Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့
Showing posts with label အချစ်. Show all posts

Wednesday, June 25, 2014

ရည်းစားဟောင်းနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ကြိုးစားတဲ့အခါ ကိုယ့်အနေနဲ့သိထားသင့်တဲ့ အချက်(၅ )ချက်

လမ်းခွဲထားပြီးသား ရည်းစားဟောင်းက ခုတလောကိုယ့်ကို ပြန်ဆက်သွယ်နေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ပြတ်ထားတာ မကြာသေးတော့ သံယောဇဉ်ကလည်း နည်းနည်းရှိနေသေးတာမို့ သူဖုန်းဆက်ရင်လည်း ကိုင်လိုက်မိတယ်။ sms ပို့ရင်လည်း ပြန်ပို့နေမိတယ်။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ပြောပေမယ့် သူက ခုပြန်ကပ်နေတော့ ဘယ်လိုလုပ်ရမလဲ မသိဘူးဖြစ်နေတယ်။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ သူနဲ့ပြန်ကြိုက်ဖို့ လုံးဝမဖြစ်နိုင်တော့ ဘူး။ သူ့ရဲ့ချဉ်းကပ်နည်းတွေထဲက ရှောင်ရမယ့်အရာတွေနဲ့ ကိုယ့်စိတ်ကိုကိုယ် ပြတ်ပြတ်သားသားဖြစ်နိုင်ဖို့ အခြေအနေတွေကို သိထားဖို့လိုပြီပေါ့။
၁။သူငယ်ချင်းလိုပဲ နေကြရအောင် ဆိုတဲ့ ထောင်ချောက်ထဲ ၀င်မသွားမိပါစေနဲ့။
ပြတ်ပြီးခါစ အတွဲတစ်တွဲဟာ ချက်ချင်းလက်ငင်းကြီး သူငယ်ချင်းဖြစ်သွားတာမျိုး ရှိရင်တောင် တော်တော်လေးရှားမှာပါ။ သူငယ်ချင်းအမည်ခံပြီး ကိုယ့်ဆီက ပြန်လာဖို့ ထောင်ချောက်တစ်ခု ဖန်တီးနေတာလို့ စိတ်ထဲမှာ သိထားပါ။ သူ့ကြောင့် ကိုယ်ဘယ်လောက်နာကျင်ခံစားခဲ့ရသလဲ ဆိုတာကို တွေးပါ။ ကိုယ်ခံစားခဲ့ရတာတွေအတွက် ကိုယ်ဟာ သူ့ဆီက ဝေးဝေးပြေးဖို့ လိုနေပြီလို့လည်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။
၂။ဖုန်းတွေဆက်၊ ဒရာမာအကွက်တွေထဲ မနစ်မျောပါနဲ့။
ပြတ်သွားကာမှ ဖုန်းတွေပြန်ဆက်တာမျိုး၊ လက်ဆောင်ပစ္စည်းလေးတွေ ပို့တာမျိုးတွေ လုပ်ရင် ဒါမျိုးတွေ မလုပ်ဖို့ ပြတ်ပြတ်သားသားပြောပါ။ တိုက်ဆိုက်မှုတစ်ခုခုရှိတိုင်း ကိုယ့်ကိုအသိပေးနေတာမျိုးတွေ၊ ကိုယ်ကြိုက်တဲ့သီချင်းလေး ရေဒီယိုမှာလာနေလို့ ကိုယ့်ဆီလှမ်းဖုန်းဆက်တဲ့ အကွက်မျိုးတွေ သူလုပ်တဲ့အခါ မနစ်မျောသွားပါစေနဲ့။
၃။ညဘက်အပြင်ထွက်တဲ့အခါ၊ လျှောက်လည်တဲ့အခါမျိုးတွေမှာ သူငယ်ချင်းတွေ ပါပါစေ။
ဒီလိုအချိန်မှာ ယောင်္ကျားလေးဆိုရင် ယောင်္ကျားလေးအချင်းချင်း၊ မိန်းကလေးဆိုရင်လည်း မိန်းကလေးအချင်းချင်း တွဲတာပဲကောင်းပါတယ်။ ညဘက် ကလပ်သွားရင်လည်း မိန်းကလေး သူငယ်ချင်းအုပ်စုလိုက်ကြီး သွားတာမျိုး၊ နေ့ခင်းဘက်လျှောက်လည်ရင်လည်း အုပ်စုလိုက် လည်တာမျိုးပဲ ဖြစ်သင့်ပါတယ်။
၎။သူ sms ပို့တဲ့အခါ ပြန်ပို့တာမျိုး လုံးဝမလုပ်ပါနဲ့။
ကိုယ်က သူနဲ့ပြန်အီတာမျိုး မဟုတ်ရင်တောင် သူ sms ပို့လာရင် ကိုယ့်ဘက်က ဒေါနဲ့မောနဲ့ sms ပြန်ပို့တာမျိုး၊ ဘယ်လောက်မုန်းကြောင်း၊ ဘယ်လောက်နာကျင်ကြောင်း ပြန်ပို့တာမျိုးတွေ ဘာမှမလုပ်ပါနဲ့။ ဘာဆိုဘာမှ ပြန်မပို့တာဟာ သူ့ကိုလုံးဝ လျစ်လျူရှုလိုက်ပြီဆိုတာ ပြသခြင်းပါပဲ။
၅။ကိုယ့်အခန်းထဲမှာ ကိုယ့်စိတ်ကို မြှင့်တင်ပေးနိုင်မယ့် စာသားတွေ ကပ်ထားပါ။
သူမရှိပဲ ကိုယ်နေနိုင်တယ်၊ ကိုယ်ဟာ ဘာမဆိုလုပ်နိုင်တယ်၊ တစ်ဦးတည်း၊ တစ်ယောက်တည်း လောကဓံကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တယ်ဆိုတဲ့  စကားပုံတွေ၊ စာသားတွေ ကပ်ထားပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မကျအောင် ကြိုးစားပါ။

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။

သူနဲ့မြဲပြီဆိုတာ သေချာသွားစေတဲ့ အချက်များ

ကိုယ်တွဲနေတဲ့ ချစ်သူနဲ့ ရေရှည်လက်တွဲသွားနိုင်မှာလား၊ မြဲမှာလားဆိုတာ သူနဲ့ကိုယ်ကြားမှာ ပြုမူနေတဲ့အရာတွေကို ကြည့်ပြီး သုံးသပ်ဆုံးဖြတ်နိုင်ပါတယ်။
၁။တစ်ဦးနဲ့တစ်ဦး ဒီချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်စကားဆိုဖြစ်တယ်။
ကိုယ့်ဘေးမှာ အမြဲရှိပေးတဲ့အတွက်၊ ကိုယ့်ကိုနားလည်ပေးတဲ့အတွက် ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း သူ့ကိုပြောဖြစ်တယ်။ ချစ်တယ်ဆိုတဲ့ စကားကိုလည်း နေ့တိုင်း တစ်ခါနှစ်ခါမက ပြောဖြစ်တယ်ဆိုရင် ဒီအတွဲဟာ မြဲဖို့သေချာပါပြီ။
၂။ချစ်သူကောင်လေးဟာ ကျန်းမာတယ်။
အတွဲတစ်တွဲမှာ ချစ်သူကောင်လေးက ကျန်းမာရေးကောင်းတယ်။ ကျန်းမာရေးလိုက်စားတဲ့သူ တစ်ယောက်ဆိုရင် သင်တို့အချစ်ရေးဟာ သာယာစိုပြေမှာပါ။ ကိုယ့်ရည်းစားက ကျန်းမာရေးချူချာလွန်းလို့  စိတ်ဆင်းရဲရတာမျိုး မဖြစ်တော့ဘူးပေါ့။
၃။စကားပြောပုံဆိုပေါက်ကအစ တူနေတယ်။
သူနဲ့ကိုယ်နဲ့တူတဲ့ အချက်တွေ အများကြီးရှိနေတယ်။ သူနဲ့တွေးခေါ်နေတဲ့အရာတွေပါ တဖြည်းဖြည်းတူလာသလို ပြောလိုက်တဲ့စကားတွေလည်း အတူတူဖြစ်နေတတ်တယ်။ စကားပြောပုံဆိုပေါက်ကလည်း တူနေပြီဆိုရင်တော့ ဒါဟာ အဆုံးထိလက်တွဲရမယ့် သူတွေပဲပေါ့။
၎။အမြဲတမ်း နမ်းဖြစ်တယ်။
တစ်လကို တစ်ခါလောက် နမ်းတာမျိုး မဟုတ်ပဲ သူနဲ့တွေ့တိုင်း နှစ်ဦးသားကြည်ကြည်နူးနူး အနမ်းခြွေဖြစ်တယ်ဆိုရင်လည်း ဒါဟာ သံယောဇဉ်ကြိုးကို တိုးစေတာပဲလေ။
၅။သူငယ်ချင်းစုံတွဲနဲ့အတူ အပြင်ထွက်လည်ဖြစ်တယ်။
ကိုယ်တွေချည်းပဲ မဟုတ်ပဲ သူငယ်ချင်းစုံတွဲနဲ့ပါ ရုပ်ရှင်ကြည့်ကြတာမျိုး၊ ဒင်နာစားကြတာမျိုးတွေ လုပ်ဖြစ်တယ်ဆိုရင်တော့ ဒါဟာလည်း သင်တို့နှစ်ဦးကို ဘယ်တော့မှ ပြတ်တောက်မသွားစေဖို့ ဖြစ်နိုင်ချေများတဲ့ အချက်တစ်ခုပါပဲ။
၆။ရုပ်ရှင်အတူတူကြည့်ရင်း အမြင်တွေကို ဖလှယ်ဖြစ်ကြတယ်။
ကိုယ့်ချစ်သူနဲ့အတူ ပေါက်ပေါက်အတူတူစားရင်း အချစ်ဇာတ်လမ်းလေးတွေ၊ အိမ်ထောင်ရေးဇာတ်ကားတွေ ကြည့်ဖြစ်တယ်။ ဇာတ်ကားအကြောင်းလည်း တစ်ဦးနဲ့တစ်ဦး ပြောဖြစ်တယ်။ ဒါဟာ နှစ်ဦးသားနားလည်မှုပိုတိုးစေဖို့ ဖေးကူတဲ့အရာပဲပေါ့။
၇။စိတ်ကအလိုလို ခံစားမိနေတယ်။
ဒီတစ်ခါတော့ ငါသူနဲ့မြဲပြီဆိုတာ စိတ်ခံစားမှုအရသိနေတယ်။ အရင်အခါတွေတုန်းကလို မဟုတ်ဘူး။ သူနဲ့ဘယ်တော့မှ ခွဲမှာမဟုတ်ဘူးဆိုပြီး စိတ်ကအလိုလို သိနေတာမျိုးဟာလည်း ယုံချင်စရာကောင်းတဲ့အချက်ပါပဲ။

