ကျွန်ုပ်နှင့်မနုဿလူသားစားကျွန်း ( အပိုင်း ၄)
(၉)
အိပ်ပျော်လု ဆဲဆဲ အချိန်တွင် ကျွန်ုပ်၏ နားထဲသို့ ရထားခေါင်းတွဲများ
ခုတ်မောင်းသံကဲ့သို့ အသံများ ၀င်လာ၏ ။ ကျွန်ုပ် လည်း ပထမတော့
လှိုင်းပုတ်သံလား ဘာလား အသေအချာ သိစေရန် နားစွင့်သေးသည် ။ သို့သော် အသံများ
ကား ကျွန်ုပ်နေထိုင်ရာ ဂူနှင့် အလွန်အမင်း နီးကပ်လာပြီဖြစ်သောကြောင့်
ကျွန်ုပ်ပြုလုပ်ထားသော ကျောက်မှိန်း ကို ယူကာ ဂူပေါက်ဝသို့ ထွက်လာခဲ့၏ ။
လရောင်ကြောင့် ညသည် လင်းရှင်းစွာ မြင်နေရ၏ ။ ဂူပေါက်ဝတွင်ကား မည်သည့်
အရာမျှ မတွေ့ရပေ ။ သို့နှင့် ကမ်းစပ်သို့ တရွေ့ရွေ့ သတိကြီးစွာ လျောက်သွား
မိသောအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်ုပ် နေရာတွင်ပင်
ရပ်တန့်နေမိသည် ။ စည်ပိုင်းလုံး ခန့်လုံးပတ်ရှိသော
မဲမဲရှည်ရှည်သဏ္ဍာန်ကြီးများ က ပင်လယ်ထဲမှ ကမ်းစပ်သို့ တရွေ့ရွေ့တက်လာနေ၏ ။
ကျွန်ုပ်လည်း မည်သည့်အကောင်တွေမှန်းမသိသောကြောင့် ကျောက်ဆောင်အကွယ်သို့
အမြန်ပုန်းကာ အကဲ ခတ် ကြည့်လိုက်၏ ။ အလို.... မဲမဲသဏ္ဍာန်ကြီးများကား
ကျွန်ုပ်အနီးအနားမှ တရွေ့ရွေ့ဖြင့် ဖြတ်သန်းသွား၏ ။ ကျွန်ုပ်တစ်သက်တွင်
စာအုပ်ထဲတွင်သာ မြင်ဖူးသော ပင်လယ်ခူကြီးများပေတကား ။ ကျွန်ုပ်သိရသောက် ဤ
အကောင်များသည် အသားစား အလွန်ကြူး၏ ။ သတ္တ၀ါတို့၏ သွေးကို စုပ်ယူစားသောက်တတ်၏
။ လူမပြောနှင့် ဆင်သတ္တ၀ါများပင် စက္ကန့်ပိုင်းအတွင်း ၄င်းတို့၏
သွေးစုပ်ခြင်းကို ခံရပါက တုန်းကနဲသေဆုံးနိုင်ပေသည် ။ ထိုအကောင်ကြီးများကာ
အကောင် ၂၀ ၀န်းကျင်ခန့်ရှိပေသည် ။ ပင်လယ်ပြင်တွင်သာ အနေများပြီး
မျိုးပွားချိန်မှ သာ ပင်လယ်ကမ်းစပ် ကုန်းမြေပေါ်သို့ တက်ကြကြောင်း
စာအုပ်ထဲတွင် မှတ်သားဖူး၏ ။ မျက်လုံးများမှာ လရောင်အောက်တွင် စိမ်းဖန့်ဖန့်
သဏ္ဍာန်ရှိသောကြောင့် မကောင်းဆိုးဝါးများနှင့် လွန်စွာ တူလှပေသည် ။
အကောင်များကား
တစ်ကောင်ပြီးတစ်ကောင် ကျွန်ုပ်အနားမှ ဖြတ်သန်းသွားပြီး နောက်ဆုံးအကောင်
အလှည့်ကျမှ သာလျှင် ကျွန်ုပ်အတွက် ကံကြမ္မာ ဂြိုလ်ဆိုး ၀င်တော့သည် ။
နောက်ဆုံးအကောင်ကား ရှေ့မှသွား သော အကောင်များလမ်းကြောင်းအတိုင်းမလိုက်ပဲ
ကျွန်ုပ်အနား လွန်စွာ နီးကပ်သော နေရာမှ ဖြတ်သွားလေရာ ကျွန်ုပ်အား
တွေ့မြင်သွားလေတော့သည် ။
" ကျွီ ....."
