Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့
Showing posts with label ပညာရေး. Show all posts

Wednesday, December 25, 2013

စမ်းတဝါးဝါး ပညာရေးမြှင့်တင်မှု

ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ဆောင်ရွက်နေသော အစိုးရသစ် လက်ထက် အရှိန်အဟုန် ပြင်းစွာနှင့် ပြင်ဆင်နေသည့် ပြန်တမ်းဝင် အရာရှိများ၏ ပညာရေး မြှင့်တင်မှု စီမံကိန်းများသည် ကလေးသူငယ်များနှင့် လက်တွေ့ ထိတွေ့ သင်ကြားနေရသူ ဆရာ ဆရာမများ၊ စီမံခန့်ခွဲရေး တာဝန်ရှိသူများနှင့် အဆင့်မြင့်ပညာရေး သုတေသန ပညာရှင်များအတွက် ထင်သလောက် ခရီးမပေါက်ခဲ့ချေ။

နှစ်ပေါင်း ၅၀ ကျော်အတွင်း အကြိမ်ကြိမ် ပြောင်းလဲခဲ့သော ပညာရေး ပြုပြင်မှုများကို ယုံကြည်မှု မဲ့လာသော ပညာရေး အသိုင်းအဝိုင်းက အစိုးရသစ် လက်ထက် ပညာရေး မြှင့်တင်မှု လုပ်ငန်း များကြောင့် ပညာရေးစနစ် ထပ်မံ မနိမ့်ကျသွားရန် အငြိမ်းစား ပညာရေး ဝန်ထမ်းများ၊ ပြင်ပ ပညာရှင်များက အပြိုင်အဆိုင် သုံးသပ် ထောက်ပြကြသည်။
အစိုးရ၏ နှစ်ပေါင်းများစွာ ပညာရေး အသုံးစရိတ်ကို အနည်းဆုံး ခွဲဝေပေးခြင်း၏ ရလဒ်ကြောင့် ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ၊ လူမှု စီးပွားရေး အပါအဝင် စာသင်ကျောင်းများ၏ အသွင်အပြင်၊ သင်ရိုးညွှန်းတမ်း အားလုံးမှာ ဒေသတွင်း နိုင်ငံများအကြား မျက်နှာငယ်ကြရသည်။

အသုံးစရိတ် မရသောကြောင့် အမိုး၊ အကာ မလုံခြုံသော စာသင်ကျောင်းများ၊ ဘဝအာမခံချက် မပေးထားသော ပဋိပက္ခ ဒေသများနှင့် ဝေးလံခေါင်သီသော ဒေသများမှ အခြေခံပညာ ဆရာ၊ ဆရာမများ၏ အခြေအနေတို့ကို ဥပမာပေးပြီး လက်ရှိ ပညာရေး မြှင့်တင်မှု လုပ်ငန်းများကို အား မရသေးကြောင်း၊ အဆင့်မြင့်ကဏ္ဍတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ပေါ်ပေါက်ရန် တောင်းဆိုမှုမှာလည်း ရှုပ်ထွေးနေသော စီမံခန့်ခွဲမှုကြောင့် သီးခြားခွဲထုတ် မရသည့် အခြေအနေ ဖြစ်နေကြောင်း အစိုးရသစ် လက်ထက် ပညာရေး မြှင့်တင်မှုတွင် ပါဝင်နေသူများက ဆိုသည်။
“ပညာရေး ဝန်ကြီးဌာနက နဂိုကတည်းက လူ့စွမ်းအား အရင်းအမြစ် (Capacity) အားနည်း နေသေးတယ်။ အသွင်ကူးပြောင်းရေး ကာလကိုတော့ ဒီလိုပဲ ဖြတ်သန်းကြရမှာ” ဟု ဒီဇင်ဘာလ ၁၀ ရက်နေ့ ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ပြုလုပ်သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေး၌ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက ဆိုသည်။