ကိုယ့်ချစ်သူကို သ၀န်တိုသင့်တဲ့ အချိန်တွေက ဘယ်လိုအချိန်တွေ ဖြစ်သင့်သလဲ

ကိုယ့်ချစ်သူကောင်လေးကို အကြောင်းမရှိ အကြောင်းရှာပြီး သ၀န်တိုနေတာမျိုး၊ ဘယ်သွားနေလဲ၊ ဘာလုပ်နေလဲ မေးနေတတ်တဲ့သူ ဘယ်သူကမှ မဖြစ်ချင်ပါဘူး။ ဖြစ်နေရင်လည်း ဒါဟာ ရေရှည်မြဲဖို့ မလွယ်တဲ့ ဆက်ဆံရေးအဖြစ်ကို ဦးတည်သွားပါလိမ့်မယ်။ ကိုယ့်ချစ်သူကောင်လေးကို တကယ် သ၀န်တိုသင့်တဲ့ အချိန်တွေ ရှိပါတယ်။ အဲ့ဒီအချိန်တွေကတော့
၁။ သူက အရေးကြီးတဲ့ဆုံးဖြတ်ချက်တိုင်းအတွက် အကြံဥာဏ်ယူရတော့မယ်ဆိုရင် အမေ ဒါမှမဟုတ် သူ့ သူငယ်ချင်းကောင်မလေးဆီကပဲ အမြဲယူတယ်။
ကိုယ့်ချစ်သူရည်းစားက အလုပ်အတွက်ပဲဖြစ်ဖြစ်၊ တခြားအရေးကြီးတဲ့အရာတွေအတွက် ဆုံးဖြတ်ချက်ချရတော့မှာပဲဖြစ်ဖြစ် အကြံဥာဏ်ဆိုရင် ကိုယ့်ဆီက ဘယ်တော့မှမယူဘူး။ ကိုယ်ပြောသလိုလည်း မလုပ်ဘူး။ သူ့အမေဆီက ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် သူ့သူငယ်ချင်းကောင်မလေးဆီကပဲ အမြဲတောင်းလေ့ရှိတယ်။ ကိုယ်ကလွဲပြီး တစ်ခြားသူတွေရဲ့ အကြံဥာဏ်အမြဲယူနေတတ်တယ်။
၂။ညဘက်တွေဆိုရင် ကိုယ်နဲ့တွေ့ဖို့ထက် သူ့သူငယ်ချင်းတွေနဲ့ပဲ အမြဲရှိနေတတ်တယ်။
ကိုယ်နဲ့တွေ့ဖို့ဆို အကြောင်းတစ်ခုခုကြောင့် ပျက်သွားတာမျိုး ရှိနေတတ်ရင်တောင် သူ့သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့တော့ အမြဲအတူတူရှိနေတတ်တယ်။ ကိုယ်နဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ယှဉ်ရွေးပါဆိုရင် သူငယ်ချင်းတွေဆီပဲ ရောက်သွားတော့တာပဲ။ ဒီတော့ တဖြည်းဖြည်းခံစားလာရတာက ကိုယ်က သူငယ်ချင်းတွေလောက်တောင် အရေးမပါဘူး။ ပထမဦးစားပေးနေရာမှာ ဘယ်တော့မှ မရှိဘူး။
၃။သူရဲ့အောင်မြင်မှုတစ်ခုခုဆို တခြားသူတွေနဲ့ပဲ အတူအောင်ပွဲခံလေ့ရှိတယ်။
အလုပ်မှာ ရာထူးတိုးတာပဲဖြစ်ဖြစ်၊ အလုပ်မှာ လစာတိုးတာ စတဲ့အရာတိုင်းကို တခြားသူတွေနဲ့အတူ အောင်ပွဲခံလေ့ရှိပေမယ့် ကိုယ်နဲ့ဆိုရင်တော့ ဒီသတင်းကို အသိပေးရုံကလွဲပြီး ဘယ်တော့မှ ပွဲလုပ်ပေးတာမျိုး မရှိဘူး။ ကိုယ့်ကိုအဖက်လုပ်ပြီး ပြောနေတာကိုပဲ ကျေးဇူးတင်ဆိုတာမျိုးပေါ့။ အဲ့ဒီအချိန် အောင်ပွဲခံဖို့အတွက် အလုပ်က အတွင်းရေးမှုးမလေး၊ လုပ်ဖော်ကိုင်ဖက်ကောင်မလေးတွေက သူ့ကို စောင့်နေရမှာကို အားနာတယ်ဆိုပြီး ကိုယ့်ကို ထားသွားခဲ့တာချည်းပဲ။
၎။သူကြိုက်တဲ့ မင်းသမီးအကြောင်း ပါးစပ်မစေ့အောင်ကို ပြောတတ်တယ်။
ကိုယ်နဲ့ရော သူနဲ့ပါ ဘယ်လိုမှ မပတ်သက်တဲ့ အခြားတစ်ယောက်ကို သ၀န်တိုရတာ နည်းနည်းတော့ အာရုံနောက်စရာပါပဲ။ ဒါပေမယ့် သူက အချိန်တိုင်း အဲ့ မင်းသမီး ဘယ်လိုလှကြောင်း၊ ဘယ်လိုဆက်စီဖြစ်ကြောင်း၊ ဆံပင်ပုံစံပြောင်းသွားပြန်ပြီ၊ ဘာလုပ်ပြန်ပြီ စတာတွေကို တရစပ်ပြောနေတတ်သူ ဆိုရင်တော့ သ၀န်တိုရတာ အမှားမဟုတ်ဘူးပေါ့။

အချစ်ရေးမှာ နှစ်ဦးသား ပိုနွေးထွေးစိုပြေစေဖို့ သိထားရမယ့် အချက်များ

တစ်ဦးနဲ့တစ်ဦး ချစ်ကြပြီဆိုတာနဲ့ နားလည်မှုတွေ တည်ဆောက်ရမယ်၊ ယုံကြည်မှုတွေ ခိုင်မြဲအောင် ကြိုးစားရတော့မှာပါ။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အချက်ကလေးတွေကြောင့် သင့်ရဲ့အချစ်ရေးဟာ ပျက်ပြားသွားနိုင်သလို အဲ့ဒီ ဘာမဟုတ်တဲ့ အချက်တွေကြောင့်ပဲ သင်တို့ဟာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ရရှိနိုင်ပါတယ်။ ကိုယ်ချစ်သူနဲ့ ပိုခိုင်မြဲတဲ့ သံယောဇဉ်မျိုး ရရှိစေဖို့နဲ့ နှစ်ဦးသား ဒီအချစ်ရေးမှာ သက်တောင့်သက်သာနဲ့ ပိုမိုနွေးနွေးထွေးထွေးရှိစေဖို့အတွက် ဒီအချက်ကလေးတွေက ကူညီပေးပါလိမ့်မယ်။
၁။sms ပို့တဲ့အခါ လေး၊ ငါးခြောက်ခါ ဖတ်ပြီးမှ ပို့တာမျိုးရှောင်ပါ။
တစ်ခါတစ်လေ sms ပို့တော့မယ်ဆိုရင် ငါရေးထားတာ အမှားပါသွားမလားဆိုပြီး စိုးရိမ်စိတ်နဲ့ အထပ်ထပ်အခါခါ ဖတ်ပြီးမှ ပို့တာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ်စာလုံးပေါင်းမှားပြီး ပို့လိုက်တာဟာ သူ့အတွက် အနှောက်အယှက်ဖြစ်စရာ အကြောင်းမရှိပါဘူး။ အတိအကျ၊ ပြည့်ပြည့်စုံစုံကြီးဖြစ်အောင် ကြိုးစားလုပ်ယူနေမှသာ တစ်ဖက်လူအတွက် ငြီးငွေ့စရာဖြစ်လာမှာပါ။ အထပ်ထပ်အခါခါပြင်ထားတဲ့ sms မှာလည်း ပထမဆုံး ရိုက်ရိုက်ပြီးချင်း ပို့တာလောက်တော့ ရင်ခုန်ဖွယ် မဖြစ်တော့ဘူးလေ။
၂။သူနဲ့ချိန်းတွေ့တဲ့အချိန်မှာ စားချင်တာစားပါ။
နှစ်ဦးသား စားစရာမှာခါနီး ငါ ဘာဂါစားရင် ပါးစပ်တွေ ပေကျံကုန်မလား၊ ဟိုဟာစားရင်ကောင်းပါ့မလား၊ ဒီဟာစားရင် ကောင်းပါ့မလာဆိုပြီး သိပ်တွေးမနေပါနဲ့။ ကိုယ်စားချင်တဲ့အရာကို စားပါ။ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနေပါ။
၃။မိတ်ကပ်မပါပဲ ကိုယ့်ကို ကိုယ့်ချစ်သူ တွေ့သွားမှာ မစိုးရိမ်ပါနဲ့။
ကိုယ့်ကို တကယ်ချစ်မြတ်နိုးတဲ့သူကတော့ ကိုယ့်မျက်နှာပေါ်မှာ မိတ်ကပ်မပါလည်း ချစ်မှာပါပဲ။ မိတ်ကပ်မပါတဲ့ ကိုယ့်မျက်နှာကို မြင်ဖူးသွားပြီး ကိုယ့်ကိုသူက လှလိုက်တာလို့ ဆိုနေတုန်းဆိုရင် သင်လည်း ယုံကြည်မှုပိုတိုးတာပေါ့။ ဒါ့အပြင် သူ့ရှေ့မှာ ပဲများပြီးနေစရာမလိုတော့ဘူးလေ။ သက်တောင့်သက်သာ ဘယ်လောက်ဖြစ်သလဲ။
၎။သူရှေ့မှာ အိပ်ပျော်သွားတဲ့အခါ ဟန်ဆောင်ပြီး အိပ်တာမျိုး လုပ်မနေပါနဲ့။
ကိုယ့်ချစ်သူရှေ့မှာ အိပ်ပျော်သွားလို့ အိပ်နေတုန်း ယောင်တာမျိုးဖြစ်မှာ၊ ဟောက်မိတာမျိုးဖြစ်မှာတွေကို တွေးမကြောက်ပါနဲ့။ ကိုယ်အရင်တုန်းက အိပ်သလိုပဲ လွတ်လွတ်လပ်လပ်အိပ်ပါ။
၅။ငိုတဲ့အခါ ကိုယ့်ရဲ့မျက်နှာကို ကွယ်ဝှက်ထားတာမျိုး မလုပ်ပါနဲ့။
ငိုနေတဲ့ ကိုယ့်ရဲ့မျက်နှာက ရုပ်ဆိုးတယ်လို့ ခံစားရတယ်ဆိုရင်တောင် ကိုယ့်ချစ်သူရှေ့ ဟန်ဆောင်ပန်ဆောင် ငိုနေတာမျိုးတွေ လုပ်မနေပါနဲ့။ ဟန်ဆောင်ခြင်းက လူကို ပင်ပန်းစေတာကြောင့်ပါ။
၆။ကိုယ့်ငယ်ငယ်တုန်းက ပုံလေးတွေ သူ့ကိုထုတ်ပြပါ။
ကိုယ်အလယ်တန်းကျောင်းတက်တုန်းက ပုံတွေ သူကတောင်းကြည့်တဲ့အခါ ပြလိုက်ပါ။ ကိုယ်တကယ်ချစ်တဲ့သူဆိုရင် ဒါတွေကို သိုဝှက်မထားသင့်ပါဘူး။ သူ့ဆီကလည်း ပြန်တောင်းကြည့်ပေါ့။
၇။ကိုယ့်ဘဏ်ကတ်ထဲက ငွေအကြောင်း သူသိသွားလည်း အရေးမကြီးပါဘူး။
ကိုယ့်မှာ ပိုက်ဆံဘယ်လောက်ရှိတယ်၊ သူ့မှာဘယ်လောက်ရှိတယ်၊ ကိုယ်ကတစ်လဘယ်လောက်သုံးတယ်ဆိုတာမျိုးတွေက ချစ်သူအချင်းချင်း ဖွင့်ဟသင့်တဲ့အရာတွေပါ။ ဒါတွေက လိမ်ညာစရာမလိုပါဘူး။ ရှိရင်ရှိတယ်၊ မရှိရင် မရှိဘူး ပွင့်လင်းသင့်ပါတယ်။

ချိန်းတွေ့တဲ့အခါတိုင်း အမျိုးသားတွေကပဲ ကုန်ကျစရိတ်ပေးရမှာလား

ဘိုးဘွားတွေခေတ်တုန်းက သူတို့ ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ဘယ်သူကုန်ကျခံမယ်ထင်လဲ။ သေချာပါတယ် အဖိုးပဲ ဖြစ်မှာပါ။ တဖြည်းဖြည်း အချိန်တွေကုန်လာပြီး မိဘတွေခေတ်မှာဆိုရင်ရော ဘယ်သူဖြစ်နိုင်လို့လဲ အဖေပဲနေမှာပါ။ အကြာသေးခင်တုန်းက နိုင်ငံခြားတက္ကသိုလ်မှာ အမျိုးသမီး ၁၇၀၀၀ ကို သူတို့ရဲ့ အတွေ့အကြုံအရ မေးခွန်းတွေမေးလိုက်တော့ ၄၄%က ကုန်ကျစရိတ်မျှရှင်းပေးဖို့ မစဉ်းစားခဲ့ပါဘူးလို့ ဆိုခဲ့ကြပါတယ်။ ၃၉%အမျိုးသမီးတွေထွက်ဆိုချက်အရ ငွေရှင်းဖို့ ကမ်းလှမ်းတဲ့အချိန်မှာ အမျိုးသားတွေဘက်ကနေ အစဉ်အလာတစ်ခုအနေဖြင့် ကုန်ကျစရိတ်ကို သူတို့ပေးမယ်ဆိုပြီး အတင်းငြင်းကြတယ် ဆိုပြီး ပြောဆိုခဲ့ကြတယ်။
ကောင်းလေးတစ်ယောက်က “ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့ အပြင်မှာ ညနေစာစားကြတယ်။ ကျွန်တော်ပဲ ငွေရှင်းလိုက်ပါတယ်။ သိပ်ပြသနာမရှိပါဘူး။ နောက်လေးခါငါးခါချိန်းတွေ့တဲ့နောက်ပိုင်းမှာ ကျွန်တော်ကပဲ ဆက်ပြီးငွေရှင်းခဲ့ပါတယ်။ သူမကနေ ဝိုင်းရှင်းပေးဖို့ ကမ်းလှမ်းတာမရှိသလို ကျွန်တော်ကလည်း မတောင်းခဲ့ပါဘူး။ ပြသနာဖြစ်ပြီး လမ်းခွဲခဲ့ကြတဲ့နောက်ပိုင်းမှာတော့ ကျွန်တော်သိပ်ပြီး အဲကိစ္စကို ထည့်မစဉ်းစားခဲ့ပါဘူး။ ဒါပေမယ့် တကယ်တမ်းတော့ ကျွန်တော်တစ်ယောက်တည်းကပဲ ကျွန်တော်တို့ရဲ့ ပတ်သက်ခြင်းအတွက် ရင်းနှီးမြုပ်နှံခဲ့တာပါ။ ငွေရေးကြေးရေးကော၊ ချိန်းတွေ့ဖို့အတွက်ရောပဲ။” ဆိုပြီးတော့ သူ့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ပြောဆိုခဲ့ပါတယ်။
အဲဒါဆိုရင် သင့်ရဲ့ချိန်းတွေ့တဲ့အချိန်တွေမှာ ငွေကြေးကိစ္စကို ဘယ်လိုလုပ်သင့်သလဲ။ ပထမဆုံးအနေနဲ့ အမျိုးသမီးတွေ သိထားသင့်တာကတော့ အမျိုးသားတွေဟာ သင့်ထက်တော့ ကုန်ကျစရိတ်ရှင်းဖို့ ပိုပြီး အိုကေ ကြတယ်ဆိုတာပါပဲ။ အစောပိုင်းမှာ ဖော်ပြထားတဲ့ မေးမြန်းချက်တွေအရ ၈၄%အမျိုးသားတွေကနေ ကျန်ကျစရိတ်တွေရှင်းဖို့ တတ်နိုင်ကြတယ်။ ၆၄%ကျပြန်တော့လည်း ပထမဆုံးချိန်းတွေ့ပြီးနောက်ပိုင်းတွေမှာ အမျိုးသမီးတွေကလည်း ရှင်းသင့်တာပေါ့လို့ ပြောကြပြန်တယ်လေ။
အကြံပေးချင်တာကတော့ အမျိုးသမီးများအနေဖြင့် သင့်ရဲ့ချစ်သူ(သို့)ရည်းစားကို ဂရုစိုက်တယ် ဒါမှမဟုတ် သင်တို့ရဲ့အနာဂတ် ပတ်သက်မှုတွေကို ထည့်စဉ်းစားမယ်ဆိုရင်တော့ ပထမဆုံး ချိန်းတွေ့ပြီး နောက်ပိုင်းမှာတော့ သင့်အနေနဲ့လည်း ကုန်ကျစရိတ်တွေကို ခွဲဝေပြီးတော့ ရှင်းဖို့ပဲဖြစ်ပါတယ်။ ကံမဆုံလို့ လမ်းခွဲကြတယ်ဆိုရင်တောင်မှ “နင်က အရမ်းကပ်စေးနှဲတယ်၊ သူ့ရဲ့ပိုက်ဆံတွေနဲ့ပဲ ချိန်းတွေ့ခဲ့ကြတာမလား” ဆိုတဲ့ SMS ကိုယ့်ဆီရောက်မလာဖို့ ကြိုတင်ရှောင်ထားနိုင်တဲ့နည်းလမ်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အဓိပ္ပာယ်ရှိတဲ့ ချစ်ခြင်း နဲ့ ကြာရှည်ခံနိုင်တဲ့ ပတ်သက်မှုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ညနေစာ ကုန်ကျစရိတ်ထက်ဝက်လေးကို သင်အနေနဲ့လည်း ပေးသင့်တယ်မဟုတ်ဘူးလား။