လူနံ့ရသောကြောင့်
၎င်းအော်လိုက်သောအသံမှာကား ကျွန်ုပ်ရင်ဘတ်အား ဆွဲစုပ်လိုက်ဘိသကဲ့သို့
လွန်စွာ ထိတ်လန့် သွားမိလေတော့သည် ။ ရှေ့မှ သတ္တ၀ါများကား ကြားဟန်မတူ ဆက်၍
သွားလေသည် ။ နောက်ဆုံး ကျန်ခဲ့သော သတ္တ၀ါမှာ ပါးစပ်ကိုဟလိုက်ရာ
၎င်းပါးစပ်ထဲမှ လုံးလုံးရှည်ရှည် မျောမျော သဏ္ဍာန်ကြီး တစ်ခုကား
အချွဲရည်များနှင့် ရောကာ ကျွန်ုပ်ဆီသို့ ထွက်လာနေသည် ။ ကျွန်ုပ်လည်း
လျှင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး လရောင် အောက်တွင် ကျွန်ုပ်နှင့် ပင်လယ်
ခူကြီး ၏ တိုက်ပွဲကား စတင်လေတော့သည် ။ ပင်လယ်ခူကြီးကား ပါးစပ် ထဲမှ
စိမ်းဖန့်ဖန့် အရည်များနှင့်ပက်၏ ။ ကျွန်ုပ်ကားအရှောင်သမား သက်သက်သာ
ဖြစ်နေလေတော့၏ ။ ၄င်းသတ္တ၀ါကြီးသည် လှုပ်ရှားပုံမှာ နှေးကွေးသောကြောင့်
ကျွန်ုပ်အတွက် အခွင့်အရေးတော့ရလေသည် ။ တစ်ချီတွင် ပင်လယ်ခူကြီးပါးစပ်ထဲမှ
မဲမဲရှည်ရှည် ကြီးနှင့် လှမ်းအဟပ်တွင် ကျွန်ုပ်လည်း ၄င်း မဲမဲရှည်
ရှည်ကြီးအား ကျောက်မှိန်းနှင့် အမိအရ ထိုးစိုက်လိုက်လေသည် ။
သတ္တ၀ါကောင်ကြီးကား နာကျင်လွန်း၍ မြေပြင် ပေါ်တွင် လူးလိမ့်ကာနေ၏ ။
ကျွန်ုပ်လည်း
ရရှိသည့် အခွင့်အရေးကို လက်လွတ်မခံပဲ ပင်လယ်ခူကြီး၏ ကျောပေါ်သို့ ခုန်တက်ကာ
ကျောက်မှိန်းနှင့် အားကုန် ထိုးစိုက်ချလိုက်လေတော့သည် ။
အစိမ်းရောင်အရည်များ ထွက်လာပြီး ပင်လယ်ခူ ကြီးကား
လုံးဝငြိမ်သက်သွားပေတော့သည် ။ ၄င်း ပါးစပ်ထဲမှ ထွက်ပေါ်လာသော
မဲမဲရှည်ရှည်ကြီးကား သတ္တ၀ါများ ၏ သွေးကို စုပ်ယူသော သွေးစုပ်တံကြီး
ဖြစ်ဟန်တူသည်။ ကျန်သော အကောင်များကား ကျွန်း၏ အတွင်းပိုင်း သို့
ဝင်ရောက်သွားကာ အရိပ်အယောင်ပင် မတွေ့ရတော့ပေ ။ ကျွန်ုပ်လည်း ဂူသို့
ပြန်လာကာ ဂူပေါက်ဝ အား သစ်ကိုင်းသစ်ခက်များဖြင့် ပိတ်ဆို့ပြီး သတိကြီးစွာ
ဖြင့် အိပ်စက်ရပေတော့သည် ။ သို့သော် တစ်ညလုံး မည်သည့်အန္တရာယ်မှ
မတွေ့ရတော့ပေ ။ ဤကျွန်းပေါ်တွင် မည်သို့သော သတ္တ၀ါများ ရှိနေမည်နည်း ။
ကျွန်း၏ အတွင်းပိုင်းတွင် မည်သည့် အရာများ ရှိနေသနည်း ။ နောက်တစ်နေ့တွင်
ကျွန်းပေါ်သို့ လေ့လာ ရေးထွက်ရန် ကျွန်ုပ်ဆုံးဖြတ်လိုက်သည် ။ ဤအတိုင်း
အချိန်ကုန်နေရခြင်းထက် အရာအားလုံးကို လေ့လာ မှသာလျှင် ကျွန်ုပ်အတွက် အကျိုး
ရှိမည်ဟု ထင်၏ ။
နေရောင်ခြည်ကား ဖျော့တော့စွာ ကျရောက်နေ၏ ။
ပင်လယ်ပြင်ကား မာယာကင်းစင်သည့် ယမင်းရုပ်ထုနှယ် အပစ်ကင်းစွာ လဲလျောင်းနေသည်
။ သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသောကြောင့် ကျွန်း၏ အတွင်းပိုင်း သည်
နေရောင်ခြည်တောင် ကောင်းစွာ မရပေ ။ ကွက်ကျားကွက်ကျားသာ ကျရောက်နေ၏ ။
မျောက်များ ၊ ရှဥ့်များ ၊ ယုန်များ ၊ ချေ ၊ သမင် အစရှိသော သတ္တ၀ါများကို
လည်း အစုံအလင်တွေ့ရ၏ ။ ဤ သတ္တ၀ါများကို ကြည့်ခြင်းဖြင့် ကျွန်းကြီးသည်