မည်သည့် ပြောင်းလဲမှုမျိုးမဆို အသွင်ကူးပြောင်းရေး ကာလတွင် အချိတ်အဆက် လွဲမှားမှုများ၊ လူသား အရင်းအမြစ် အားနည်းမှုများနှင့် မူဝါဒပိုင်း လိုအပ်ချက်များ ရှိနိုင်သည့်အတွက် လက်ရှိ ပညာရေး ပြုပြင် ပြောင်းလဲမှုများကို သုံးသပ်ရန် အချိန်စောနေသေးကြောင်း ထောက်ပြ ဆွေးနွေးသူများလည်း ရှိသည်။
ပညာရေးမြှင့်တင်မှု စီမံကိန်းများ

“မူဝါဒမရှိဘဲ ပညာရေးစီမံကိန်း တွေဆွဲလို့ မရဘူး။ အရင်ဆုံး ပညာရေးမူဝါဒကို ဆွဲရမယ်” ဟု သင်ရိုးညွှန်းတမ်းဆိုင်ရာ ပညာရေး ပါရဂူဘွဲ့ ရရှိထားသူ NLD ပညာရေး ကော်မတီဝင် ဒေါက်တာသိန်းလွင်က ပြောကြားဖူးသည်။

အမျိုးသားပညာရေး မူဝါဒ ရေးဆွဲရေးအတွက် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ၊ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး လေ့လာ သုံးသပ်ရေး အစီအစဉ် (CESR)၊ နိုင်ငံတော်သမ္မတ လမ်းညွှန်ချက်ဖြင့် ယခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းထားသော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းထားသည့် နိုင်ငံလုံးဆိုင်ရာ ပညာရေး မြှင့်တင်မှု ကွန်ရက် (NNER) တို့က သီးခြား လုပ်ကိုင်လျက် ရှိသည်။

သို့သော် ပညာရေးအဖွဲ့ လေးခုလုံး၏ စီမံကိန်းများ၊ မူဝါဒများကို ၂၀၁၄ ခုနှစ်တွင် အပြီးသတ်မည် ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်ထားကြသည်။

ပြုပြင်ပြောင်းလဲရေး အဖွဲ့များထဲက သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း ဦးဆောင်သော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီသည် အထင်ရှားဆုံး ဖြစ်ပြီး ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့်အပြိုင် အမျိုးသားပညာရေး ဥပဒေ အပါအဝင် ကဏ္ဍအလိုက် ပညာရေး စီမံကိန်းများကို ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ရေးဆွဲလျက် ရှိသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်သော CESR နှင့် NNER ကွန်ရက်တို့ကမူ ပညာရေး စီမံကိန်း အချို့အတွက် ရံဖန်ရံခါ ပူးတွဲ ဆွေးနွေးပွဲများ ပြုလုပ်ကြဖူးသည်။ သို့သော် အချိတ်အဆက် ပိရိစွာ လုပ်ကိုင်နေသော ပညာရေး အဖွဲ့များ မဟုတ်ကြချေ။
“ဒီဥပဒေ တစ်ခုတည်းကိုပဲ ခွဲလုပ်နေကြတာ အချိန်ကုန်တယ်။ အချိန်တန်ရင် တစ်ခုပဲ အတည်ပြုရာမှာကို ပေါင်းလုပ်ဖို့ မရှိကြဘူး” ဟု လုပ်သက် ၂၀ ကျော်ရှိ အရာရှိအဆင့် ပညာရေး ဝန်ထမ်းတစ်ဦးက သုံးသပ်သည်။
လမ်းမပေါ်သေးသော အခြေခံ အပြောင်းအလဲ

ပညာရေး ပြုပြင်ရေးစနစ်တွင် ဝေဖန်သံ အများဆုံး ရရှိသော ကဏ္ဍမှာ အခြေခံပညာရေးနှင့် ကျောင်းပြင်ပ ပညာရေးတို့ပင် ဖြစ်သည်။