ကိုယ့်ထက် အသက်ပိုကြီးတဲ့ ချစ်သူမမတွေကို မပြောသင့်တဲ့ စကားများ

ကိုယ့်ချစ်သူ ကိုယ့်ထက်အသက်ပိုကြီးတဲ့ မမဖြစ်နေတယ်ဆိုပါစို့။ သူတို့ရဲ့စိတ်ထဲမှာ တစ်ခါတစ်လေ ကိုယ့်ထက်ငယ်တဲ့သူနဲ့ ရည်းစားဖြစ်နေရတာနဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှုတွေ၊ အားငယ်တာမျိုးတွေ ရှိနေတတ်ပါတယ်။ ဘေးပတ်ဝန်းကျင်၊ ရွယ်တူသူငယ်ချင်းတွေရဲ့ အပြောအဆိုတွေကို ဆန့်ကျင်ပြီး ကိုယ့်ကိုချစ်ခဲ့ရတဲ့ ချစ်သူမမကို တစ်ခါတစ်လေ ကိုယ်အပြောမတတ်လို့ ထပ်ပြီး စိတ်ဆင်းရဲသွားရတာမျိုး မဖြစ်စေဖို့ ဒီလိုစကားမျိုးတွေကို ရှောင်ပါ။
၁။ ဟာ ဘာလို့အမြဲတမ်း နောက်မှာဖြစ်နေရတာလဲ။ မောတတ်လိုက်တာလည်း လွန်ပါရောလို့ မရေရွတ်မိပါစေနဲ့။
သူဟာ အသက်အရွယ်ကြောင့် ကိုယ့်ထက် သွားတာလာတာ နှေးတာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက် ကိုယ့်ထက်အသက်ကြီးပေမယ့် ကိုယ့်ကိုရှေ့ဆောင်လမ်းပြပဲဖြစ်စေချင်တာမို့ သူရှေ့မထွက်တာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။
၂။အားလုံးတူတူသောက်မယ်ဆို နည်းနည်းမှ မသောက်နိုင်တာ စိတ်ပျက်တယ်လို့လည်း မဆိုမိပါစေနဲ့။
ငယ်ငယ်တုန်းကလို one shot သောက်ရမယ့်အလုပ်တွေ မလုပ်ချင်တော့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူသောက်ချင်တာလေးကိုပဲ အိနြေ္ဒရရ သောက်ခိုင်းလိုက်ပါ။ ၀ိုင်ခွက်လေးနဲ့ဆိုလည်း အဆင်ပြေတာပဲလေ။
၃။တညလုံး သောင်းကျန်းမယ်ဆို အမြဲတမ်း ငြင်းနေတာပဲလို့ အပြစ်မတင်ပါနဲ့။
ရှိုးပွဲတွေသွားမယ်။ ပြီးရင် သောက်မယ်။ ပြီးတာနဲ့ ကလပ်ဆက်သွားပြီး တစ်ညလုံးကဲမယ့်အလုပ်တွေ သူစိတ်မ၀င်စားရင် အပြစ်မတင်ပါနဲ့။ သူ့အသက်အရွယ်ကြောင့် သူဒါတွေ မလုပ်ချင်တော့ဘူးဆိုတာ နားလည်ပေးပါ။
၎။တစ်နေရာရာသွားရင် ပိုက်ဆံပေးပြီး ဒါလေး ရေတွက် ပေးပါဦးဆိုပြီး မလုပ်ပါနဲ့။
ရှော့ပင်သွားတယ်ဆိုပါစို့။ အင်္ကျံဖိုးရှင်းတာကအစ မုန့်စားလို့ မုန့်ဖိုးရှင်းတာကအဆုံး အားလုံး သူမကိုချည်း မလုပ်ခိုင်းပါနဲ့။ သူမက ငွေကိုင်ဆိုရင်တောင် ကိုယ်ကအလိုက်သိသိ လုပ်ပေးရမယ်လေ။
၅။ဆုံးမတာမျိုးတွေ လုံးဝလက်မခံနိုင်ဘူးလို့ သူမကို မဆိုပါနဲ့။
တစ်ချို့အရာတွေမှာ သူမက အသက်အရွယ်ပိုကြီးနေတာကြောင့် ကိုယ့်ကို ကောင်းစေချင်လို့ စေတနာနဲ့ပြောဆိုတာမျိုးကို လာဆုံးမမနေနဲ့လို့ ပိတ်မပြောလိုက်ပါနဲ့။ ဒီလိုစကားမျိုးက ရွယ်တူမျိုးမှာ ပြဿ      နာမဖြစ်ပေမယ့် ကိုယ့်ထက်ကြီးတဲ့ ကိုယ့်ချစ်သူကို ပြောရင်တော့ သတိထားသင့်ပါတယ်။
၆။နောက်ဆုံးထားခဲ့တဲ့ ရည်းစားက ကိုယ့်ထက်ငယ်တော့ အားလုံးလိုက်ပံ့ပိုးပေးနရတယ်၊ မင်းလိုမဟုတ်ဘူးလို့ မပြောမိပါစေနဲ့။
ချစ်သူမမက တည်ငြိမ်တာ ဟုတ်ပါတယ်။ ရင့်ကျက်တာမို့ ကိုယ့်ဘာသာကိုရပ်တည်နိုင်နေပြီဆိုတာလည်း မှန်ပါတယ်။ ဒါကို အရင်ရည်းစားနဲ့ နှိုင်းပြီး မပြောပါနဲ့။ ကိုယ့်ဘက်က ဘာမှမထောက်ပံ့ပေးရတော့လို့ ၀မ်းသာလွန်းနေတယ်ဆိုတာမျိုးကလည်း မဖြစ်သင့်ဘူးလေ။
၇။လက်ထပ်ချင်နေပြီလား (သို့) ကလေးလိုချင်နေပြီလား။ ဒီမှာက အဆင်သင့်မဖြစ်သေးဘူးလို့ လုံးဝ လုံးဝ မဆိုမိပါစေနဲ့။
ကိုယ့်ထက်အသက်ကြီးတယ်ဆိုတာကို ထည့်ထည့်တွက်ပြီး ကိုယ်နဲ့လက်ထပ်ချင်နေပြီလား။ ကလေးယူချင်နေပြီလား။ ကိုယ်ကတော့ မဖြစ်နိုင်သေးဘူး။ အဆင်သင့်မဖြစ်သေးလို့ ဆောရီးပါလို့ သူတို့ကို ပြောရင် သူတို့ဘက်က ဘယ်လောက် စိတ်မကောင်းဖြစ်သွားမလဲဆိုတာ ထည့်စဉ်းစားပါ။ ဒဲ့ထိုးပြောလိုက်တာထက်စာရင် အချိန်နည်းနည်းပိုယူပြီး ကြိုးစားကြမယ်လို့ ပြောသင့်တယ် မဟုတ်လား။

Monday, June 16, 2014

ကျွန်တော့်ရဲ့ သိပ်ချစ်ရတဲ့ချစ်သူအတွက် ......

-  ယုံမလား...ချစ်သူ

သစ္စာ မေတ္တာစကားတွေနဲ့

တီတီတာတာ ပြောတဲ့

 ပလီပလာအထာတွေ
 
မောင်မသိခဲ့ပါဘူး

အရိုးရှင်းဆုံးနဲ့ အရိုးသားဆုံးကတော့
 
မောင် `မ`ကို သိပ်ချစ်တာပဲ...။

- နားလည်ပေးနော်... ချစ်သူ

အဝေးဆုံး နေ့ရက်တွေမှာ

အနီးဆုံးဖြစ်အောင် ရှိနေပေးပါလား
 
မောင်ရဲ့ နှလုံးခုန်သံတွေတိုင်းက
 
`မ` ဖန်ဆင်းတဲ့ စီးချက်တွေ ဖြစ်နေခဲ့လို့လေ..။

-  သတိရပေးနော်... ချစ်သူ

ပြန်ဆုံမယ့်နေ့ရက်တွေနဲ့

နှစ်ကိုယ်တူထားခဲ့တဲ့ ကတိတွေကို

အချိန်တိုင်း မဟုတ်ခဲ့ရင်တောင်

ခဏလောက်ဖြစ်ဖြစ်

 စိတ်ကူးယဉ်ပေးပါ...။

- ယုံကြည်ထား... ချစ်သူ

ဘေးစကား မုသားတွေနဲ့

မလိုလားတဲ့ခါးသီးမှု့တွေကို

ပါးနပ်စွာ ရှောင်ကြဉ်ရင်းက

တို့နှစ်ယောက်ရဲ့ ကမ္ဘာလေး

ရှိနေဦးမယ်ဆိုတာပေါ့...။

-  အားတင်းထား...ချစ်သူ

အလွမ်းဆိုတာ

တချိန်အတိတ်ဟောင်းက

ပုံရိပ်အချို့တာ ဖြစ်ခဲ့ရင်

အခုလို ဝေးကွာ ခြင်းက

ဆုံဆည်း ခြင်းရဲ့ ခြေလှမ်း အစပဲမို့လား...။

- ဟုတ်တယ်...ချစ်သူ

မောင်ပြောခဲ့တဲ့ အရာအားလုံးက
 
`မ` အတွက်

အတ္တတွေ ဖြစ်ခဲ့မယ်ဆိုရင်တောင်
 
`မ` နဲ့ဆုံနိုင်ဖို့ တခုတည်းပါဗျာ.....။
                                                 ချမ်မြေ့

ကိုယ့်သူငယ်ချင်းက ကိုယ့်ချစ်သူကို အထာပေး၊ အီစီကလီလုပ်နေသလားဆိုတာ ခွဲခြားနိုင်မယ့် အချက်များ

တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ အဖြစ်အပျက်တွေ လောကကြီးမှာ အများကြီးပါ။ ကိုယ့်ရဲ့အရင်းနှီးဆုံးမိတ်ဆွေ သူငယ်ချင်းက ကိုယ့်ချစ်သူအပေါ် ချစ်စိတ်ဝင်သွားတာကြောင့် ကိုယ့်ကိုတောင် ဂရုမစိုက်တော့ပဲ အထာပေးနေတာမျိုး၊ ကိုယ့်ချစ်သူကို အီစီကလီတွေ လုပ်နေတာမျိုးကြုံလာရင် ဒါဟုတ်လား မဟုတ်လား ခွဲခြားနိုင်ဖို့အရေးကြီးပါတယ်။ သူကတော့ ကိုယ့်ကို ဒီကိစ္စမျိုး ဘယ်တော့မှ ၀န်ခံမှာ မဟုတ်ပါဘူး။ ဒီလိုမျိုးအခြေအနေမှာ ကိုယ့်ဘက်က သူ့ရဲ့အရိပ်အကဲတွေကို ကြည့်ပြီး ဟုတ်မဟုတ် သုံးသပ်ကြည့်နိုင်တဲ့ အချက်တွေတော့ရှိပါတယ်။ အဲ့ဒါတွေကတော့
၁။ကိုယ့်ချစ်သူနဲ့ရှိနေချိန်တိုင်း အကြောင်းမရှိ အကြောင်းရှာပြီး ရောက်လာတတ်တယ်ဆိုရင်။
ကိုယ့်ဆီ ဖုန်းဆက်ပြီး နင်ဘယ်မှာလဲ မေးတယ်။ ငါ့ရည်းစားနဲ့အတူတူလို့ ပြောလိုက်တာနဲ့ ငါလည်းအဲ့ဒီနား လာစရာရှိလို့ နင်တို့ဆီလာခဲ့မယ်လို့ အမြဲပြောတတ်တယ်ဆိုရင် ဒါဟာ သံသယဖြစ်ဖွယ်အချက်ပဲပေါ့။ ဘယ်သူကမှ သူများရည်းစားတွေကြား တစ်ယောက်တည်း ယောင်တောာင်တောင်ဖြစ်နေမယ့် ကိစ္စမျိုး မဖန်တီးဘူးလေ။
၂။စကားပြောရင် သူမရဲ့ဆံပင်တွေကို အကြောင်းမဲ့လိမ်နေမယ်ဆိုရင်။
ကောင်မလေးအများစုက သူတို့သဘောကျတဲ့ ကောင်လေးတွေကို အထာပေးတဲ့အခါ ဆံပင်တွေကို လိမ်ပြီးစကားပြောတတ်ကြပါတယ်။ ကဲ ခုအဲ့ဒီလိုအထာပေးစရာ ကိုယ့်ရည်းစားအပြင် တခြား ယောင်္ကျားလေးများ အနားမှာရှိသလား။ မရှိဘူးဆိုရင်တော့ စဉ်းစားစရာပေါ့။
၃။ကိုယ့်ချစ်သူကို ဟိုထိ၊ ဒီထိ စကားပြောနေပြီဆိုရင်။
ဘယ်သူမဆို ကိုယ်ကြိုက်တဲ့၊ သဘောကျတဲ့အရာတွေဆိုရင် တို့ထိချင်စိတ်ရှီတတ်ကြပါတယ်တဲ့။ ဥပမာ ကိုယ်ကြိုက်တဲ့ ဆွယ်တာလေးကို ရောင်းဖို့ချိတ်ထားတာဆိုရင်၊ ဒါမှမဟုတ် အရုပ်ကလေးတစ်ရုပ်ကို စတိုးဆိုင်မှာ ပြထားတာဆိုရင် ကိုင်ကြည့်၊ ထိကြည့်ချင်ကြပါတယ်။ ဒီလိုပါပဲ ကိုယ်သဘောကျတဲ့သူနဲ့ စကားပြောရင် အဲ့ဒီလို ထိကိုင်ပြီး ပြောဆိုချင်တတ်ကြတာမို့ သူမက ကိုယ့်ချစ်သူကို ဒီလိုမျိုးအပြုအမူတွေ လုပ်မလုပ်ကြည့်ပါ။ မျက်လုံးကိုလည်း သေချာကြည့်ပါ။
၎။ကိုယ့်ချစ်သူရဲ့ ဖုန်းနံပါတ်ကို တောင်းပြီး sms တွေ ပို့တတ်တယ်ဆိုရင်။
ဒီအချက်ကတော့ တော်တော်လေး ထင်သာမြင်သာ ဖြစ်သွားပါပြီ။ ဘယ်သူကမှ သူများရည်းစားကို စည်းဘောင်ကျော်ပြီး sms တွေ မပို့ပါဘူး။ ဘာမှမဟုတ်တဲ့၊ အရေးမကြီးတဲ့ အကြောင်းအရာတွေကို sms ပို့ပြီးပြောဆိုနေတယ်ဆိုရင် ဒါသံသယဖြစ်စရာ အကောင်းဆုံးအချက်ပေါ့။
၅။ကိုယ့်ကို ကိုယ့်ချစ်သူရှေ့မှာ သိက္ခာကျအောင် စသလိုလိုနဲ့ ပြောနေပြီဆိုရင်။
ကိုယ့်အကြောင်း ကောင်းကြောင်း တစ်ခုမှ မပြောပေမယ့် အရင်တုန်းက ထားခဲ့တဲ့ ဘဲတွေအကြောင်းပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အလုပ်မှာ ကိုယ်ဘယ်လိုအရှက်ကွဲခဲ့တယ်ဆိုတာတွေကိုပဲဖြစ်ဖြစ် ကိုယ့်ချစ်သူရှေ့မှာ စလိုနောက်သလိုပြောတတ်တယ်ဆိုရင် ဒါဟာ ကိုယ့်ကို သက်သက်လုပ်နေတာပါပဲ။
၆။ကိုယ်တို့နဲ့အတူရှိနေချိန်ဆို ကိုယ်နေဟန်ထားကို ကြည့်ကောင်းအောင် ကြိုးစားပြုမူနေတယ်ဆိုရင်။
ကိုယ့်ချစ်သူနဲ့ကိုယ်ရှိနေချိန် သူလည်း ဘေးမှာရှိနေတယ်ဆိုပါစို့။ အရင်တုန်းက ထိုင်သလိုပုံစံမျိုး မဟုတ်ပဲ ခါးကိုမတ်မတ်ထား၊ ခြေထောက်ကိုချိတ်၊ ရင်ကိုကော့ပြီး ကိုယ်နေဟန်ထားအပြည့်နဲ့ ပြုမူနေပြီဆိုရင် ဒါဟာ တစ်ဖက်လူရဲ့ အာရုံကို ဖမ်းစားချင်လို့ပါ။
၇။သူ့အတွက် ကျသင့်ငွေကို အမြဲရှင်းစေချင်တယ်ဆိုရင်။
သူငယ်ချင်းတွေနဲ့ အပြင်မှာ မုန့်စားကြတဲ့အခါ ကိုယ့်ချစ်သူက အားလုံးအတွက် ပိုက်ဆံရှင်းလိုက်တယ်ဆိုရင် ကိုယ့်သူငယ်ချင်းတွေကြားထဲ ကိုယ်မျက်နှာကောင်းရတာပေါ့။ ဒါပေမယ့် နောက်တစ်ခါဆိုရင် ကိုယ့်တစ်ယောက်တည်း အတွက်ပဲ သူရှင်းပါစေ။ တစ်ခြားတစ်ယောက်ရယ်၊ ကိုယ်ရယ် နှစ်ယောက်စာအတွက် ကိုယ့်ချစ်သူက ပိုက်ဆံထည့်ရှင်းပေးတာမျိုး မလုပ်ပါစေနဲ့။
၈။သူ့ဘေးနားမှာ အမြဲဝင်ထိုင်တတ်သူဆိုရင်။
ကိုယ့်သူငယ်ချင်းက မိန်းမသားအချင်းချင်း ကိုယ့်ဘေးမှာပဲ ထိုင်ရမှာပေါ့။ ကိုယ့်ဘေးမှာ နေရာမရှိတော့လို့ သူ့ဘေးသွားထိုင်လိုက်ရတယ်ဆိုတာကို မပြောလိုပေမယ့် ကိုယ့်ဘေးမှာလည်း ခုံရှိရက်သားနဲ့ ကိုယ့်ချစ်သူဘေးမှာပဲ ဆုံချိန်တိုင်း အမြဲထိုင်တတ်သူဆိုရင် သင်ဒါကို ထည့်စဉ်းစားရတော့မှာပေါ့။
၉။အသံကျယ်ကျယ်လေး ရယ်မောပြတတ်သူဆိုရင်။
ကိုယ့်ချစ်သူက ဟာသ ဒါမှမဟုတ် ရယ်စရာအဖြစ်အပျက်လေးတစ်ခုကို ပြောလိုက်တာနဲ့ သူက အူလှိုက်သဲလှိုက်ကို သဘောကျရယ်မောပြနေပြီ၊ အသံကျယ်ကျယ်လေးကို ရယ်မောပြနေခြင်းဟာလည်း သင့်ချစ်သူကို ဆွဲဆောင်နေတာပဲပေါ့။
၁၀။တခြားသူငယ်ချင်းတွေဆီက သူမအကြောင်း တစွန်းတစကိုယ့်ကို ဖွင့်ဟလာမယ်ဆိုရင်။
ကိုယ်နဲ့ပတ်သက်ရာ ပတ်သက်ကြောင်း သူငယ်ချင်းတွေကပဲ နင်သူ့ကိုတော့ သတိထားနော် ဆိုတာမျိုး၊ နင့်ကောင်လေးကို သူစိတ်ဝင်စားနေတယ်ထင်တယ်ဆိုတဲ့ တစွန်းတစ်စလှစ်ဟမှုတွေ ရှိလာတဲ့အခါ ဒါကိုကိုယ့်ဘက်က သံသယဖြစ်နေတဲ့ အချက်တွေနဲ့ ဖြစ်နိုင်၊ မဖြစ်နိုင် ပေါင်းစပ်စဉ်းစားကြည့်ပါ။

Tuesday, May 6, 2014

ပေးဆပ်အချစ်

တခါတုန်းက မျက်မမြင် ကောင်မလေးတစ်ယောက်ရှိတယ် ။ သူ့စိတ်ထဲမှာ အရာအားလုံးကို အထင်သေးမှုတွေ မလိုမုန်း တီးမှုတွေ စက်ဆုပ်မှုတွေနဲ့ ပြည့်နေလေ့ရှိတယ် ။ သူမမှာ သူငယ်ချင်း များများစားစားမရှိဘူး ။ သူ့ကို တခြား သူတွေမချစ်နိုင်တဲ့အချစ်မျိုးနဲ့ နက်ရှိုင်းစွာချစ်တဲ့ ကောင်လေးတစ်ယောက် ပဲ ရှိတယ် ။ မျက်မ မြင်ကောင် မလေးက ကောင်လေးကို အမြဲပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ် ။

“ ငါ့မျက်လုံးတွေ ပြန်မြင်ရတဲ့တစ်နေ့ နင့်ကိုလက်ထပ်မယ် ” တဲ့ ။ ဒီလိုနဲ့ တစ်ရက်မှာ သူ့အတွက် မျက်လုံး တစ်စုံလှူမယ့် လူတစ်ယောက်ပေါ်လာခဲ့တယ် ။ နောက်ဆုံးမှာ သူမမျက်လုံးတွေပြန်မြင်ပြီး သူ့ကောင်လေး ကို လည်း မြင်ခွင့်ရခဲ့တယ် ။ အဲဒီအချိန်မှာ သူမ အလွန်အံ့အားသင့်သွားခဲ့တယ် ။ ဘာကြောင့်လည်းဆိုတော့ သူမ ကောင်လေးကလည်း သူမလိုပဲ မျက်မမြင်တစ်ယောက်ဖြစ်နေလို့ပါပဲ ။

ကောင်လေးကမေးတယ် ။ “ နင်အခု ငါ့ကိုမြင်ရပြီမဟုတ်လား ငါတို့လက်ထပ်ကြမလားဟင် ”

ဒီတော့ကောင်မလေးကပြန်ပြောတယ် ။ “ အို.. ဘယ်လိုဖြစ်နိုင်မှာပလဲ ငါတို့ဘယ်တော့မှ ပျော်ရမှာမဟုတ်ဘူး အခု ငါ့မျက် လုံးတွေပြန်မြင်နေရပြီလေ ဒါပေမယ့် နင်ကတော့ အခုထိ ကန်းနေတုန်းပဲ ဒါကြောင့် စိတ် မကောင်း ပါဘူး ငါတို့ မဖြစ်နိုင်ဘူး ” တဲ့ ။

ကောင်လေးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တစ်ပေါက် စီးကျလာတယ် ။ ပြီးတော့ ကောင်လေး က ကောင် မလေးကိုပြုံးပြပြီး “ ငါနားလည်ပါတယ် ငါက နင့်ကိုပျော် ရွှင်စေချင်ခဲ့ယုံသက်သက်ပါ ကျေးဇူးပြုပြီး နင့်ကိုယ် နင် ဂရု စိုက်ပါ ပြီးတော့ငါ့မျက်လုံးတွေကိုလည်းဂရုစိုက်ပေးပါ ”