ကျွန်ုပ်ထင်ထားသည်ထက် ပို၍ ကြီးမားကြောင်း သတိပြုမိ၏ ။ ကုန်းတွင်းပိုင်း
တစ်နေရာအရောက်တွင် လမ်းကား ဆက်သွား၍ မရောက်လောက်အောင်ပင် ပိတ်ဆို့ကာနေ၏ ။
သစ်ခေါင်း ပေါက်ကြီးများကား လွန်စွာ ကြီးမားလှပြီး လူတစ်ရပ် သာသာလေး
ဝင်ရောက်နိုင်ပေသည်။ ကျွန်ုပ်၏ တစ်သက် တာတွင် ဤ မျှကြီးမားလှသော
သစ်ခေါင်းပေါက်မျိုးကို မမြင်ဖူးကြောင်း ၀န်ခံရပေမည် ။ သစ်ခေါင်း
ပေါက်ထဲတွင် မည်သို့သော အန္တရာယ်များ ရှိနိုင်သည်ကိုမှု
ကျွန်ုပ်စဉ်းစားရပေတော့မည် ။ လမ်းကား သွားစရာ မရှိတော့ပေ ။
သစ်ခေါင်းပေါက်များထဲမှ ဖြတ်သွားလျှင်တော့ တစ်ဖက်သို့ ရောက်နိုင်ပေသည် ။
သို့သော် တစ်ခါတစ်ရံ မိုက်ရူးရဲဆန်လှသော ကျွန်ုပ်၏ ဥာဉ်အတိုင်း
သစ်ခေါင်းပေါက်ထဲမှ ဖြတ်သွား ရန်ဆုံးဖြတ် ချက်ချက်လိုက်၏ ။
လက်ထဲတွင်
ကျောက်မှိန်းနှင့် ကျောက်ဓါးတစ်လက် ၊ ခြေထောက်တစ်ဖက်တစ်ချက်စီတွင်
ကျွန်ုပ်ကိုယ်တိုင်ပြု လုပ်ထားသော ကျောက်ဓါးမြှောင်တစ်ချောင်းစီကို
ချည်နှောင်ထား၏ ။ သစ်ခေါင်းပေါက်ထဲသို့ သတိကြီးစွာ ဖြင့် လှမ်းဝင်လာခံ၏ ။
အတော်လျောက်မိသောအခါ ... အလို.. ရှေ့တွင် လက်သီးဆုပ်ခန့် မဲနက်ပြောင် နေသော
အရာများ တရွေ့ရွေ့သွားနေ၏ ။ ၄င်း သတ္တ၀ါများကား နှစ်ကောင်ပြူးတွေ ဖြစ်ကာ
မိတ်လိုက်နေဟန်တူသည် ။ ကျွန်ုပ် လည်း မည်သည့်အကောင်တွေများ ဖြစ်မည်နည်းဟု
စူးစမ်းလိုရကား ရှေ့သို့ တရွေ့ရွေ့ ဆက်သွားမိသည် ။ အားပါး...
အနီးကပ်မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်ုပ်ကျောချမ်းသွားမိသည် ။
လွန်စွာ အဆိပ်ပြင်း လှသည်ဟု နာမည်ကြီးလှသော သဲသောင်ပြင်များတွင်သာ
ကျက်စားလေ့ရှိသော BSS ဟု ခေါ်သော Black Sand Scorpians များပင်ဖြစ်၏ ။
အမဲရောင် သဲသောင်ပြင်ကင်းမြီးကောက်ဟု ဘာသာပြန်လျှင်ရနိုင်ပေသည် ။ နောက်သို့
ပြန်ဆုတ်လျှင် အချိန်မှီသေး၏ ။ ကျွန်ုပ်ကြားဖူးသည်မှာကား
၎င်းအကောင်များသည် မိတ်လိုက်နေ ချိန်တွင် အဆိပ်မရှိဟု ကြားဖူးပေ၏ ။
ထို့အပြင် ကျွန်ုပ်ငယ်စဉ်က အိုးဘိုကျွန်းရွာတွင် ဆရာတော် လက်မောင်း တွင်
ထိုးပေးဖူးခဲ့သော တောကြီးမြွေဟောက် ၊ ကင်းမြီးကောက် အဆိပ်နိုင်ဆေးကိုလည်း
ကျွန်ုပ်စမ်းသပ်ချင်လာ၏ ။ သို့သော် ရင်းနှီးရမည်က ကျွန်ုပ်၏
အသက်တစ်ချောင်းပင် ။ သို့သော် ဤကျွန်းကြီးပေါ်တွင် ဒီအတိုင်း နေ လည်း
သေနိုင်သည်ဖြစ်ရာ မိုက်ရူးရဲဆန်သော ဆုံး ဖြတ်ချက်ကို ချလိုက်လေတော့သည် ။
(၁၀)
ရှေ့သို့
တိုးဝင်လာသော ကျွန်ုပ်၏ ခြေလှမ်းများကြောင့် ကင်းမြီးကောက်များ၏
လှုပ်ရှားမှုများကား တခဏမျှ ရပ်တန့်သွားလေတော့သည် ။ ကျွန်ုပ်လည်း
ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ ရာပေါင်းများစွာသော ကင်းမြီး ကောက်များအား
ဖြတ်ကျော်၍ ပြေးထွက်လာခဲ့တော့သည် ။ ကျွန်ုပ်၏ ခြေထောက်အောက်တွင် အသက်
ပျောက်သွားသော ကင်းမြီးကောက်များလည်း မနည်းပေ ။ သို့သော်ကျွန်ုပ်၏