အခြေခံ ပညာရေးတွင် ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် အခြေခံလစာ၊ အဆောက်အအုံပိုင်း လိုအပ်ချက်၊ ဆရာကျောင်းသားအချိုး ကွာဟသော သင်ကြားနည်း၊ တတ်မြောက်မှု စစ်ဆေးသော စာမေးပွဲ စနစ်တို့သည် ပညာရေး မြှင့်တင်မှု လုပ်ငန်းအဖွဲ့များ အဖြေရှာခက်သည့် ကဏ္ဍများ ဖြစ်သည်။ ပညာရေး ဝန်ကြီးဌာနက စာမေးပွဲစနစ်၊ သင်ကြားနည်းစနစ် များကို ပြင်ဆင်ရန် ညှိနှိုင်းနေဆဲ ဖြစ်ပြီး ယင်းညှိနှိုင်း ဆွေးနွေးပွဲများတွင် လက်တွေ့သင်ကြားနေသော ဆရာ၊ ဆရာမများ မပါဝင်သည်မှာ အဖြေထုတ်စရာ ဖြစ်နေသည်။
“လစာပိုတောင် မလိုချင်ပါဘူး။ ကလေးတွေ သင်ကြားဖို့ နေရာ လုံလုံလောက်လောက်နဲ့ ပညာသင်ခွင့်ရှိရင်ပဲ ကျေနပ်နေပြီ” ဟု မြန်မာစာဘာသာ အထက်တန်းပြ ဆရာမ ဒေါ်မာလာငြိမ်းက ပြောဆိုသည်။

အခြေခံပညာအတွက် ပညာရေးဝန်ကြီးဌာန ပြောင်းလဲမှုများမှာ သိသာထင်ရှားမှု မရှိသေးကြောင်း၊ ပညာရေး အသုံးစရိတ်များနှင့် ကျောင်းအဆောက်အအုံပိုင်း ပြင်ဆင်ပြီး ကလေးသူငယ်များ ပညာသင်ကြားခွင့် ရရေးကိုသာ ဆောင်ရွက် သင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“ပညာရေးစနစ် ပြောင်းလေ ဆရာ၊ ဆရာမတွေ လုပ်ရတဲ့ စာရင်းဇယားတွေ ပိုတိုးလာလေပဲ။ ဘာမှထူးခြားတာတော့ မရှိဘူး” ဟု ဒေါ်မာလာငြိမ်းက ဆက်လက် ပြောကြားသည်။

၂၀၁၂-၂၀၁၄ ပညာသင်နှစ်တွင် မူလတန်း ပညာရေး၌ ငွေကျပ်တစ်ထောင်၊ ဗလာစာအုပ်၊ ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခ ကင်းလွတ်ခွင့် မူဝါဒများ ဆောင်ရွက် ပေးခဲ့သော်လည်း အချို့ကျောင်းများတွင် အဆိုပါ အထောက်အပံ့များ မရရှိကြောင်း၊ ပညာသင်စရိတ် တစ်ထောင် ထောက်ပံ့ခြင်းမှာလည်း မြို့ကြီးများရှိ ငွေကြေး တတ်နိုင်သူများအတွက် အသုံးမဝင်ဘဲ ငွေကုန် ကြေးကျ ပိုများခြင်းသာ အဖတ်တင်ကြောင်း ကျောင်းသား မိဘများနှင့် ဆရာ၊ ဆရာမ များထံက သိရသည်။

ယင်းအပြင် လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မသင်မနေရ မူလတန်းကြိုတန်း တစ်တန်း ထပ်ထည့်မည့်အပေါ် ပြန်လည် စိစစ်ရန် အကြံပြုသူများလည်း ရှိသည်။ နိုင်ငံတစ်ဝန်းလုံး အကောင်အထည် ဖော်မည့် ယင်းအစီအစဉ်အတွက် လူသား အရင်းအမြစ်၊ ငွေကြေး သုံးစွဲနိုင်မှုများစွာ လိုအပ်နေသေးသည်။ ပံ့ပိုးမှု မကောင်းဘဲ စနစ်တစ်ခု အကောင်အထည် ဖော်မည် ဆိုပါက လက်ရှိ ပညာရေးစနစ်ထက် ပိုနိမ့်ကျ သွားနိုင်သည်။

