ကျွန်တော့်မှာ အနာတွေ ပေါက်တယ်။ ဆေးတောင်းတော့ အနာတွေ ခွာလိုက်ပြီးတော့ အဲဒီလောက်နဲ့ ဆေးမရဘူးဆိုပြီး ရဲတွေက ရိုက်တာတွေ ဘာတွေလုပ်တယ်။ Camp ထဲမှာ ရန်ဖြစ်ရင် မထနိုင်အောင် အရိုက်ခံရတယ်။ ရန်ဖြစ်လို့ မရဘူး။ တစ်ရက်ကို ထမင်းနှစ်နပ်စားရတယ်။ ဝအောင် မစားရဘူး။

Voice : အကိုနေခဲ့တဲ့ Camp ထဲမှာ မြန်မာဘယ်လောက်ရှိလဲ။

KWN : ကျွန်တော်နေခဲ့တဲ့ ဘလောက် (လူ ၃၀၀ ခန့် နေထိုင်သည့်အခန်း) နေရာမှာ နေရာမှာ မြန်မာ ၄၀ လောက်ရှိတယ်။ အဲဒီမှာ ဘလောက်လေးခု ရှိတယ်။ ကျွန်တော်တို့ ဘလောက်မှာတော့ မြန်မာကတော့ ၄၀ လောက် ကျန်သေးတယ်။ ကျန်တာကတော့ ဘူးသီးလို့ခေါ်တဲ့ ဘူးသီးတောင်ဘက်က အကောင်တွေ အများကြီးရှိတယ်။

Voice : မလေးရှားကို သွားမယ့်သူတွေကို ဘာပြောချင်လဲ။

KWN : မလေးရှားကို တရားမဝင် သွားမယ်ဆိုရင် မကောင်းဘူး။ အသွားရော၊ အပြန်ရော အကုန်ဖမ်းနေတယ်။ ကျွန်တော့်အနေနဲ့ ဆိုရင်တော့ မသွားစေချင်ဘူး။ ဒုက္ခက ကိုယ်ကိုယ်တိုင် ခံစားရမှ ကိုယ်ချင်းစာတတ်တာ။ Camp ထဲရောက်ရင် ဒုက္ခဘယ်လောက် ခံစားခဲ့ရလဲဆိုတာ ကျွန်တော်တို့ ခံစားခဲ့ရလို့ ကျန်ခဲ့တဲ့သူတွေကို တတ်နိုင်သလောက် ကူညီသွားမှာပါ။

(အောင်မြင့်ထွန်း)
The Voice Weekly

No comments:

Post a Comment