ခြေထောက်မှာ သုံးလေးနေရာမှ စစ်ကနဲ စစ်ကနဲ ဖြစ်သွားသောကြောင့် ကင်းမြီးကောက်
အကိုက်ခံလိုက်ရမှန်းသိလိုက်၏ ။ အတော်ကြာပြေး ထွက်သွားပြီးသောအခါ
တစ်ဖက်ထွက်ပေါက်ဆီသို့ ရောက်ရှိသွားလေတော့သည် ။ ခြေထောက်သို့
ငုံ့ကြည့်လိုက် သောအခါ ကင်းမြီးကောက် အကိုက်ခံရသော ဒါဏ်ရာများကို
တွေ့ရလေသည် ။ ကျွန်ုပ်လည်း ဒီတစ်ခါ သွားပြီဟု စိတ်ထဲက ထင်လိုက်မိသည် ။
သို့သော် ကျွန်ုပ်ဖတ်ဖူးသော မိတ်လိုက်ချိန်တွင် အဆိပ်မရှိဆိုသည်မှာ မှန်သည
်လား ရွာဘုန်းကြီး၏ ဆေးကပဲ စွမ်းသည်လားမသိ မူးဝေခြင်း သတိလစ်ခြင်းစသော
အဆိပ်တက်ခြင်း လက္ခဏာများ အား မခံစားရပေ ။ ကျွန်ုပ်လည်း နာရီဝက်ခန့်
အမောဖြေပြီးမှ ရှေ့ဆက်ရမည့် ခရီးအား သေချာ စူးစမ်း ကြည့်ကာ
အမောဆို့သွားလေတော့သည် ။
လွန်စွာ ကျယ်ပြောလှသော
နွံ့အိုင်ကြီးတစ်ခုကို တွေ့လိုက်ရခြင်းပင်ဖြစ်သည် ။ နွံ့အိုင်ကြီး၏
မျက်နှာပြင်ကား ပြောင်တင်း ကာနေသည် ။ ကျွန်ုပ်လည်း အကြံတစ်ခုရကာ
အနေတော်သစ်ချောင်းတစ်ခုကို ယူကာ နွံ့အိုင်ထဲသို့ထိုးစိုက်ကြည့်လိုက်၏ ။ ၁
ပေသာသာခန့်သာ နစ်မြှုပ်သွားသည်ကို တွေ့ရ၏ ။ ကျွန်ုပ်လည်း အားတက် သွားကာ
နွံ့အိုင်ထဲသို့ စတင်ခြေချလိုက်လေတော့သည် ။ တဖြည်းဖြည်းချင်းလျောက်သွားရာ
နွံ့အိုင်မှာ အနက် ၁ ပေသာသာခန့်ထက် ပို၍ မနက်ကြောင်း သိရလေတော့သည် ။
သို့သော် နွံ့များ ဖြစ်သောကြောင့် သွားရသည်မှာ ခရီးမတွင်လှချေ ။
သွားရင်းသွားရင်းနှင့် ခြေထောက်က လေးလာလေတော့သည် ။ ၄၅ မိနစ်ခန့်
အားတင်းပြီး လျောက်မှ တစ်ဖက်ကမ်းစပ်ဆီသို့ ရောက်လတော့သည် ။ သို့သော်
ခြေထောက်အား ကနုးမြေပေါ်သို့ ပြန်အချ တွင် ကျွန်ုပ်ခြေထောက်အား
မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြက်သီးပင်ထိမသွား၏ ။ လူကြီးခြေမ ခန့်ရှိ
သော မျော့ကြီးများ တစ်ဖက် အကောင် ၃၀ခန့် ပြွတ်သိပ်စွာ
တွယ်ကပ်လာကြခြင်းပင်ဖြစ်၏ ။ လမ်းလျောက် ရင်းလေးလာခြင်းမှာ ဤ
မျော့များကြောင့် ဖြစ်နိုင်ပေသည် ။ ကြာကြာနေလျှင်
ကျွန်ုပ်တစ်ကိုယ်လုံးရှိသွေးများ ကုန်ခမ်း သွားမည် ဖြစ်သောကြောင့်
မျော့များအား ဖယ်ထုတ်ပစ်ရန်ကြိုးစားရတော့သည် ။ အစပိုင်းတွင် မျော့များအား
ကျောက်ဓါးနှင့် ခြစ်ထုတ်ကြည့်သေးသည် ။ သို့သော်လေးငါးကောင်သာ ပြုတ်ကျပြီး
ကျန်အ ကောင် များကား ဖယ်ထုတ်၍ မရလောက်အောင်ပင် တွယ်ကပ်ကာ နေလေတော့သည် ။
ဘေးဘီဝဲယာသို့
လေ့လာကြည့်ရာ ကံအားလျောစွာပင် ဆေးရွက်ကြီး အပင်များအား အစုလိုက်အပြုံ
လိုက်တွေ့ လိုက်ရလေတော့သည် ။ ကျွန်ုပ်လည်း လွန်စွာ အားတက်သွားလေတော့သည် ။
ဆေးရွက်ကြီးအရည်ကား တွားတွား သတ္တ၀ါများ၏ ရန်သူတည်း ။ ကျွန်ုပ်လည်း
ဆေးရွက်ကြီးများကို ထုထောင်း၍ အရည်ညှစ်ကာ မျော့များ ပေါ်သို့
ညှစ်ချလိုက်လေတော့ရာ ၄င်းသွေးစုပ်ကောင်များကား တီကိုဆားနှင့်ပက်သကဲ့သို့