အခြေခံပညာ အသိုင်းအဝိုင်း တစ်ခုလုံးကလည်း ပညာရေးစနစ် ပြောင်းလဲမှုများသည် လက်ရှိ ပညာရေးစနစ်ထက် နိမ့်ကျသွားစေမလားဟု စိုးရိမ် ပူပန်နေကြဆဲ ရှိသေးသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အဆင့်မြင့်ပညာရေး

အဆင့်မြင့်ပညာရေး ပြုပြင် ပြောင်းလဲရေးတွင် ပညာရေး အသိုင်းအဝိုင်း တစ်ခုလုံး တောင်းဆိုနေသော အဓိက အချက်မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များပင် ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာနက ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်က စတင်ကာ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ လက်ခံခဲ့သည်။ အနှစ်နှစ်ဆယ်ကျော်ကြာ ပိတ် ထားသော အဆောင်များကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။

တက္ကသိုလ် ပါမောက္ခချုပ်များက တက္ကသိုလ်ဆရာ၊ ဆရာမများကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးမည် ဖြစ်ကြောင်း တရားဝင် ပြောကြားလာသည်။ သို့သော် တက္ကသိုလ် ပညာရေး၏ အသက်သွေးကြော သုတေသန ပညာရေးနှင့် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကိုမူ ယခုအချိန် အားပေးခဲ့ခြင်း မရှိသေးချေ။

တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးမည်ဟု ပညာရေးဝန်ကြီးဌာနက ပြောကြားသော်လည်း တက္ကသိုလ်များ ဗဟိုကောင်စီကို ဖွဲ့စည်း ထားခြင်းသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အဓိပ္ပာယ်ကို နားမလည်ခြင်း ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၏ တာဝန်ကို သက်ဆိုင်ရာ တာဝန်ရှိသူများ နားလည် သဘောပေါက်ခြင်း မရှိသေးကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းဝင် ဦးအာကာမိုးသူက ပြောကြားသည်။

သို့သော် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ ဆွေးနွေးပွဲ ရလဒ်အရ တက္ကသိုလ်များ ဗဟိုကောင်စီကို ဆက်လက် တည်ထောင်ရန် ဆွေးနွေးထားပြီး ယင်းဗဟိုကောင်စီ လက်အောက်တွင် အဆင့်မြင့်ပညာ တက္ကသိုလ်များ၊ ကောလိပ်များအားလုံး ထည့်သွင်းသွားရန် လျာထားသည်။
“သုတေသနကို တကယ် အားပေးတယ်ဆိုရင် ကြီးကြပ်ရေးမှူးတွေကို ရာထူး ပြောင်းရွှေ့စရာ မလိုဘူး။ ပါရဂူ သင်တန်းသားတွေကို နယ်ဘက်ကို ပြောင်းရွှေ့ခိုင်းစရာ မလိုဘူး” ဟု ရူပဗေဒ ပါမောက္ခတစ်ဦးက ပြောဆိုသည်။

အလားတူ သုတေသန စိတ်ဝင်စားသူ တက္ကသိုလ် နည်းပြများနှင့် ပါမောက္ခများသည် မကြာခဏ ရာထူးပြောင်းရွှေ့ ခံနေရမှုများ ကြုံတွေ့နေရသည့်အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေးကိုသာ တောင့်တ နေကြကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
“ပြုပြင်ပြောင်းလဲရေးက ဘာမှန်း မသိတော့ဘူး။ အဆင့်မြင့် ပညာရေးကတော့ ဘာမှမပြင်ဘူးလို့ဘဲ ယူဆတယ်” ဟု ပါမောက္ခတစ်ဦးက ဆိုသည်။

