Social Icons

ကောင်းကင်ကောင်လေးများအဖွဲ့

Tuesday, February 18, 2014

ဇွဲကပင်အသင်းပိုင်ရှင်က ကွင်းလယ်ဒိုင်ကို ပါးရိုက်

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၅) အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်က အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ သည့် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ပွဲစဉ်အပြီးတွင် ဇွဲကပင်ယူနိုက်တက်အသင်း ပိုင်ရှင် ဦးလှဌေးက ယင်းပွဲအား ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သည့် ဒိုင်လူကြီး ဦးလှမင်းကို ပါးရိုက်သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

ကလပ်အသင်းပိုင်ရှင်တစ်ဦးအနေဖြင့် ကွင်းလယ်ဒိုင်အား ပါးရိုက်သည့်ဖြစ်ရပ်မှာ မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းလည်း ဖြစ်သည်။

ရတနာပုံအသင်းက ဇွဲကပင်ကို ၂-၁ ဂိုး ဖြင့် အနိုင်ရခဲ့သော အဆိုပါပွဲစဉ်တွင် ပွဲချိန်အတွင်း ကွင်းလယ်ဒိုင် ဦးလှမင်းသည် ရတနာပုံအသင်းအား ပင်နယ်တီကန်သွင်းခွင့်နှစ်ကြိမ်အပါအ၀င် အငြင်းပွားဖွယ်ဆုံး ဖြတ် ချက်များ ချမှတ်ခဲ့သည်ဟုဆိုကာ ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဌေးကပွဲအပြီးတွင် ကွင်းအတွင်းသို့ဆင်းကာ လက်ဆွဲနှုတ်ဆက်စဉ် ပါးရိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး မြန်မာနေရှင်နယ်လိဂ် ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်က နိုင်ငံတကာ စည်းမျဉ်းများအတိုင်း တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အသင်းပိုင်ရှင်တစ်ဦးမှ ကွင်းလယ်ဒိုင်ကို ယခုကဲ့သို့ကျူးလွန်သည့်ဖြစ်ရပ်မျိုး တစ်ခါမှကြုံတွေ့ခဲ့ဖူးခြင်းမရှိဟု မဇ္ဈိမသို့ ပြောသည်။ ဦးထွန်းလှအောင်က “အသင်းပိုင်ရှင်တစ်ယောက်အနေနဲ့ ဒိုင်လူကြီးတစ်ဦးကို အခုလို ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးက မဖြစ်သင့်ပါဘူး။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဒိုင်ကော်မတီအနေနဲ့ နိုင်ငံတကာက စည်းမျဉ်းစည်း ကမ်းတွေအတိုင်း အစီရင်ခံစာ တင်သွားပါ့မယ်။ ဒိုင်လူကြီးကို ဆင်းပြီးပါးရိုက်တာမျိုးက ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ ဒီလိုထူးခြားတဲ့ဖြစ်ရပ်က ဖီဖာအထိတောင် ပြန့်သွားနိုင်ပါတယ်”ဟု ပြောသည်။

ပွဲအပြီးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ဇွဲကပင်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင် မင်းဦးက ၎င်းတို့ဇွဲကပင်အသင်းအနေဖြင့် မြန်မာနေရှင်နယ်လိဂ်မှ ထွက်ရန်ပင်ဖြစ်လာနိုင်သည်ဟု ပြော သည်။ “ကျွန်တော် ဒီပွဲနဲ့ပတ်သက်ပြီး ပြောရရင် ဒိုင်တွေကို တော်တော်လေးစိတ်ကုန်တယ်။ ကျွန်တော် တို့အသင်းက မြန်မာနေရှင်နယ်လိဂ်စကတည်းက အသင်းငယ်ဆိုပြီး အမြဲတမ်းဒိုင်တွေရဲ့အမှားကို ခံခဲ့ရ တယ်။ ဒိုင်မှားလို့ စာတင်ရင်လည်း ဘယ်တော့မှ အရေးယူပေးတာမျိုးမရှိခဲ့ဘူး။ အခုတော့ ကျွန်တော်တို့ အသင်းပိုင်ရှင်က အစည်းအဝေးလုပ်ပါ့မယ်။ မြန်မာနေရှင်နယ်လိဂ်ကို ဆက်ပြိုင်သင့် မပြိုင်သင့်ပေါ့။ အသင်းပိုင်ရှင်ဆိုတာ ပိုက်ဆံတွေအများကြီးအကုန်အကျခံပြီး အသင်းကို တည်ထောင်ထားတာပါ။ သူက ဆက်မလုပ်တော့ဘူးဆိုရင်တော့ ကျွန်တော်တို့လည်း ဘာမှတတ်နိုင်မှာမဟုတ်ပါဘူး”ဟု ဦးအောင်မင်းဦးက ဆိုသည်။

ကွင်းလယ်ဒိုင်ဖြစ်သူအား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ခြင်းမှာ တရားဥပဒေကြောင်းအရ အရေးယူနိုင် သည့်ဖြစ်ရပ်မျိုးဖြစ်သည်ဟု ဝေဖန်မှုများရှိခဲ့သော်လည်း ဒိုင်ကော်မတီအနေဖြင့် တရားဥပဒေကြောင်းအရ ဖြေရှင်းရန် အစီအစဉ်ရှိ၊ မရှိကိုမူ ဖြေကြားခဲ့ခြင်းမရှိခဲ့ပေ။ ကာယကံရှင်ဖြစ်သည့် ကွင်းလယ်ဒိုင်လူကြီး ဦးလှမင်းကိုလည်း ပွဲအပြီးတွင် မဇ္ဈိမက မေးမြန်းခွင့်ရရန် ကြိုးစားခဲ့သော်လည်း ဒိုင်လူကြီးတစ်ဦးကို မေးမြန်းခွင့်မရှိသည့် ဖီဖာ၏စည်းမျဉ်းကြောင့် တွေ့ဆုံမေးမြန်းခွင့်မရခဲ့ပေ။

Ref & Credit : Mizzima - News in Burmese

No comments:

Post a Comment