ကျွန်ုပ်နှင့်သွေးဆာနေသာမြို့တစ်မြို့ (အပိုင်း ၆)
ကျွန်ုပ်တို့အဖွဲ့မှာ
ခရီးကြမ်းကို နှင်လာခဲ့ရသည်က တစ်ကြောင်း ဗိုက်ကလည်း ဆာလောင်နေသည်က
တစ်ကြောင်း ကြောင့် သီတာချက်ပေးသော ဟင်းလျာများကို မြိန်လျှက်စွာ
စားသုံးကြလေသည် ။ သီတာမှာ ဟင်း များ ချက်ပြုတ်ရာ တွင်လွန်စွာတော်လှသော
မိန်းကလေးတစ်ဦးအဖြစ် ကျွန်ုပ်တို့ တစ်ဖွဲ့လုံး အသိအမှတ် ပြုရပေ သည် ။ စား
သောက်ပြီးသောအခါ အချိန်လည်း ည ၁၀ နာရီထိုးလုပြီ ။ ကျွန်ုပ်တို့
အဖွဲ့သားများ လည်းငိုက်မျည်းစ ပြုလာပြီဖြစ်၏ ။ ထို့ကြောင့်သီတာမှလွဲ၍
အလှည့်ကျစီ ကင်းစောင့်ရန်သတ်မှတ်ပြီး အိပ်ကြ လေတော့သည် ။ ပထမဦးဆုံး
အလှည့်ကျ သူမှာ ကျွန်ုပ်ပင်ဖြစ်၏ ။ သီတာမှာ ဒေါက်တာနိုင်ဇော်နှင့်
ကျွန်ုပ်၏ ကြားတွင် အပစ်ကင်းစင်စွာ အိပ်ပျော်လျှက်ရှိ၏ ။ မြို့ပြ၏
အသံများဝေးကွာ သော အာဖရိကမှ ဘူတာ ရုံပျက်လေးတွင် ကောင်းကင်မှ ကြယ်များကို
ငေးရင်း ကျွန်ုပ်လည်း အတွေးနယ်ချဲ့နေမိလေတော့သည် ။ တာဝန်
ချိန်ပြီးဆုံးသည်အထိ မည်သည့်အန္တရာယ်မျှ မတွေ့ရသော ကြောင့် ညိုမောင်
အလှည့်ရောက် လာပြီဖြစ်သည် ။
ကျွန်ုပ်လည်းတာဝန်ချိန်ပြီးပြီဖြစ်၍
သတိဖြင့် မှေးကနဲအိပ် ပျော်သွားမိသည် ။ အနှစ်နှစ်အကာလ ကျင့်သား ရနေပြီဖြစ်
သော အကြားအာရုံကြောင့်ဖျက်ကနဲနိုးလာမိသည် ။ ဘေးဘီကို ကြည့်လိုက်တော့မှ
အားပါး ....မြင်ကွင်း က ထိတ်လန့်ကြောက်ရွှံ့ဖွယ်ရာပင် ။
မျက်လုံးစိမ်းစိမ်းနှင့် လက်တ၀ါးခန့်ရှိသော ကင်းခြေမျှားများက ကျွန်ုပ်
တို့ လူစုအား ၀ိုင်းရံထားလေသည် ။ ကျွန်ုပ်လည်းကျန်အဖွဲ့သားများကို
လှုပ်နှိုးလိုက်သောအခါ အအိပ် ဆက်သူများပီပီ အသီးသီးနိုးလာကြလေသည် ။
ကင်းသမားကား ညစာစားသည်မှာများသွား၍ သတိလစ် သွား ဟန်တူ၏ ။
" ဟိုက်
အာဖရိက ကင်းခြေမျှားတွေပါဘား ကိုသက်တန့် ရေ အကောင်ရေအတော်များတယ်ဗျ
ဒီတစ်ခါတော့ ကျုပ်တို့ မလွယ်တော့ဘူးနဲ့တူတယ် ဘေးမှာပတ်ပတ်လည်ပဲ "
ဟုဒေါက်တာနိုင်ဇော်က ကျွန်ုပ်အား လှမ်းပြောလေသည် ။ ကျန်၃ ယောက်မှာမှု မျက်လုံးအ၀ိုင်းသားနှင့် ထိတ်လန့် နေဟန်ရှိ၏ ။
"
ဟုတ်တယ်ဗျ ကိုနိုင်ဇော်ရေ ဒါအာဖရိက ကင်းခြေမျှားတွေပဲဗျ