ပညာရေးနှင့် သက်ဆိုင်သော ကဏ္ဍအသီးသီးမှ လူတိုင်းက ပညာရေး ပြောင်းလဲမှုကို အားမရသော်လည်း အစိုးရက ပညာရေး မြှင့်တင်မှုများကို ငွေကုန်ကြေးကျခံ ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားသည်။ လက်တစ်ဆုပ်စာ လူတစ်စုက ရေးဆွဲနေသော ပညာရေးမူဝါဒ ပညာရေး ဝန်ထမ်း ကိုယ်စားလှယ်များကို ကိုယ်စားပြု ရေးဆွဲထားခြင်း ရှိ၊ မရှိကိုမူ ဒွိဟ ဖြစ်နေဆဲ ရှိသေးသည်။

ပြောင်းလဲမှုကို ကိုယ်ထိ လက်ရောက် မခံစားမိသေးသော ပညာရေးလောက သက်ဆိုင်သူများ၊ မသေချာသေးသော ပညာရေး မူဝါဒများနှင့်ပင် ပညာရေး ပြောင်းလဲမှုကို စမ်းတဝါးဝါးနှင့် ဆက်သွား နေရပေဦးမည်။

Written by  လဲ့ရည်မြင့်

Monday, December 23, 2013

ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီတွင် ကြေညာမည်

Photo: ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်
Monday, December 23, 2013

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

ရာထူးပြောင်းရွှေ့နှင့် ရာထူးတိုး စာရင်းများကို မြို့နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သောစနစ်မှာ အစိုးရသစ် လက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်ပြီး ထုတ်ပြန်သော စာရင်းတွင် မပါဝင်သော သူများသည် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများထံ တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းက ပြောကြားသည်။

မူလတန်းကျောင်းအုပ်၊ အထက်တန်း၊ အလယ်တန်းနှင့် အလယ်တန်းပြမှ မူလတန်းကျောင်းအုပ် ရာထူးပြောင်းတို့အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၆ ရက်နေ့အတွင်း မြို့နယ် ပညာရေးမှူးရုံးသို့ လျှောက်ထား ရမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးရုံးများ၏ တင်ပြချက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့က သဘောထား မှတ်ချက်များ ပေးနိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စနစ်သစ်သည် ယခင်နှစ်များထက် ပွင့်လင်းမြင်သာမှု ပိုရှိလာပြီး လျှောက်ထားသူများ၏ လိုအပ်ချက် သတ်မှတ်ချက် များကိုလည်း စနစ်ကျစွာ ထုတ်ပြန်ထားကြောင်း ပညာရေးဝန်ထမ်းများက ဆိုသည်။

အစိုးရသစ်လက်ထက် အခြေခံပညာ ကဏ္ဍတွင် မူလတန်းပြဆရာ၊ ဆရာမများ ခန့်ထားရေး၊ မသင်မနေရ မူလတန်း ပညာရေး အကောင်အထည် ဖော်ခြင်းနှင့် ကျောင်းပြင်ပ ပညာရေးတို့ ဆောင်ရွက်ခဲ့သည့်အပြင် ပညာရေး အသုံးစရိတ်များပါ တိုးမြှင့် ပေးထားသော်လည်း လက်တွေ့ ထိရောက်မှု အပိုင်းတွင် အားနည်းနေသေးကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စနစ်သစ်သည် ယခင်နှစ်များထက် ပွင့်လင်းမြင်သာမှု ပိုရှိလာပြီး လျှောက်ထားသူများ၏ လိုအပ်ချက် သတ်မှတ်ချက် များကိုလည်း စနစ်ကျစွာ ထုတ်ပြန် ထားကြောင်း ပညာရေးဝန်ထမ်းများက ဆိုသည်။