ပြီးတော့ကောင်လေး က ကောင်မလေးရှေ့ကနေ လှည့်ထွက်သွားခဲ့တယ် ။

###############################################

တကယ်တော့အချစ်ဆိုတာ အမြင်သဏ္ဍာန်ပေါ်မူတည်ပြီးပြောင်းလဲတတ်တာမျိုးမဟုတ်ပါဘူး ။ မြင်နေ ရ သည် ဖြစ်စေ မမြင်ရသည်ဖြစ်စေ ရင်ခုန်သံချင်းနားလည်နေဖို့သာလိုတာပါ ။ ကောင်မလေးဟာ ရဲ့အချစ်ဟာ အမြင် သဏ္ဍာန်ပေါ်မူတည်ပြီးပြောင်းလဲသွားခဲ့တယ် ။ လောကကြီးမှာ အချစ်ဆိုတာဟာလည်း အဲဒီလို အသွင် သဏ္ဍာန် နဲ့ အခြေအနေ ၊ အချိန်အခါပေါ်မူတည်ပြီးပြောင်းလဲတတ်ပါသလား လို့ ကောင်လေး စိတ်ထဲ တွေးနေ မိမှာပါပဲ ။

သင်သိပ်ချစ်ကြောင်းဖွင့်ပြောဖို့ နောက်မကျစေပါနဲ့

တစ်ခါတုန်းက သိပ်ချစ်ကြတဲ့ လိပ်ပြာလေး နှစ်ကောင်ရှိတယ် ။ တစ်နေ့မှာ သူတို့ဟာ တူတူပုန်းတမ်း ကစားဖို့ ဆုံးဖြတ် လိုက်ကြတယ် ။

လိပ်ပြာထီးလေး --- ငါတို့ ကစားပွဲ လေးကစားရအောင်
လိပ်ပြာမလေး --- ကောင်းပြီလေ ဘယ်လိုကစားမလဲ
လိပ်ပြာထီးလေး --- ဒီပန်းပွင့်လေးထဲမှာ နက်ဖြန်မနက်စောစော လာပြီး ထိုင်နိုင်တဲ့သူက ပိုချစ်တဲ့သူဖြစ်မယ်
လိပ်ပြာမလေး ---- ကောင်းပြီလေ

############################

ဒီလိုနဲ့ နောက်တစ်နေ့မနက်ခင်းမှာ လိပ်ပြာထီးလေးဟာ ပန်းကလေးပွင့်မယ့်အချိန်ကို အစောကြီး လာစောင့်နေ တယ် သူ လိပ်ပြာမလေးကို ဘယ်လောက်ချစ်ကြောင်းသက်သေပြဖို့အတွက်ပေါ့ ။

နောက်ဆုံးမှာ ------ ပန်းကလေးပွင့်သွားပါတယ်----

သူဘာတွေတွေ့သွားလဲ ??

လိပ်ပြာမလေးဟာ ပန်းပွင့်ကလေးထဲမှာ သေဆုံးလို့နေပါတယ် ။

လိပ်ပြာမလေးဟာ တစ်ညလုံး ပန်းပွင့်ကလေးထဲမှာနေခဲ့တယ် သူ လိပ်ပြာထီးလေးကို ဘယ်လောက် ချစ်ကြောင်း သက်သေပြဖို့အတွက်ပေါ့ သူ လိပ်ပြာထီးလေးကို တွေ့တွေ့ခြင်း သူ့ချစ်သူကို ဘယ်လောက် ချစ်ကြောင်းပြောပြဖို့အတွက်ပေါ့ ။

#########################

ပန်းပွင့်ကလေးဟာ ညဖက်မှာ ငုံပြီးမနက်မှ ပွင့်တတ်တဲ့ ပန်းအမျိုးအစားဖြစ်လို့နေခဲ့တယ် ။ လိပ်ပြာမလေး အထဲဝင်နေ စဉ်မှာ မွန်းကြပ် သေဆုံးသွားခဲ့ခြင်းဖြစ်တယ် သူ့ချစ်သူကို သူက ပိုချစ်ကြောင်း ပြသဖို့အတွက် --------

အချစ်ဆိုတာ အလွန်လှပတဲ့ စိတ်ဝိဥာဉ်လေးတစ်ခုဖြစ်တယ် ။ သင်တို့လည်း ကိုယ့်ချစ်သူကို ကိုယ့်အ သက် ထက်ပိုပြီး တန်ဖိုးထားနိုင်ကြပါစေ ။

စိတ်မကောင်းပါဘူး လိပ်ပြာမလေးရေး(((((((((((((

သက်တန့်ချို

မှတ်ချက် ။ ။ သင်ချစ်တဲ့ တစ်စုံတစ်ယောက်ကို သိပ်နောက်မကျသေးခင်မှာ သင်ဘယ်လောက် ချစ်ကြောင်း ပြောပြဖို့ ၀န်မလေးပါနဲ့ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, May 1, 2014

ကိုယ့်အချစ်ရေးကို ပိုမိုကောင်းမွန်စေဖို့ အထောက်အကူပြုမယ့် အချက်(၆) ချက်

ဘယ်သူမဆို ရည်းစားထားပြီဆိုတာနဲ့ အချစ်ရေးမှာ သာသာယာယာရှိချင်ကြတာချည်းပါပဲ။
တစ်ချိန်လုံး ရန်ဖြစ်နေရတာ၊ သ၀န်တိုနေရတာ၊ ကိုယ့်ချစ်သူအတွက် စိတ်မောနေရတာမျိုးတွေကို ဘယ်အတွဲကမှ လိုချင်မှာ မဟုတ်ဘူးနော်။ ဒါ့ကြောင့် ရည်းစားမထားခင် သိထားသင့်တဲ့ အချက်လေးတွေ သိထားမယ်ဆိုရင် ဘယ်လိုလေးဆိုကိုယ့်ကို အထင်မသေးဘူး၊ ဘယ်အချက်တွေဆို ဒီလိုလူမျိုးကို ရှောင်ရမယ် စသဖြင့် အဆင်ပြေနိုင်မှာလေ။ ပြီးတော့ ဒီအချက်တွေထဲက တစ်ချက်ချက်ကြောင့်လည်း သင့်ရဲ့အချစ်ရေးကို ပိုမိုအဆင်ပြေချောမွေ့စေဖို့ ကူညီပေးဖွယ်  ရှိနေသေးတာကြောင့် ဖော်ပြပေးလိုက်တယ်နော်။

၁။စိတ်ထဲရှိသမျှကို ဖေ့စ်ဘွတ်ခ်လိုနေရာမျိုးမှာ ချမရေးမိပါစေနဲ့။
ကိုယ်က သူငယ်ချင်းတွေနဲ့ အပြန်အလှန် စိတ်ထဲရှိရာ စတေးတပ်စ်မျိုးတွေတင်ပြီး ဖေ့စ်ဘွတ်ခ်မှာ ဟေးလားဝါးလားလုပ်နေတာထက်စာရင် တစ်ခါတစ်လေ ဘာမှမတင်ပဲ အေးဆေးဆေးဆေးလေး နေလိုက်တာက ပိုမိုက်ပါတယ်။ တစ်ဖက်က ကိုယ့်ကိုစောင့်ကြည့်နေတဲ့သူလည်း သူဘာလို့ခုလို ငြိမ်သွားတာလည်းဆိုပြီး ပိုမိုသိချင်စိတ်တွေ ပြင်းပြလာပါလိမ့်မယ်။ ဒါဟာ သူကိုယ့်ဘေးနားကို ပိုမို လျှင်မြန်စွာ ရောက်လာစေမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။
၂။ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။
တစ်ချိန်လုံးနီးပါး မပြောရဲ၊ မဆိုရဲ ရှက်ကြောက်နေခြင်းမျိုးဟာ အလုပ်မဖြစ်တတ်ပါဘူး။ တစ်ခါတစ်လေ  ဒီလိုရှက်ကြောက်နေခြင်းမျိုးက ချစ်ရသူကိုပါ လက်လွတ်ဆုံးရှုံးရတတ်ပါတယ်။ ဒါ့ကြောင့် အလွန်အကျွံ မဟုတ်ရင်တောင် ကိုယ်သဘောကျနေတဲ့သူကို တစ်ခါလောက် စကားစပြောဖို့ မတွန့်ဆုတ်ပါနဲ့။ ကိုယ့်ကိုယ်ကို ငါလုပ်နိုင်တယ်လို့ ယုံကြည်လိုက်ပါ။
၃။ပွေရှုပ်သူတွေနဲ့ ဒိတ်မလုပ်ပါနဲ့။
ကိုယ်စိတ်ဝင်စားနေတဲ့သူက ငပွေငရှုပ်ဆိုရင်တော့ သူ့ကိုဆက်ပြီး စိတ်မ၀င်စားမိဖို့ အကြံပေးပါရစေ။ သူတို့နဲ့ကိုယ် ရည်းစားဖြစ်သွားရင်တောင် တစ်ချိန်လုံး သူတို့အတွက် စိတ်ပူနေရတာ၊ သ၀န်တိုနေရတာမျိုးနဲ့ တင် ပျော်ရွှင်မှုဆိုတာ မရနိုင်ပါဘူး။
၎။အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွင်လေး နေထိုင်ပါ။
ကိုယ်က ပွေရှုပ်တဲ့သူ မဟုတ်ပေမယ့် ကိုယ်နဲ့ရည်းစားဖြစ်ခဲ့တဲ့သူတွေက ကိုယ်နဲ့အဆင်မပြေတဲ့ ငကြောင်တွေချည်းပဲ ဆိုရင်လည်း ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း အေးအေးဆေးဆေးလေး ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ။ ဒီအတွက် စိတ်ဓာတ်ကျပြီး လုပ်ချင်ရာလျှောက်လုပ်စရာလည်း မလိုပါဘူး။ ကိုယ်နဲ့ သင့်တော်တဲ့ လူကောင်းတစ်ယောက်ကတော့ ကိုယ့်ရှေ့ရောက်လာဦးမှာပဲလေ။
၅။ရည်းစားဟောင်းတွေနဲ့ ပြန်မဆက်သွယ်ပါနဲ့။
သူတို့ကို စိတ်ပြတ်ပြီဆိုရင် ဘာလို့များ သူတို့နဲ့ဆက်သွယ်နေမှာလဲ။ သူငယ်ချင်းအနေနဲ့ ပြန်ဆက်သွယ် နေတယ်ဆိုရင်တောင် ဒါဟာ အာရုံနောက်စရာကောင်းတယ်လေ။ ကိုယ့်ကို စိတ်ဝင်စားနေတဲ့သူ ရှိရင်တောင်မှ ရှေ့ဆက်မတိုးရဲ ဖြစ်နေပါလိမ့်မယ်။
၆။သူငယ်ချင်းတွေကို အကူအညီတောင်းပါ။
ကိုယ့်ကို လိုက်နေတဲ့သူက ဘယ်လိုလူမျိုးလဲဆိုတာ သိချင်ရင် သူငယ်ချင်းတွေကို စုံစမ်းပေးဖို့ အကူအညီတောင်းပါ။ ယောင်္ကျားလေး သူငယ်ချင်းရှိရင် သူတို့က ကိုယ့်ကိုလိုက်နေတဲ့ ကောင်လေးက ဘယ်လိုဆိုတာ ကိုယ့်ကို ပြန်ပြောနိုင်ပါတယ်။ သူတို့က ယောင်္ကျားလေးအချင်းချင်း ပိုမြင်တတ်တာကိုလည်း မေ့ထားလို့ မရဘူးလေ။

အမျိုးသားတွေ နားမလည်နိုင်တဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အချက် (၇) ချက်

ကိုယ့်ချစ်သူကောင်လေးတွေ ကိုယ့်ကိုနားလည်မပေးနိုင်တဲ့ အချက်ဆိုတာ စုံတွဲတိုင်းမှာ ရှိနေတတ်ပါတယ်။
တစ်ချို့စုံတွဲတွေအတွက် တစ်ချက်၊ နှစ်ချက်လောက်ဆိုပေမယ့် တစ်ချို့အတွဲတွေကျတော့ ကိုယ့်ကောင်မလေးကို နားလည်မှုကို မပေးနိုင်တာပါ။ ဘာလို့ဒါတွေလုပ်တာလဲ၊ လိုအပ်လို့လား ဆိုတာမျိုးတွေနဲ့ ပြဿနာခဏခဏ တက်နေပြီဆိုရင်တော့ သူတို့ကို နားလည်အောင် ရှင်းပြဖို့ လိုပြီပေါ့။ ဒါ့ကြောင့် ကိုယ့်ချစ်သူကောင်မလေးနဲ့ ပတ်သက်ပြီး အမျိုးသားတွေ နားမလည်နိုင်တဲ့ အချက်တစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။

၁။ဖိနပ်အမြင့်တွေ ၀ယ်တဲ့ကိစ္စမျိုးပါ။ ယောင်္ကျားအများစုက ဒေါက်မြင့်ဖိနပ်တွေစီးပြီး ခက်ရာခက်ဆစ် လမ်းလျှောက်နေရတဲ့ အမျိုးသမီးတွေကို နားမလည်နိုင်ပါဘူး။ ကိုယ့်ရည်းစားဆိုရင်လည်း နောက်တစ်ခါ ဒီလို ဖိနပ်မျိုး မ၀ယ်စမ်းပါနဲ့လို့ ပြောပါလိမ့်မယ်။