တွန့်လိမ်ကာ ပြုတ်ကျကုန်တော့သည် ။ ကျွန်ုပ်လည်း ၄င်းတို့စုပ်ထားသော
အပေါက်များအား ဆေးရွက်ကြီးအရည်များ ညှစ်ချပြီး သည်နှင့်
၎င်းဆေးရွက်ကြီးနှင့်ပင် ခြေထောက်အားစည်းထားလိုက်လေတော့သည် ။ ကျွန်ုပ်လည်း
ဆက်၍ လျောက်လာခဲ့ရာ မကြာခင် ကျွန်ုပ်၏ တစ်သက်တာတွင် အရွံ့ရှာဆုံးနှင့်
မမြင်ရက်စရာ မြင်ကွင်းများ အား ကြုံတွေ့လိုက်ရလေတော့သည် ။
ဤကျွန်းပေါ်တွင်
ကျွန်ုပ်တစ်ယောက်တည်း သက်ရှိလူသား ရှိသည်ဟု ကျွန်ုပ်ထင်မြင်ယူဆမိသည်မှာ
လွန်စွာ မှားယွင်းကြောင်း တွေ့လိုက်ရပေတော့သည် ။ ကျွန်ုပ်ကား
ဒယ်အိုးကဲ့သို့ခွက်သော မြေပြန့်တစ်ခုအား တောင်ကုန်း ပေါ်မှ ဆီးကြည့်သကဲ့သို့
မြင်ကွင်းကား ပီပီပြင် ပြင် မြင်ရလေတော့သည် ။ ကျွန်ုပ်မြင်
လိုက်ရသောအရာကား ကျွန်ုပ်တို့လိုပင် လူသား ၊ သို့သော်
လူရိုင်းမျိုးနွယ်စုများသာ ဖြစ်၏ ။ ၄င်းတို့၏ လုပ်ရက် ကား လွန်စွာ
အကျည်းတန်လှပေသည် ။ ညနေစောင်းအချိန်ရောက်နေပြီ ဖြစ်သောကြောင့်
နေရောင်ခြည်ကား တဖြည်းဖြည်း လျော့ရဲကာလာ၏ ။ ၀ါးလုံးများအား
ကြက်ခြေခတ်သဏ္ဍာန်ပြုလုပ်ထားကာ ၄င်းဝါးလုံးများ ပေါ်တွင် ဘ၀တူ
လူရိုင်းများအား မီးမြှိုက်ထားလေသည် ။ လူရိုင်းအကြီးအကဲကား လွန်စွာ
ဒေါသထွက်နေ၍ အပစ်ပေး နေ ဟန်တူ၏ ။ လူရိုင်းများလိုလို လည်ပင်းတွင်
ငါးရိုးများနှင့် ငါးခေါင်းများကို ချိတ်ဆွဲထားပြီး လူလက်
ဖျံရိုးများကိုလည်း ကိုင်ဆောင်ထားကြသည် ။ လူရိုင်းအကြီးအကဲဖြစ်ဟန်တူသူ၏
ခါးတွင်ကား အရိုးခေါင်းများ အား အစီအရီ ချိတ်ဆွဲထားလေသည် ။ လူရိုင်းများကား
ခါးအောက်ပိုင်းတွင် သစ်ရွက်များဖြင့် နံငယ်ပိုင်းများသာ ရှိပြီး မိန်းမရော
ယောင်္ကျားရော ခန္ဓာကိုယ်အထက်ပိုင်းတွင် မည်သည့်အ၀တ်မျှ ၀တ်ဆင်ထားခြင်းမရှိပေ
။ ၀ါးကြက် ခြေခတ်ပေါ်ရှိ လူရိုင်းများကား မေ့မျောနေဟန်တူသည် ။ မကြာခင်
လူရိုင်းခေါင်းဆောင်၏ အမိန့်ပေးမှု ကြောင့် လူရိုင်းများက မီးအ၇ှိန်ကို ထပ်၍
မြှင့်လိုက်လေတော့သည် ။
(၁၁)
လူရိုင်းများ
တီးသော ဗုံသံကား ကျွန်ုပ်နှလုံးသားအား လာ၍ တူနှင့်ရိုက်နေသကဲ့သို့
ခံစာရပေသည် ။ မကြာခင် မီးမြှိုက်ခံ ထားရသော လူရိုင်းမှာ
အသားများနီရဲတက်လာလေသည် ။ ညှော်နံ့များကား ကျွန်ုပ်နှာခေါင်းနီးသို့ ပင်လာ
ရောက်နေ၍ နှာခေါင်းအား အုပ်ထားရလေသည် ။ အသားများကျက်နေပြီ ဖြစ်သော
လူရိုင်းအား ၀ါးကပ်မှ ဖြုတ်ကာ အပိုင်းပိုင်း အထစ်ထစ် ခုတ်ထစ်နေကြလေတော့သည် ။
၎င်းလူရိုင်းများသည် အသင့်ယူဆောင်လာသော လင်ပန်းကြီးများပေါ်တွင် ဦးခေါင်း
၊ လက် ၊ ခြေ ၊ ကလီစာ အစရှိသည်များကို တစ်ပုံစီပုံကာ
ယူဆောင်သွားကြလေတော့သည် ။ ကျွန်ုပ်လည်း ဆက်၍ သိချင်စိတ်ဖြစ်လာကာ
၎င်းလူရိုင်းများနောက်သို့ တိတ်တဆိတ် လိုက်၍ ချောင်းမိလေတော့သည်။
လူရိုင်းများကား နာရီဝက်ခန့် လျောက်သွားပြီးသည်နှင့် ကျောက်ဆောင်
နှစ်ခုကြားသို့ အလျိုလျို ၀င်ရောက်သွားကြလေတော့သည် ။ ကျွန်ုပ်လည်း
