
ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။
ရာထူးပြောင်းရွှေ့နှင့် ရာထူးတိုး စာရင်းများကို မြို့နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သောစနစ်မှာ အစိုးရသစ် လက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်ပြီး ထုတ်ပြန်သော စာရင်းတွင် မပါဝင်သော သူများသည် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများထံ တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းက ပြောကြားသည်။
မူလတန်းကျောင်းအုပ်၊ အထက်တန်း၊ အလယ်တန်းနှင့် အလယ်တန်းပြမှ မူလတန်းကျောင်းအုပ် ရာထူးပြောင်းတို့အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၆ ရက်နေ့အတွင်း မြို့နယ် ပညာရေးမှူးရုံးသို့ လျှောက်ထား ရမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးရုံးများ၏ တင်ပြချက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့က သဘောထား မှတ်ချက်များ ပေးနိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။
ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စနစ်သစ်သည် ယခင်နှစ်များထက် ပွင့်လင်းမြင်သာမှု ပိုရှိလာပြီး လျှောက်ထားသူများ၏ လိုအပ်ချက် သတ်မှတ်ချက် များကိုလည်း စနစ်ကျစွာ ထုတ်ပြန် ထားကြောင်း ပညာရေးဝန်ထမ်းများက ဆိုသည်။
အစိုးရသစ်လက်ထက် အခြေခံပညာ ကဏ္ဍတွင် မူလတန်းပြဆရာ၊ ဆရာမများ ခန့်ထားရေး၊ မသင်မနေရ မူလတန်း ပညာရေး အကောင်အထည် ဖော်ခြင်းနှင့် ကျောင်းပြင်ပ ပညာရေးတို့ ဆောင်ရွက်ခဲ့သည့်အပြင် ပညာရေး အသုံးစရိတ်များပါ တိုးမြှင့် ပေးထားသော်လည်း လက်တွေ့ ထိရောက်မှု အပိုင်းတွင် အားနည်းနေသေးကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

 
 


 

 
 
No comments:
Post a Comment