၂။ဖိနပ်ဘယ်နှစ်ရံတောင် ရှိသလဲဆိုတဲ့ မေးခွန်းမျိုးကလည်း အမျိုးသမီးတွေအတွက် နည်းနည်းအဖြေရခက်တဲ့ မေးခွန်းပါ။

၃။မိန်းကလေးတွေ ဘာလို့ အုပ်စုဖွဲ့ပြီး အိမ်သာသွားကြသလဲဆိုတာမျိုးကလည်း သူတို့စဉ်းစာလို့မရတဲ့ အချက်ပါပဲ။ မင်းဘာလို့ တစ်ယောက်တည်း အိမ်သာမသွားတာလဲလို့ အမေးခံရရင်လည်း စိတ်မဆိုးပါနဲ့။ သူတို့နားမလည်ဘူးဆိုတာကိုသာ သိထားလိုက်ပါ။

၎။ရင်ပြတ်အ၀တ်အစား၊ ပေါင်တစ်ဝက်ပဲပါတဲ့ dress မျိုးတွေက ဘယ်အချိန်ဝတ်ဖို့ ၀ယ်တာလဲ။ ဒါမျိုးတွေ မ၀တ်စမ်းပါနဲ့လို့ သူတို့ပြောတဲ့အခါ ခေါင်းညိတ်ပြလိုက်ပါ။ ပြန်မငြင်းပါနဲ့။

၅။ကိုယ့်ကောင်လေးကို ဘယ်လိုအရောင် ၀ယ်ရမလဲဆိုပြီး၊ ဘယ်လိုအရောင်မျိုးနဲ့ ကိုယ်နဲ့လိုက်သလဲ ဆိုတာမျိုးတွေ အကြံဥာဏ်တောင်းတဲ့အခါ သူတို့နားမလည်တာက အရင်အရောင်မကြိုက်တော့ဘူးလား ဆိုတာပါပဲ။ အမှန်တော့ မိန်းကလေးတွေက ကိုယ့်ရည်းစားရဲ့ အကြံဥာဏ်ကို လိုချင်တာပါ။ အပြစ်တင်ခံချင်တာမျိုး မဟုတ်ဘူးနော်။

၆။ဘာ့ကြောင့် အလှကုန်ပစ္စည်းတွေ ၀ယ်မဆုံးဖြစ်နေသလဲဆိုပြီး ကိုယ့်ကိုအပြစ်တင်လာခဲ့ရင် ဘယ်နေရာအတွက်က ဘာသုံးရတယ်ဆိုတာကို တစ်ချက်ချင်းရှင်းပြလိုက်ပါ။ အို မိန်းကလေးကိစ္စ ရှင်တို့ ဘယ်သိမလဲလို့ အငေါ်မတူးလိုက်ပါနဲ့။

၇။GYM ဆော့မယ့်ကိစ္စမျိုးကို ကိုယ့်ချစ်သူကောင်လေးက ခုလည်းလှနေတာပဲ ဘာအတွက်ထပ်ပြီး GYM ဆော့ဦးမှာလဲလို့  ပြောခဲ့ရင်လည်း ပြုံးပြုံးလေးနဲ့ ကိုယ့်ချစ်သူအတွက် လှပြီးရင်း လှနေတဲ့ မိန်းကလေးဖြစ်ချင်လို့ပါလို့သာ ပြောလိုက်ပါ။ ကျေနပ်သွားပါလိမ့်မယ်။

ကိုယ့်လက်ကိုင်ဖုန်းကို ကိုယ့်ရည်းစားထက်တောင် ပိုခင်တွယ်နေပြီလား

 အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဖုန်းကိုပိုခင်တွယ်တတ်ကြတယ်တဲ့။
ကိုယ့်လက်ကိုင်ဖုန်းလေးကို တသသနဲ့ လက်ထဲကပြုတ်ကျမှာ၊ တစ်နေရာမှာ ကျန်ခဲ့မှာကို စိုးရိမ်တတ်ကြတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ရည်းစားနဲ့ တွေ့ဆုံချိန်တွေမှာတောင် လက်ထဲက ဖုန်းကိုမချနိုင်ပဲ ဟိုကလိ၊ ဒီကလိလုပ်တတ်ကြလွန်းလို့ အမျိုးသားတွေက သူတို့ထက် ဖုန်းကို ပိုချစ်နေပြီလားလို့ မေးခွန်းထုတ်ကြတဲ့အထိပါပဲ။ ဘာ့ကြောင့်များ သူတို့တွေ ဖုန်းကို ခင်တွယ်နေကြပါသလဲ။

၁။ဖုန်းဟာ ကိုယ့်အိပ်ယာဘေးမှာ အမြဲရှိနေတတ်တယ်လေ။ နာရီကြည်ဖို့ဆိုရင်လည်း ဖုန်းကို လှမ်းယူကြည့်လိုက်ရုံပဲ။ Alarm ပေးရင်တောင် ဖုန်းနဲ့ပဲ။ တစ်ခါတစ်လေ ဖုန်းနဲ့သီချင်းလေး ဖွင့်ပြီးတော့တောင် အိပ်ယာဝင်လိုက်သေး။ အိပ်ယာနိုးနိုးချင်း ပထမဆုံး မြင်ရတာကလည်း ကိုယ့်လက်ကိုင်ဖုန်းလေးပဲကိုး။

၂။ချစ်သူရဲ့ မိဘနဲ့ တွေ့ဆုံဖို့သာ အချိန်မရှိတာ။ facebook ထဲက သူငယ်ချင်းတွေနဲ့တော့ အချိန်တိုင်းကို တွေ့နေရတာပဲ။ ဒါကလည်း လက်ကိုင်ဖုန်းကြောင့်ပေါ့။

၃။ရေချိုးရင်လည်း ရေချိုးခန်းထဲ သယ်လို့သယ်။ ဒါမှ ဖုန်းခေါ်သံကို ကြားရမှာကိုး။ message ၀င်ရင်လည်း လွယ်လွယ်ကူကူ သိနိုင်မယ်လေ။

၎။ချစ်သူက ဘာပြောနေမှန်း သိချင်မှသိမယ်။ Instagram မှာ ဘယ်သူက ပုံဘယ်နှစ်ပုံ တင်ပြီးပြီလဲ ဆိုတာကိုတော့ အတိအကျ ပြောနေတတ်ပြန်ရော။၅။တစ်ခါတစ်လေ အိမ်မှာဖုန်းကျန်ခဲ့လို့ ရည်းစားကို နေဦးဆိုပြီး ဖုန်းပြန်ယူရတာလည်း ရှိသေး။ တစ်ရက်တစ်လေပဲဆိုပြီး အိမ်မှာ လက်ကိုင်ဖုန်းကျန်ခဲ့ရင် ဘယ်လိုမှ အဆင်ပြေပြေ မနေနိုင်ဘူးလေ။ ဟာတာတာ ဖြစ်နေတတ်တယ်မဟုတ်လား။

၆။ရည်းစားက ကိုယ်နဲ့ညစာတူတူ စားနေရင်းကနေ အိမ်နောက်ဖေးသွားပြီး တစ်ခုခု သွားယူရင်တောင် ဖုန်းကနေ message ပို့ပြီး အိမ်နောက်ဖေးက ဘာလေးယူလာခဲ့ပါဆိုတာမျိုးကလည်း လုပ်တတ်သေး။

၇။သူနဲ့အပြင်မှာ ပြောဆိုနေကျအရာတွေထက် သူ့ရဲ့ facebook wall မှာ ကိုယ်ပို့စ်သွားလုပ်ထားတဲ့ပုံတွေ၊ စာတွေက ပိုများနေသလားလို့။ စဉ်းစားကြည့်ပါဦး။ ပြောဖြစ်တဲ့အကြောင်းအရာက ၁၅ခုဆို၊ သူ့ဝေါပေါ်မှာ ကိုယ့်ပို့စ်က အခု ၅၀လောက်ဖြစ်ချင်ဖြစ်နေတာ။

၈။နောက်ဆုံး ကိုယ့်ရည်းစားက ဖုန်းကို ချထားလိုက်စမ်းလို့ မပြောမချင်း ကလိနေတတ်တာဟာ ချစ်သူနှစ်ဦးအတွက် ကတောက်ကဆ ဖြစ်ခြင်းရဲ့ အစတွေပါ။

မှတ်ချက်။ ကိုယ့်တွေ့ ဖြစ်ရပ်များထဲမှတချို့

ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့)

ကဗျာလေးတစ်ပုဒ်ပေးလိုက်မယ်နော်

                     "  ချစ်သူ......သို့  "         
                    
                      ချစ်သူ စိတ်ဆိုး

                       ပျော်နိုင်နိုးနှင့်

                       စားစား အိပ်အိပ်

                       အလွမ်းစိတ်က

                       တိတ်တဆိတ်သာ

                       ကျိတ်မှိတ်ကာဖြင့်.......။

                       ချစ်သူ စိတ်ပြေ

                       လွမ်းစိတ်ဝေလည်း

                       မျှော်တရေးရေး

                       အချိန်တိုင်း တွေးသည်

                       ချစ်သူလေးသို့  လွမ်းလှပြီ.....။

ချမ်းမြေ့(ကောင်းကင်ကောင်လေးများအဖွဲ့)

Monday, April 28, 2014

နောက်တစ်ပုဒ်ကတော့ အရင်ရေးပြီးသားတွေနဲ့ သိပ်မကွာပါဘူး တစ်မျိုးလေးနော် ခေါင်းစဉ်က နှလုံးသားကိုဆူးခတ်ထားသော်... တဲ့

လူရယ်လို့ဖြစ်လာသော် ချစ်ခြင်း၊ ကြိုက်ခြင်း၊ နှစ်သက်ခြင်း၊ တပ်မက်ခြင်း၊ မြတ်နိုးခြင်းစသော အာရုံငါးပါးကို မလွှဲမသွေ အရွယ်သုံးပါးစလုံးခံစားကြရပေမည်။
အရွယ်ရောက်ပြီးသော ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ မိမိတို့ ချစ်ခင် နှစ်သက်သောသူကို ချစ်ခင်နှစ်သက်သည့် အပြောအဆို၊ အမူအယာ၊ အရေးသားများနှင့် ထုတ်ဖော်တတ်ရပေမည်။ ထို့မှသာ သင်တို့၏ နှလုံးသားရေးရာ တွင်ချစ်ခင်၊ ကြိုက်၊ မုန်းစသည့် ဝေဒနာများကို မခံစားကြရမည်ဖြစ်ပေသည်။ မိတ်ဆွေတို့သည် နှလုံးသားရေးရာတွင် နှလုံးသားကို ဆူးနှင့် ခတ်ထားသကဲ့သို့ နေရာတကာတွင် ထိန်းချုပ်ထားပါက တစ်ဖက်ပါပုံကဲ့သို့ပင် မိတ်ဆွေတို့ နှလုံးသားဝေဒနာကို ကောင်းစွာခံစားကြရပေမည်။ ထိုသို့သော အခြင်းအရာကို မိတ်ဆွေတို့ ကျော်လွှားနိုင်ကြပါစေ...............ဒါမှသာလူလောကအလယ်တွင် လူဖြစ်ရကျိုးနပ် တော့ပေမည်။ လောကအလယ်ရှိ အပျိုကြီး၊ လူပျိုကြီးများသည် နှလုံးသားကို ဆူးခတ် ခြင်းခံထားရသူများဖြစ်သောကြောင့်.......အများအားဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်ခြင်း၊ ယင်းတို့ပြောဆိုသည့် စကားများသည် ဘုကျခြင်းများဖြစ်နေတတ်ကြသည်။ မိတ်ဆွေတို့တွေ့ဖူးကောင်းတွေ့ဖူးကြပေမည်။ ယင်းသို့မဖြစ်အောင် မိတ်ဆွေတို့ ပွင့်လင်းစွာ ရင်ဖွင့်ပြောဆိုခြင်းဖြစ် မိတ်ဆွေတို့၏ နှလုံးသားရေးရာများတွင် အောင်မြင်ကြပါစေ...........