အခြေအနေကို အကဲခတ် ကာ ကျောက်ဆောင်ကြားသို့ လိုက်၍ ၀င်မိလေသည် ။
အတွင်းသို့ရောက်လျင် ကျောက်ဆောင် အကွယ်သို့ အလျင်အမြန်
ပုန်းကွယ်လိုက်ရလေတော့သည် ။ မြင်လိုက်ရသော မြင်ကွင်းကြောင့် လွန်စွာ
အံ့သြသွားမိ လေတော့သည်။ ပေ ၅၀ ခန့်မျှ ၇ှိသော ဧရာမ ရုပ်ထုကြီးတစ်ခုကို
ဘွားကနဲတွေ့ လိုက်ရသော ကြောင့် ပင် ဖြစ်သည် ။
နတ်ရုပ်ထုကြီးကား
လွန်စွာ ကျက်သရေကင်းမဲ့လေသည် ။ အစွယ်နှစ်ချောင်းနှင့် ဘီဘူးလိုလို
ငှက်လိုလို အကောင်ကြီး ပင်ဖြစ်၏ ။ ဤအကောင်ကြီး၏ အောက်ခြေတွင်
လင်ပန်းများအား ချကာ လူရိုင်းအားလုံး ဒူးထောက် ထိုင်ကြလေတော့သည် ။
၎င်းတို့၏ နှုတ်မှလည်း နားလည်ရခက်ခဲသော ဘာသာစကားများအား ရေရွတ်နေ လေတော့သည်
။ ထိုသို့ ရေရွတ်နေချိန်တွင်လည်း ဗုံတီးသော လူရိုင်းများက ဗုံသံများကို
အဆက်မ ပြတ် တီးခတ်နေလေတော့သည် ။ ဗုံသံများ ရပ်သွားသည်နှင့် နတ်ရုပ်ထုကြီး၏
ဝမ်းဗိုက်အတွင်းတွင် လူတစ်ကိုယ် စာ အပေါက်တစ်ခု ပွင့်သွားလေတော့သည် ။
ထိုအပေါက်ထဲမှ လက်ပြန်ကြိုးတုပ်ထားသော လူရိုင်း ငါးဦး ခန့်ထွက်လာလေတော့သည်
။လူရိုင်း ခေါင်းဆောင်ကား မည်သည့် စကားများ ရေရွတ်နေသည်မသိ ။ ၄င်း၏
စကားဆုံးသည်နှင့် လူရိုင်းများကား အသင့်ကိုင်ထားသော ၀ါးချွန် ၊ ဓါး ၊
ပုစိန်နှင့် အခြားလက်နက်များအား အသုံးပြု ကာ လူရိုင်းများအား
ခုတ်ထစ်သတ်ဖြတ်ကျလေတော့သည် ။ ရွံစရာအကောင်းဆုံးမှာကား ၄င်းတို့ ခုတ်ထစ်ထား
သော အသားပိုင်းများအား ကိုယ်ရရာ ကိုယ်စားကြခြင်းပင် ဖြစ်သည် ။
လက်ချောင်းရသူက လက်ကို အစိမ်းလိုက်စား၏ ။ ခေါင်းရသူက ခေါင်းကို
အစိမ်းလိုက်စား၏ ။ ဇတ်တူသားစားနေသော အသိဥာဏ်မဲ့ လူရိုင်းများအား
ရွံ့ရှာလှသည်ဖြစ်၍ ကျွန်ုပ်သည် ဦးခေါင်းအား တစ်ဖက်သို့ လှည့်လိုက်ရာ
ရုတ်တရက် ဦးခေါင်း မှာ ပူကနဲ ဖြစ်သွားပြီး
အရာအားလုံးမှောင်မိုက်သွားလေတော့သည် ။
မပီဝိုးတ၀ါး ပုံရိပ်များကြောင့် မျက်လုံးအား အားယူပြီး ဖွင့်ကြည့်မိ၏ ။
" ဆရာ..ဆရာ... သတိရလာပြီလား ဆရာ.. မျက်လုံး ဖွင့်ကြည့်ပါဦး "
" ရေ...ရေ..."
" ရမယ်ဆရာ ..ဒီမှာ ရေရော့...ရော့ "
ကျွန်ုပ်မှာ
ခေါ်သံများကြောင့် အားယူ၍ မျက်လုံးကို ဖွင့်ကြည့်ရာ
ဦးခေါင်းတစ်ခုလုံးကျိန်စပ်နေမှုကြောင့် မျက်လုံး ကို ပြန်မှိတ်ကာ
ရေငတ်လွန်းရကား ရေကို အရင်တောင်းလိုက်၏ ။ ထို့ နောက် မျက်လုံးအား အားယူ၍
ဖွင့်ကြည့် လိုက်ရာ.. အလို ကျွန်ုပ်တည့် ထွန်းလူနှင့် ညိုမောင်တို့
နှစ်ယောက်ပင်ဖြစ်၏ ။ ပတ်ဝန်းကျင်အား လှည့်ပတ်၍ ကြည့်လိုက်ရာ
ကျွန်ုပ်တို့ကား ဂူကြီး တစ်ခုအတွင်းသို့ ရောက်နေဟန်တူသည် ။
" အား..ကျွတ်ကျွတ်.. ဒါနဲ့ မင်းတို့ နှစ်ယောက်က ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ ဒေါက်တာနိုင်ဇော်ရော "
"
ကျွန်တော်တို့လည်း ဖောင်ပျက်ပြီး ဒီကျွန်းပေါ်ကို ရောက်လာတာပဲ ဆရာ ...