ဒါအကောင်သေးပဲရှိသေးတယ် တချို့ကောင် တွေဆို ၂ တောင်
လောက်ထိကြီးတဲ့အကောင်တွေတောင်ရှိတယ် ကျုပ်တို့ ဒီနေရာကို
အမြန်စွန့်ခွာမှဖြစ်မယ် အမြန်သိမ်း ကြပေတော့ဗျို့ အကောင်ကြီးတွေက
နောက်မှာလိုက်လာလေ့ရှိတယ် ဒီအကောင်ကြီး တွေလိုက် မလာခင် ကျုပ်တို့
အမြန်ပြေးမှဖြစ်မယ် "
" ပြေးတာတော့ဟုတ်ပါပြီ အခု ထွက်ပေါက်မရှိတော့ဘူး တစ်ခုခု ကြံမှဖြစ်မယ် "
" အင်း"
ကျွန်ုပ်လည်းပြောပြောဆိုဆို
ပတ်ဝန်းကျင်ကို လေ့လာကြည့်ရာ ကျွန်ုပ်တို့အိပ်စက်ရာနေရာနှင့် ခြောက်ပေ
အကွာ လောက်တွင် ရထားသံလမ်းရှိလေသည် ။ ထိုသံလမ်းပေါ်တွင်
ရထားခေါင်းတွဲတစ်ခုရှိလေသည် ။ ကျွန်ုပ် လည်း အကြံကို စဉ်းစားမိကာ
" ဒီလိုလုပ်မယ်ဗျို့ ကျွန်တော်တို့ ဟိုရထားခေါင်းတွဲပေါ်ကို ဒီကနေပြေးပြီး ခုန်တက်ကြမယ် အရှိန်နဲ့ခုန်ရင် ရောက် နိုင်ပါတယ် "
" အင်းဟုတ်တယ် ဒီတစ်နည်းပဲရှိတယ် ကဲ ပစ္စည်းတွေကို အရင်ပစ်ထည့်ကြစို့ "
ပြောပြောဆိုဆို
ကျွန်ုပ် တို့လည်း ပစ္စည်းအထုပ်များကို ရထားခေါင်းတွဲပေါ်သို့
ပစ်တင်ကြလေတော့သည် ။ ထို့နောက် ဒေါက်တာနိုင်ဇော်က အရင်ဆုံးပြေးပြီး
ခုန်ကူးရာအောင်မြင်စွာ ရောက်ရှိသွားလေသည် ။ ကျန်လူများ လည်း အားတက်
သွားကြပြီး ညိုမောင် ၊ ထွန်းလူ တို့ ပြေးပြီးခုန်ကြရာ ရထားခေါင်းတွဲပေါ်သို့
အသီးသီးရောက်ရှိ သွားကြလေသည် ။ ကျွန်ုပ်မှာ သီတာအားစိတ်ပူစွာ
" သီတာ နည်းနည်းတော့ဝေးတယ်နော် ခုန်နိုင်ပါ့မလား"
ဟုပြောမိလေသည် ။ သီတာက ကျွန်ုပ်အား ပြုံးပြကာ
" ရပါတယ်အစ်ကိုရယ် ကျွန်မက ပြေးခုန်ပစ်မယ်ပဲလေ "
ဟုဆိုကာ
နောက်သို့ ခဏအားယူပြီး လျှင်မြန်စွာ ကျော်လွှားသွားလေရာ ရထားတွဲပေါ်သို့
အောင်မြင်စွာ ရောက်ရှိသွားလေသည် ။ ကင်းခြေမျှားများကား ကျွန်ုပ်နှင့် ၃
ပေခန့်သာကွာဝေးတော့သည် ။ ကျွန်ုပ်လည်းအသက်ကို ၀၀ ရှုရင်း နောက်သို့
အနည်းငယ်ဆုတ်ပြီး ခုန်ကျော်ခဲ့ရာ အောင်မြင်စွာ ရထားတွဲပေါ်သို့
ရောက်ရှိသွား လေ တော့သည် ။
ရထားခေါင်းတွဲပေါ်အသီးသီးရောက်မှသာလျှင်သက်ပျဉ်းချနိုင်ပေတော့သည် ။
ကျွန်ုပ်တို့ အိပ်စက်ခဲ့ ရာနေ ရာကား ကင်းခြေမျှား များဖြင့်
ပြည့်နှက်သွားပေတော့သည် ။
" ဒီကောင်တွေဟာ အကြောင်းမဲ့ရောက်လာတာ