ကျွန်တော့်ပရိတ်သတ်ကြီးကို ကဗျာလေးတစ်ပုဒ်လောက်လက်ဆောင်ပေးချင်တာ အခုပေးလို့ရသွားပြီ ရေးလို့ပြီးသွားပြီ

 သင်္ကြန်မတိုင်ခင် ကျွန်တော့်ချစ်သူနဲ့ စကားများပြီးကတည်းက တစ်ကြောင်းစနှစ်ကြောင်းစကနေရေးဖြစ်သွားတယ်လို့ပြောရမယ်ဗျ အဲဒီ့တုန်းကခံစားချက်အပြည့်လေးနဲ့ပေါ့ ကျွန်တော့်ချစ်သူကို ကျွန်တော်စိတ်မဆိုးပဲနဲ့ရေးခဲ့တာ အမှန်မယ်တော့ ကျွန်တော်စိတ်တွေအရမ်းတိုနေခဲ့တဲ့အချိန်ပါ ဒါပေမဲ့ ခံစားချက်အရမ်းပြင်းထန်ပြီး ရေးဖြစ်သွားခဲ့လို့ အရင်နေ့ကပဲအဆုံးသတ်ခဲ့တာ အခုပြီးသွားပြီလေ
ဒါကြောင့် ပရိတ်သတ်ကြီး သေသေချာချာဖတ်ပေးပါလို့မေတ္တာရပ်ခံပါတယ်နော်။

လွမ်းတယ် (အနေဝေးရင်)
ပိုင်ဆိုင်ချင်တယ် (တစ်ဘ၀စာ)
အရမ်းချစ်တယ်(တစ်သက်လုံး)
သတိရတယ် (မတွေ့ရတဲ့အခါ)
အတူနေချင်တယ် (လိုက်လျောရင်)
နမ်းချင်တယ် (ဖြူစင်စွာ)
ထိုင်ကြည့်ချင်တယ် (၂၄နာရီ)
ချော့သိပ်ချင်တယ် (ညတိုင်း)
သီချင်းဆိုပြချင်တယ် (အိပ်ခါနီးတိုင်း)
မျှော်လင့်ချင်တယ် (ရန်ခုန်စွာ)
အရမ်းပြန်ချစ်ပါ (အလိုလားဆုံး)
အရမ်းဂရုစိုက်ပ
ါ (အမြဲ)
မမုန်းဘူး (ဘယ်တော့မှ)
လက်ကလေးကိုင်ချင်တယ် (ခွင့်ပြုရင်)
အဆင်မပြေဘူး (မင်းမရှိတဲ့အချိန်)
မခွဲနိုင်ဘူး (ယုံ)
ထပ်ကာထပ်ကာပြောချင်တယ် ( I Love you ) 

လူတိုင်းမကင်းနိုင်သော အရာတစ်ခု

လူတိုင်းမကင်းနိုင်သော အရာတစ်ခုဟု ဆိုလိုက်သဖြင့် လူတွေရှုရှိုက်နေသော အောက်ဆီဂျင်လား မေးလာလျှင်လည်း မငြင်းသာပါ။ အောက်ဆီဂျင်ကဲ့သို့ပင် အရေးကြီးသော အရာတစ်ခုမှာ လူသားတို့ အတွက် ၊ သက်ရှိတို့ အတွက် အလွန် အရေးကြီးသော ချစ်ခြင်းမေတ္တာပင် ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာကို ဖြူစင်သော (၅၂၈ ) မေတ္တာနှင့် (၁၅၀၀ ) မေတ္တာဟူ၍ ကိန်းဂဏန်းများဖြင့် သတ်မှတ် ဖော်ပြကြပါတယ်။ ဘာပဲဖြစ်ဖြစ် နှောင်ဖွဲ့တတ်တဲ့ ချစ်ခြင်း မေတ္တာနဲ့တော့ လူတိုင်း မကင်းနိုင်ကြပါဘူး။ မိဘက သားသမီးကို ချစ်တာဟာ ဖြူစင်တဲ့မေတ္တာ ၊ အရောင်မပါတဲ့ မေတ္တာ၊ မျှော်လင့်ချက် ကင်းမဲ့တဲ့ မေတ္တာတွေပါ။ ဒါကို လူတွေက မြင့်မိုရ်တောင်လောက် ကြီးတယ်ဆိုပြီး ခိုင်းနှိုင်းကြတာတွေ ရှိပေမဲ့ တကယ်တော့ မနှိုင်းယှဉ်သာပါဘူး။

ကောင်ကလေးက ကောင်မလေးကို ချစ်တာကတော့ ဒီလို မဟုတ်ပါဘူး။ သူ့မှာ ပိုင်ဆိုင်လိုမှုတွေ ပါတယ်။ ရယူလိုမှုတွေ ပါတယ်။ တက်မက်မှုတွေ ပါတယ်။ ဒါတွေ အားလုံးကို ခြုံကြည့်ရင် နှောင်ဖွဲ့တတ်တဲ့ မေတ္တာဆိုတာ သိသာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နှောင်ဖွဲ့ကြပြီ တွယ်တာကြပြီဆိုရင် ဖြတ်တောက်ဖို့ရာ ခက်ပါတယ်။ ဒီအတွယ်အတာ အနှောင် အဖွဲ့တွေဟာ လူတွေရဲ့ နှလုံးသားကနေ ဆင်းသက်လာပါတယ်။ နှလုံးသားကို အချစ်ရဲ့ သင်္ကေတ အဖြစ်လည်း သတ်မှတ်ကြပါတယ်။ နှလုံသားနဲ့ ပတ်သက်လို့လည်း စကားပုံတွေလည်း ရှိကြပါတယ်။ ဥပမာ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ် ဆိုတာမျိုးပေါ့။

အဲဒီနှလုံးသားဟာ သုံးတတ်သူတွေ အတွက် ဆေးတစ်ပါးဖြစ်သလို မသုံးတတ်သူတွေ အတွက် ဘေးတစ်ပါးပါပဲ။ နှလုံးသားကြောင့် ထိပ်ဆုံးကို ရောက်သူတွေရှိသလို လမ်ဘေးမြောင်းထဲ ရောက်သူတွေလည်း အများကြီးပါပဲ။ နှလုံးသားကို မှန်မှန် ကန်ကန် အသုံးချသွားလို့ ဘဝအဆင့်မြင့် သွားသူတွေကို အတုယူသင့်ပေမဲ့ လမ်ဘေး အရက်ဆိုင်မှာ ဘဝကို ရေစုန်မျော သွားသူတွေ ဟာလည်း မရေတွက် နိုင်အောင်ပါပဲ။ တစ်ချို့ဆိုရင် အသက်ကိုတောင် စွန့်သွားကြသူတွေ ရှိပါတယ်။ ဒါကတော့ တရားလက်လွတ် ငှက်တောင်ကျွတ်လို့ ဆိုရင်လည်း ရပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ ကျတော့လည်း အဲဒီနှလုံးသားရေးရာ ကိစ္စဟာလည်း ဝေခွဲရတာ ခက်ပါတယ်။ ပူလောင်နေတဲ့ အချိန်မှာ ဘာကိုမှ မစဉ်းစား နိုင်တော့ဘူး။ အမှားနဲ့ အမှန်ဆိုတာကို ဝေခွဲနိုင်စွမ်း မရှိတော့ဘူးလေ။ ဒါကတော့ လူငယ်အများစုမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်တာပေါ့။ တစ်ခါတစ်လေ ကျတော့ လူကြီးပိုင်းမှာတောင် ဖြစ်တတ်ပါသေးတယ်။ ဒါတွေကတော့ ကျွန်တော်တို့ ပုထုစဉ် လူသားတွေအတွက် ဘယ်လိုမ မကင်းနိုင်တဲ့ သဘာဝက ပေးထားတဲ့ လက်ဆောင်တစ်ခုပါပဲ။

ဒါကြောင့်လည်း ရှေးလူကြီး သူမအပေါင်းက သုံးတတ်ရင် မိတ်ဆွေ ၊ မသုံးတတ်တော့ ရန်သူ ဆိုတဲ့စကားပုံကို ထားခဲ့ကြတယ် ထင်ပါတယ်။ တန်ဆေး လွန်ဘေး ဆိုတာလဲ ကျနော်တို့ကို နှလုံးသားရေးရာ ကိစ္စတွေမှာ အစွန်းရောက် မသွားအောင် ထိန်းပေးထား လိုက်တာပါပဲ။ အဲဒါကြောင့် နှလုံးသားကို ဆေးတစ်ပါးအဖြစ် လည်းကောင်း ၊ မိတ်ဆွေကောင်း တစ်ယောက် အဖြစ် လည်းကောင်း မှီဝဲ ပေါင်းဖက်နိုင်အောင် တတ်အားသရွေ့ ကြိုးစားသင့်ကြပါတယ်။ ဘာဖြစ်လို့ နှလုံးသားရေးရာ ကိစ္စကို ဒီလောက် ကြီးကြီးကျယ်ကျယ် ပြောနေရတာလဲလို့ မေးမယ်ဆိုရင်လည်း မေးသူကို အပြစ်မတင်ရက်ပါဘူး။ တကယ်တော့ နှလုံးသားရေးရာ ကစ္စဟာ ပေါ့ပေါ့တန်တန်တော့ သဘောမထားသင့်ပါဘူး။ အလွန်တော်တဲ့ လူငယ်တစ်ချို့ လမ်းဘေး ရောက်ကုန်တာ ဒီနှလုံးသားရေးရာ ကိစ္စတွေကြောင့်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီတော့ လူငယ်တွေကို လမ်းဘေး အရောက်ပို့နိုင်တဲ့ ကိစ္စတစ်ခုကို ပေါ့ပေါ့တန်တန် သဘောထားနေရင် အဲဒီလူကို ကျနော်တို့က နှလုံးသား ခုံရုံးတစ်ခုသာ ဖွင့်နိုင်မယ်ဆိုရင် တရားစွဲဆိုပြီး ထောင်ဒဏ် အပြစ်တောင်မှ ပေးသင့်ပါတယ်ဗျာ။

ဒါတကယ်ပါ။ တိုင်းပြည် တစ်ခုမှာပဲ ဖြစ်ဖြစ် ဒေသတစ်ခုမှာ ဖြစ်ဖြစ် တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲအရေးပါ ပါတယ်။ ဒီတော့ လူငယ်လေးတွေကို လမ်းမှား မသွားရအောင် ပဲ့ကိုင် ထိန်းသိမ်းပေးဖို့လိုပါတယ်။ ယခုခေတ်မှာ မူးယစ်ဆေးဝါးတွေကြောင့် လမ်းဘေးရောက်နိုင်တယ်၊ အပျော်အပါး လိုက်စားရင်း လမ်ဘေး ရောက်နိုင်တယ် စတဲ့ လမ်းဘေး ရောက်စေနိုင်တဲ့ အကြောင်း အမျိုးမျိုးရှိတဲ့ အနက် နှလုံးသားရေးရာ ကိစ္စဟာလည်း တစ်ခုအပါအဝင်ပါပဲ။

တကယ်လို့ စီရင်ခွင့်ရှိသည့် အာဏာပိုင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါက လူငယ်များ၏ နှလုံးသားရေးရာ ကိစ္စများကို ကူညီ ဖြေရှင်းပေးနိုင်မည့် နှလုံးသား ထိန်းကျောင်းရေး စင်တာ တစ်ခုကို ဖွင့်လှစ်ထားမှာပါ။ ဒီစင်တာမှာ နှလုံးသား အတွေ့အကြုံရှိ ပုဂ္ဂိုလ်တွေကို ဝန်ထမ်းတွေ အဖြစ် ခန့်ထားမှာ ပေါ့ဗျာ။ ဒီစင်တာကနေ နှလုံးသား ဒုက္ခသည်တွေကို ပြုစု စောင့်ရှောက်သွားမယ်၊ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေသူတွေ အတွက်၊ အသည်းကွဲ ဝေဒနာသည်တွေ အတွက် အရေးပေါ်ကုသရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့ အသင့်ပြင်ထားမယ်။

လူငယ်အပေါင်း နှလုံးသားမှ ပေးအပ်လာမဲ့ ဒုက္ခအပေါင်းမှ ကင်းဝေးနိုင်ကြပါစေ။ နှလုံးသားမှ ပေးအပ်လာသော သုခများကိုလည်း အပြည့်အဝ ခံစားနိုင်ကြပါစေ။ ချစ်သူတိုင်း ညားလို့ ညားသူတိုင်း ချစ်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ။

Tuesday, April 22, 2014

အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျန်းမာရေးဆိုင်ရာ သိမှတ်စရာများ

အိမ်ထောင်ပြုလိုက်တာနဲ့ အနေအထိုင်တွေ ဆင်ခြင်ရ၊ အသွားအလာ၊ အသုံးစရိတ်တွေ လျှော့ချပစ်ရ၊ ရှေ့ရေးအတွက် အားသွန်ခွန်စိုက် အလုပ်တွေလုပ်ရ စသဖြင့် စိတ်ပင်ပန်းရတဲ့ ကာလတွေ ရှိပေမယ့် အိမ်ထောင်ပြုလိုက်လို့ ဖြစ်လာတဲ့ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေပေါ့။ အဲ့ဒါတွေကတော့
၁။လေ့လာတွေ့ရှိချက်တွေအရ အိမ်ထောင်သည်တွေဟာ တစ်ကိုယ်တည်းသမားတွေ၊ အိမ်ထောင်ကွဲတွေ၊ မုဆိုးဖို၊ မုဆိုးမ စသူတွေထက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုနှုန်း နည်းပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးမှာ တစ်ဦးအပေါ် တစ်ဦး နာလည်မှု မပေးနိုင်တာကြောင့် စိတ်ညစ်နေရသူတွေ၊ စိတ်ဓာတ်ကျနေသူတွေ ဆိုရင်တော့ နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါမျိုးတွေ ဖြစ်ပွားနိုင်တာကိုလည်း သတိထားရမှာပါ။