အမှန်တော့ ဒီကျွန်းကြီးက ဆရာသွား ချင်နေတဲ့ မရဏကျွန်းပဲ ဖြစ်ရမယ်
..ဒီကျွန်းပေါ်မှာ လူသားစား လူရိုင်းမျိုးနွယ်စုတွေရော ထူးထူးဆန်း ဆန်း
သတ္တ၀ါတွေရော အစုံပါပဲ ဆရာ ကျွန်တော်တို့လည်း မနေ့ကမှ အဖမ်းခံခဲ့ရတာပါ
ဒီလိုပါဆရာ ..မုန်တိုင်း ကြောင့် ဖောင်ပျက်သွားပြီး ကျွန်တော်ရယ် ၊
ညိုမောင်ရယ် နှစ်ယောက် ကမ်းပေါ်လှိုင်းပုတ်လို့ ရောက်လာ ခဲ့ကြတယ် ဒီလိုနဲ့
ကျွန်းပေါ်မှာ ရရာစားပြီး အုန်းရေသောက် အသက်ရှင်နေရတာပဲ မနေ့ကမှ ကျွန်းပေါ်
လျောက်သွား နေမိတုန်း ဒီကောင်တွေနဲ့ တွေ့ပြီး အဖမ်းခံကြရတာပဲ
ကျွန်တော်ဖြင့် ဆရာနဲ့ ပြန်တွေ့ရတာ သိပ်အားရှိတာပဲဆရာ "
" အေးပါကွာ ငါးလည်းမင်းတို့ နှစ်ယောက်နဲ့ ပြန်တွေ့ရတာ အားရှိပါတယ် ဒါနဲ့ ဒီကျွန်းပေါ်မှာ ဒေါက်တာနိုင်ဇော် ကိုရော တွေ့မိသေးလား "
" မတွေ့မိဘူးဆရာ သူလည်း ဘယ်သောင်ပြင်ရောက်နေပြီလည်းမသိဘူး အသက်မှ ရှင်လျှက်ပဲလားမသိဘူး ဆရာ "
"
အင်း.. ငါတို့ အခုအခြေအနေက သိပ်မကောင်းဘူးကွ မကြာခင်ငါတို့အားလုံး
အရှင်လတ်လတ် ယဇ်ပူဇော် ခံရပြီး အစားခံရနိုင်တယ် ဒီတော့ ဒီကောင်တွေလက်က
လွတ်အောင်တနည်းနည်းတော့ကြံရမယ်ကွ "
" ဟုတ်တယ်ဆရာ ဒီအတိုင်းတော့ ကျွန်တော်တို့အားလုံး အသေမခံနိုင်ဘူး "
"
အင်း မင်းတို့ ပြောသလို ဒီကျွန်းက Death Island ဖြစ်နိုင်တယ် နောက်ပြီး
ဒေါက်တာ နိုင်ဇော်နဲ့ငါ မြေပုံကြည့်တုန်းက ငါမြေပုံကို မှတ်မိတယ်
ဒီကျွန်းပေါ်က မြင်ကွင်းတွေနဲ့ အတော်ဆင်တယ်ကွ နောက်ပြီး ဒီကျွန်းပေါ်မှာ
အန္တရာယ်ပေါ်မယ့် အကောင်ဗလောင်တွေ အစုံပဲဟေ့ "
ကျွန်ုပ်လည်း ပြောပြောဆိုဆို အခန်းကိုလေ့ လာလိုက်သည် ။ အခန်းကား ပြတင်းပေါက်တစ်ခုရှိပြီး တံခါးမကြီးကို ပိတ်ထားဟန်ရှိသည် ။
(၁၂)
တံခါးမကြီးဟု
ဆိုသော်လည်း လူတစ်ယောက်ဝင်ယုံလောက်သာ အပေါက်ဖြစ်၏ ။
ပြတင်းပေါက်နားသို့သွားကာ အပြင်သို့ လေ့လာကြည့်သောအခါ လူရိုင်းများကား
ကျွန်ုပ်တို့ ရှိရာ အခန်းသို့ မျက်နာမူကာ ငြိမ်သက်စွာ ထိုင် နေကြ၏ ။ ဤ
အတိုင်းဆိုလျှင် ကျွန်ုပ်တို့ကား ရုပ်ထုကြီး၏ ၀မ်းဗိုက်အတွင်းရှိ
အခန်းတွင်းသို့ ရောက်နေ ဟန်တူ၏ ။
" ကျွီ...."