မဟုတ်ဘူးဗျ ဟင်းနံ့တွေကြောင့်ရောက်လာတာပဲ အထူးသ ဖြင့် အသားကင်အနံ့ပဲ
ဒီကောင်တွေကအသားကင်သိပ်ကြိုက်တယ်လေ "
ဟုဒေါက်တာနိုင်ဇော်ကပြောလေသည် ။
ကျွန်ုပ်တို့လည်း အသားကင်ထားရာ မီးပုံသို့ကြည့်လိုက်ရာ ကင်းခြေမျှား
ဝိုင်းအုံပြီး အသားကင်များအား ထိုးဆွစားသောက်နေကြသည်ကို
အံသြဖွယ်ရာတွေ့ရလေသည် ။ သို့နှင့် ကျွန်ုပ် နှင့် ဒေါက်တာ နိုင်ဇော်ကား
ရထားခေါင်းတွဲအား စစ်ဆေးကြည့်ရာ ကံကောင်းထောက်မစွာပင် ရေမှလွဲ၍ ဆီ ၊
အင်ဂျင်ဝိုင်နှင့် Fuse များ အကောင်းအတိုင်း ရှိနေသေးသည်ကို တွေ့ရလေသည် ။
သို့နှင့် ကျွန်ုပ်တို့လည်း ရထားတွဲအား ကြိုးစားပြီး စက်နှိုးကြည့်ကြလေသည် ။
အကြိမ်ကြမ်ကြိုးစားကြည့်ရ့ာ တစ်ကြိမ်တွင် ကံကောင်း ထောက်မစွာ
ရထားခေါင်းတွဲ စက်နှိုးသွားလေတော့သည် ။ ကျွန်ုပ်တို့အဖွဲ့လည်း ထခုန်မိမတတ်
ဝမ်းသာသွား လေ တော့သည် ။
သို့နှင့် ရထားခေါင်းတွဲအား စတင်၍
ဘီးလှမ့်ကာ ရထားလမ်းအတိုင်း ခုတ်မောင်းခဲ့လေတော့သည် ။ သို့မဟုတ်လျှင် မိုင်
၃၀ ကျော်ကွာဝေးသော ရထားလမ်းအား လမ်းလျောက်သွားရလျှင်
ခရီးကြန့်ကြာနိုင်ပေမည် ။ အချိန်ကိုကြည့်တော့ မနက် ၂ နာရီထိုးတော့မည် ။
ရထားခေါင်းတွဲကား အရှိန်ဖြင့် ခုတ်မောင်းဆဲပင် ။ ၁၀ မိုင်ကျော်
ကျော်ခန့်ခရီးပေါက် သောအခါ ရထားလမ်းဘေးတဖက်တချက်တွင် မီးတိုင်များကို
တွေ့ရလေသည် ။ လျှပ်စစ်မီးဖြင့် ထွန်းထားခြင်းမဟုတ်ပဲ Solar Plate များ
တပ်ဆင်ထားခြင်းဖြစ်ကြောင်းတွေ့ရလေသည် ။ နောက်ထပ် ၁ နာရီခန့်
ခုတ်မောင်းပြီးသောအခါ ဟိုးဝေးဝေးတွင်မီးရောင်မှိန်ပျပျဖြင့် Ghost City
အားတွေ့မြင်ရလေသည် ။ တိုက်ပျက် ပေါင်းများစွာဖြင့် Ghost City ၏ပုံသဏ္ဍာန်ကား
သရဲတစ္ဆေပေါင်းများစွာ ငုတ်တုတ်ထိုင်နေသည်နှင့် တူလှပေသည် ။ ရထားတွဲကား
Ghost City ထံသို့ ဦးတည်၍ သွားနေလေသည် ။ Ghost City ၏ ကြိုဆိုမှုကား
ခရီးအစမှာပင် အန္တရာယ်များနှင့် ပြည့်နှက်နေပေတော့သည် ။
အပိုင်း (၇) မျှော်.....
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့)
လေ့လာမိသမျှ၊ စုစည်းမိသမျှ
မျှဝေခြင်းတစ်ခုဟာလည်း
စေတနာတစ်ခုပါ....။
No comments:
Post a Comment