၂။အိမ်ထောင်သည် အမျိုးသမီးတွေရဲ့ အရိုးအဆစ်ပိုင်းဆိုင်ရာ ကျန်းမာမှုဟာ သူတို့ရဲ့ အိမ်ထောင်ရေးနဲ့ ဆက်နွယ်နေတယ်လို့လည်း ဆေးပညာပိုင်းဆိုင်ရာ သုတေသီတွေက ဆိုထားပါသေးတယ်။

၃။နောက်တစ်ချက်ကတော့ သောက်တတ်တဲ့ အိမ်ထောင်သည်အမျိုးသမီးတွေဟာ တစ်ကိုယ်တည်းသမားတွေ၊ အိမ်ထောင်ကွဲအမျိုးသမီးတွေထက် ပိုသောက်နိုင်လာပါတယ်တဲ့။ ဒါဟာ အမျိုးသားကြောင့်လည်း ဖြစ်နိုင်သလို၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိမ်ထောင်သည် အမျိုးသားတွေကကျတော့ အိမ်ထောင်ကွဲ အမျိုးသားတွေ သောက်သလောက်ကို မသောက်နိုင်တော့ဘူးလို့လည်း သိရပါတယ်။

၎။သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဟာ ခန္ဓာကိုယ်အချိုးအစားပိုင်း ပိုမိုလှပကြတယ်လို့လည်း သိရပါတယ်။ ငေးလောက်အောင် မလှရင်တောင် အိမ်ထောင်ပြုလိုက်လို့ ဖြစ်သလိုနေထိုင်သလိုမျိုး ပုံပျက်သွားတာမျိုး မရှိပါဘူးတဲ့။

၅။အိမ်ထောင်သည် အမျိုးသားတွေဟာ တစ်ကိုယ်တည်းသမားတွေထက် ၀ိတ်ပိုတက်လေ့ရှိတာမျိုးကိုလည်း သုသေတီတွေက စာရင်းပြုစုထားပါသေးတယ်။

သူ ကိုယ့်ကို အရူးအမူးဖြစ်နေတယ်ဆိုတာ သိစေတဲ့ အချက် (၁၀) ချက်

ကိုယ့်ချစ်သူပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ကိုချစ်ခွင့်ပန်ထားတဲ့ ကောင်လေးတစ်ယောက်ကပဲဖြစ်ဖြစ် ကိုယ့်ကိုကြွေနေတဲ့အကြောင်း နည်းမျိုးစုံနဲ့ ပြသလေ့ရှိပါတယ်။ တစ်ချို့က လုပ်ဇာတ်တွေခင်းထားတဲ့ပုံ သိသာပါတယ်။ တစ်ချို့ကျတော့လည်း သူတို့ရဲ့ အမူအရာ၊ ပြောပုံဆိုပုံတွေကအစ ကိုယ့်ကိုကြွေနေမှန်း သိပ်သိသာနေတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုအချက်တွေက ကိုယ့်ကိုကြွေနေမှန်း သိသာစေသလဲဆိုတော့
၁။တစ်ခါတစ်လေ အဲ့ဒီကောင်လေးရဲ့ အပြုအမူတွေက ရူးကြောင်ကြောင်နိုင်နေတယ်။ တစ်ခြားသူတွေနဲ့ဆို အဲ့ဒီလို မဟုတ်ပေမယ့် ကိုယ်နဲ့ဆို သူလုပ်ရပ်တွေက ရူးကြောင်ကြောင်ဖြစ်နေမယ်။ အဲ့ဒါကိုက သူမင်းကို အရူးအမူးဖြစ်နေတယ်ဆိုတာ သိသာစေတာပါပဲ။
၂။သူများကို မပြောဖူးတဲ့ အကြောင်းအရာတွေ ကိုယ့်ကိုဖွင့်ဟလာပြီဆိုရင်လည်း ကိုယ်ကသူ့အတွက် ဘယ်လောက်အရေးပါနေသလဲဆိုတာ ပြတဲ့သဘောပါပဲ။
၃။တစ်ခါတစ်လေ ကြုံဖူးနိုင်တဲ့ အဖြစ်အပျက်လေးပါ။ သူနဲ့ကိုယ် အတူတူရှိနေချိန် ကိုယ်က တခြားတစ်ဖက်ကို ငေးနေတုန်း ကိုယ့်ဆံပင်လေးကို ခိုးနမ်းလိုက်တာမျိုး၊ ဒီလို အပြုအမူက သူမနေနိုင်လောက်အောင် ချစ်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။
၎။ကိုယ့်မိသားစုဝင်တွေနဲ့ ရင်းနှီးအောင် သူကြိုးစားနေပြီဆိုရင်လည်း သူဘယ်လောက်ကိုယ့်ကို အလေးထားနေသလဲ ဆိုတာ သိသာစေတာပါပဲ။
၅။သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတိုင်း ကိုယ့်ကို သိစေချင်နေတာမျိုးကလည်း သူကိုယ့်ကို တော်တော်ကြွေနေလို့ပါ။
၆။အရေးပါတဲ့ ဆုံးဖြတ်ချက်တိုင်းမှာ ကိုယ့်ကိုထည့်တွက်ပေးတာမျိုးကလည်း သူကိုယ့်ကို အလေးထားတယ်ဆိုတဲ့ အကြောင်း ထင်သာမြင်သာရှိစေပါတယ်။ ဥပမာ သူအလုပ်အသစ်ရှာတာ၊ ဒါမှမဟုတ် သူအိမ်ပြောင်းတာမျိုးတွေမှာ ကိုယ်ကတော့ ဘယ်မှာနေလို့ သူက ဘယ်နေရာမှာနေမယ်၊ ကိုယ့်အလုပ်က ဒါဖြစ်နေလို့ သူလည်း ဘယ်လိုလေးဆို အဆင်ပြေမယ် စသဖြင့်ပေါ့။
၇။ကိုယ့်ဘက်မှာ အမြဲရပ်တည်ပေးမယ်။ ကိုယ်မှားနေရင်တောင် ကိုယ့်ဘက်ကပဲ ရှိနေပေးတဲ့သူမျိုးဟာ ကိုယ့်ကို ဘယ်လောက်ချစ်နေသလဲဆိုတာ စဉ်းစားစရာတောင် မလိုပါဘူး။
၈။ကိုယ့်ကိုချစ်တဲ့အကြောင်း မရှက်မကြောက်ပြောနေခြင်းမျိုးကလည်း သူတကယ်ကို စိတ်ပါနေလို့ပါ။ သေချာအောင်တော့ ချစ်စကားတွေ ပြောနေတဲ့အချိန် သူ့မျက်နှာရိပ် မျက်နှာကဲကို ကြည့်တတ်ရမှာပေါ့။
၉။ကိုယ်စိတ်တို၊ စိတ်ပူရတဲ့ အကြောင်းအရာတွေဆို သူကတောင် ပိုစိတ်တိုနေတတ်တာမျိုးကလည်း သူကိုယ့်ကို ချစ်လို့၊ စိတ်ပူလို့ပါ။
၁၀။ဘယ်လိုအကြောင်းအရာကြောင့် ဖြစ်ဖြစ် ကိုယ့်ကို ပျော်ရွှင်အောင် သူ့နည်းသူဟန်နဲ့ ကြိုးစားခြင်းမျိုးကလည်း သူကိုယ့်ကို ကြွေနေလို့ပါပဲ။ ကိုယ်ကပြိုင်ပွဲတစ်ခုခုရှိနေတယ် ဆိုပါစို့။ သူ့အလုပ်မှာလည်း သူမရှိလို့ မဖြစ်တဲ့အရေးကြီးကိစ္စ ဆောင်ရွက်စရာရှိနေလို့ သူကိုယ့်ဆီကို မလာနိုင်ပေမယ့် အလုပ်ပြီးသွားတာနဲ့ ကိုယ့်အိမ်တန်းသွားပြီး နှစ်ယောက်သားစားဖို့ ချက်ပြုတ်ကာ ကိုယ့်ကိုစောင့်နေတာမျိုးပေါ့။ ဒါ ချစ်စရာလည်း ကောင်းပါတယ်။

ဂျင်းဘောင်းဘီတွေကို ကြာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမလဲ

ဂျင်းဘောင်းဘီ brand ရယ်၊ ကိုယ့်ဘောင်းဘီကို ဘယ်လိုထိန်းသိမ်းသလဲ ဆိုတာရယ်ပေါ်မှာ မူတည်သွားပါပြီ။ ဒီတော့ ဂျင်းဘောင်ဘီတွေကို တာရှည်ခံနိုင် ထိန်းသိမ်းရမယ့် နည်းလေးတွေ အားလုံးသိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
၁။ဂျင်းဘောင်းဘီကို တစ်ခါဝတ်၊ တစ်ခါလျှော် မလုပ်ပါနဲ့။ သူက လျှော်တာနည်းလေ၊ အရောင်မလွင့်ပဲ ကြာရှည်ခံလေပါ။ နှစ်ခါ၊ သုံးခါ ၀တ်ပြီးလို့ လျှော်မယ်ဆိုရင်လည်း လက်နဲ့လျှော်လျှော်၊ စက်နဲ့လျှော်လျှော် ရိုက်လျှော်တာမျိုး၊ ဆောင့်ဆွဲတာမျိုးတွေ မလုပ်မိဖို့အရေးကြီးပါတယ်။ နောက်တစ်ချက်က အခြောက်ခံစက်ထဲ လုံးဝမထည့်မိဖို့ပါပဲ။
၂။ဖယောင်းသားလိုမျိုး ပါနေတဲ့ ဂျင်းဘောင်းဘီမျိုးဆိုရင်လည်း မလျှော်တာအကောင်းဆုံးပါ။ အဲ့ဒီလို ဘောင်းဘီမျိုးကို အနံ့ပျောက်အောင်လုပ်ချင်တယ်ဆိုရင်လည်း ပလတ်စတစ်အိတ်ထဲထည့်၊ ပြီးတာနဲ့ ရေခဲသေတ္တာလို အေးတဲ့နေရာတစ်ခုခုထဲမှာ တစ်ညလောက်ထည့်ထားလိုက်ပါ။
၃။အရောင်ရင့်တဲ့ ဂျင်းတွေဆိုရင် အရောင်မလွင့်အောင် ရေအေးနဲ့ လျှော်ပါ။ အရောင်ဖျော့တဲ့ ဂျင်းတွေကတော့ ဘာနဲ့လျှော်လျှော် အိုကေပါတယ်။
၎။ဝယ်ထားတဲ့ ဘောင်းဘီကို မကြိုက်တော့လို့ ပြင်ဖို့အတွက် အပ်ချုပ်ဆိုင်သွားတော့မယ်ဆိုရင် ဘယ်လိုပုံစံပြင်မှာလည်းဆိုတာ ကိုယ့်ဘာသာကိုယ်အရင်စဉ်းစားပါ။ ပြင်လိုက်တဲ့ဘောင်းဘီနဲ့ လိုက်ဖက်တဲ့ ဖိနပ် ကိုယ့်မှာရှိသလားဆိုတာလည်း ကြိုစဉ်းစားထားပါ။
၅။ချည်သား၊ လည်သာ စတာတွေနဲ့ ရောချုပ်ထားတဲ့ ဂျင်းဘောင်းဘီမျိုးဆိုရင်တော့ ၀ယ်တဲ့အခါလိုက်နာဖို့ ညွှန်းထားတဲ့ အညွှန်းကို သေချာဖတ်ဖို့လိုပါတယ်။
၆။ကိုယ့်ဆီက ဂျင်းဘောင်းဘီကို ကိုယ့်ဘာသာကိုယ် အတိုဖြတ်ဝတ်ဖို့ စဉ်းစားထားတယ်ဆိုရင် ပထမဆုံးအနေနဲ့ အဲ့ဒီဘောင်းဘီကို ဘယ်နေရာကဖြတ်မယ်ဆိုတာ သေသေချာချာ ခဲတံနဲ့ဖြစ်ဖြစ် လိုင်းတာပါ။ အဲ့ဒီနောက် ညှပ်မယ့်နေရာထက် နည်းနည်းအသားကိုပိုယူပြီး ညှပ်ပါ။ ဒါမှသာ အရမ်းတိုသွားတာမျိုး မဖြစ်နိုင်မှာပါ။ ဖြစ်နိုင်ရင် ကိုယ့်မှာရှိပြီးသား ဘောင်းဘီကို ဖြတ်မယ့်ဘောင်းဘီပေါ်တင်ပြီး အတိုင်းယူစေချင်ပါတယ်။
၇။ဂျင်းဘောင်းဘီမှာ ဈေးကြီးတာကြောင့်  ကိုယ်နဲ့ပိုအဆင်ပြေပြီး၊ ဈေးပေါလို့ ကိုယ်နဲ့မလိုက်ဖက်တာမျိုး မရှိပါဘူး။ ဒါ့ကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းကို သေချာရွေးဝယ်ပါ။ ကိုယ်ဘယ်လိုဒီဇိုင်းမျိုး လိုချင်တယ်ဆိုတာ ကိုယ့်ဘာသာကိုယ် သိအောင်လုပ်ပါ။
Ref:cosmopolitan.com