Sunday, December 8, 2013

နိုင်ငံတစ်ဝန်း မူလတန်း ကျောင်းတိုင်း ဆရာအနည်းဆုံး ငါးဦးခန့်မည်

အခြေခံပညာ ကဏ္ဍတွင် ကျောင်းသား ဦးရေအလိုက် ဆရာ၊ ဆရာမ ခန့်ထားသော စနစ်ကျင့်သုံးခဲ့ရာက ကျောင်းသားနှင့် ဆရာအချိုးမမျှဘဲ ဆရာ လိုအပ်ချက်ရှိသော မူလတန်း ကျောင်းများအတွက် ယခုနှစ်မှ စတင်ပြီး ကျောင်းတစ်ကျောင်းလျှင် ဆရာဦးရေ ငါးဦးအထိ တိုးခန့်ထားသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (အခြေခံ) ဒေါက်တာ စန်းလွင်က The Voice သို့ ပြောကြားသည်။

မူလတန်း အဆင့်ရှိ တန်းခွဲအလိုက် ဆရာခန့်ထားသော စနစ်ကို ပြောင်းလဲ ခဲ့သောကြောင့် ကျောင်းအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမ ငါးဦး ခန့်ထားခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ဆရာငါးယောက်ရှိတဲ့ ကျောင်းတွေလည်း ရှိမယ်၊ မရှိတဲ့ ကျောင်းတွေလည်း ကျန်သေးတယ်။ ဒါတွေ မပြည့်ပြည့်အောင် ဖြည့်သွားမယ်” ဟု ဒုတိယဝန်ကြီး ဒေါက်တာ စန်းလွင်က ပြောဆိုသည်။

ယခုနှစ် သြဂုတ်လခန့်တွင် ပညာရေး ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း သက်ဆိုင်ရာ မြို့နယ်အလိုက် ဒေသခံ နေ့စားလပေး မူလတန်းပြ ဆရာ၊ ဆရာမ ၂၉,၅၃၅ ဦးကို ပထမဆုံးအကြိမ် ခန့်ထားခဲ့ကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
“နောက်နှစ်တွေမှာလည်း ဒီလိုထပ် တိုးခန့်သွားဖို့ ရှိတယ်” ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (အခြေခံ) ဒေါက်တာ စန်းလွင်က The Voice သို့ ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ကျင်းပခဲ့သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးတွင် ဆရာ၊ ဆရာမများ၏ လူမှုစီးပွားရေးကို ပံ့ပိုးပေးရန် ပညာရေး စနစ်ပြောင်းလဲရေးတွင် ဆရာ၊ ဆရာမ များ၏ကဏ္ဍမှာ အထူးအရေးပါသော နေရာတွင် ရှိကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အကြံပြု ပြောကြားသွားသည်။

ပညာရေး ဝန်ကြီးဌာနသည် ယခင်က ကျောင်းသား ၅၀ ရှိသော စာသင်ကျောင်း တစ်ကျောင်းတွင် ကျောင်းအုပ် တစ်ဦးနှင့် ဆရာတစ်ဦး၊ ကျောင်းသား ၈၀ ရှိသော ကျောင်းတွင် ကျောင်းအုပ် တစ်ဦးနှင့် ဆရာနှစ်ဦး သတ်မှတ်ထားကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ယင်းကြောင့် ကျောင်းသားနှင့် ဆရာအချိုးသည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် မူလတန်း အဆင့်၌ ၁း၂၉ ၊ အလယ်တန်း အဆင့်၌ ၁း၃၅ နှင့် အထက်တန်း အဆင့်၌ ၁း၂၄ တို့ ရှိခဲ့ကြောင်း၊ ယင်း ကိန်းဂဏန်းသည် ခန့်ထားသော ဆရာ၊ ဆရာမ ဦးရေနှင့် ကျောင်းသား၊ ကျောင်းသူ များကို တွက်ချက်ထားခြင်း ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။