အခန်းတံခါးမှ
အသံမြည်လာကာ လူရိုင်းငါးယောက်ခန့် လှံရှည်များကိုင်ကာ ၀င်လာကြ၏ ။
ကျွန်ုပ်အား ထွန်းလူနှင့် ညိုမောင်တို့နား ထိုင်စေရန် ခြေဟန်လက်ဟန်နှင့်
ပြလေသည် ။ ကျွန်ုပ်လည်း အခြေအနေကို အကဲခတ် လိုရကား လူရိုင်းများ
ပြောသည့်အတိုင်းသွား ထိုင်လိုက်၏ ။ လူရိုင်းများသည် ကျွန်ုပ်အား
ဖမ်းဆီးစဉ်က ကျောက်လက်နက်များအား အကုန်သိမ်းသွားသော်လည်း
ကျွန်ုပ်ခြေနှစ်ချောင်းတွင် ကပ်ချည်ထား သော
ကျောက်ဓါးမြှောင်နှစ်ချောင်းကိုမူ မမြင်ဟန်တူကာ သိမ်းဆည်းခြင်းမပြုခဲ့ပေ ။
အရေးကြုံလာပါက အသုံးပြု ရန် ကြိုတင်စဉ်းစားထားလိုက်လေသည် ။ မကြာမီ
လူရိုင်းများသည် ကျွန်ုပ်တို့ သုံးဦးအား တစ်ဦးစီ လက်ပြန်ကြိုးတုပ်ကာ
အပေါက်ဝမှ ထွက်ရန် ခြေဟန်လက်ဟန်ဖြင့်ပြောလေသည် ။ ကျွန်ုပ်ကား ရှေ့ဆုံးမှ
ထွက်သွားလိုက်လေသည် ။
ကျွန်ုပ်တို့ သုံးဦး ထွက်လာသည်ကို မြင်သောအခါ
လူရိုင်းများသည် သူတို့ ဘာသာစကားဖြင့် ပျော်ရွှင်စွာ ကခုန်နေကြ လေသည် ။
ကျွန်ုပ်ချောင်းမြောင်းကြည့်စဉ်က ဤအပေါက်ဝမှနေ၍ လက်ပြန်ကြိုးတုပ်ထားသော
လူရိုင်းအား အရှင်လတ်လတ် သတ်ဖြတ်စားသောက်ကြသည်ကို တွေးမိသောအခါ
အနည်းငယ်တော့ သွေးပျက်သွား သည်မှာ အမှန်ပင် ။ သို့သော်
အန္တာရယ်နှင့်တွေ့လျှင် သွေးအေးတတ်သည့် ကျွန်ုပ်၏ဥာဉ်အတိုင်း
မီးစင်ကြည့်ကရန်သာ ဆုံး ဖြတ်လိုက်လေသည် ။ကျွန်ုပ်ထင်သည့်အတိုင်းပင် မကြာမီ
ခေါင်းဆောင် ရောက်လာပြီး ကျွန်ုပ်တို့ သုံးဦးအား ကြည့်ကာ
မနှစ်မြို့ဟန်နှင့် ၄င်းတို့ ဘာသာစကားနှင့် ဒေါသတကြီး ပြောဆိုနေ တော့သည် ။
မကြာမီ ခေါင်းဆောင်သည် သူ၏ လှံကို ကိုင်မြှောက်ကာ ကျွန်ုပ်တို့ သုံးဦးအား
သတ်ဖြတ်ရန် အမိန့်ပေးလိုက်လေတော့သည် ။ ၄င်း၏ အမိန့်ပေးစကား
ဆုံးဆုံးခြင်းပင် ကျွန်ုပ်လည်း ခွန်အားရှိ သမျှ ခုန်လိုက်ကာ ခေါင်းဆောင်၏
မျက်နှာအား မိမိရရ ကန်ချလိုက်လေသည် ။ အမှတ်တမဲ့ တိုက်ခိုက်မှုကြောင့်
လူရိုင်းများကား ကျွန်ုပ်ကို ကြောင်ပြီး ကြည့်နေကြသည် ။
ကျွန်ုပ်လည်း
အချိန်ဆွဲမနေတော့ပဲ ယိုင်ထွက်သွားသော ခေါင်းဆောင်၏ မျက်နှာအား လေတွင်ဝဲကာ
ကျွန်ုပ်၏ ဒူးခေါင်းနှင့် ခုန်ပျံတိုက်ချလိုက်လေသည် ။ ခေါင်းဆောင်ဖြစ်သူကား
ခေတ္တမျှ လောကကြီးနှင့် အဆက်ပြတ် သွားလေတော့သည် ။
" ပြေး..ပြေး...ညိုမောင် ထွန်းလူ အမြန်ပြေး "
ကျွန်ုပ်လည်း
သတိပေးကာ အနီးဆုံးလူရိုင်းအား ခြေနှင့် ရင်ဝအား ကန်ထည့်လိုက်လေသည် ။
ကျွန်ုပ်ကြိုးစားကာ တိတ်တဆိတ်ဖြေခဲ့သော လက်ပြန်ကြိုးမှာ လည်း
ပြုတ်သွားပြီဖြစ်၍ ဒင်းတို့အား ခြေမှ ကျောက်ဓါးနှစ်ချောင်းနှင့်
တိုက်ခိုက်ရတော့သည် ။ ညိုမောင်နှင့် ထွန်းလူတို့၏ လက်ပြန်ကြိုးများအား
ဖြေပေးလိုက်ကာ လူရိုင်းအုပ်ကြီး အား ဖောက်ထွက်ရန် ကြိုးစားရတော့သည် ။
သို့သော်
သကြားခဲကို ၀ိုင်းအုံသော ပုရွက်ဆိတ်များပမာ ။ လူရိုင်းများကား
ပိုမိုများပြားလာလေတော့သည် ။ ကြာလျှင် ကျွန်ုပ်တို့ ခြေကုန်လက်ပမ်းကျယုံသာ
ရှိတော့သည် ။ ထိုအခိုက် " ဒိုင်း..ဒိုင်း..ဒိုင်း..." သေနတ်သံများကို
ဆက်တိုက်ကြား လိုက်ရကာ လူရိုင်းများကား အတုန်းအရုန်းကျဆုံးကုန်လေတော့သည် ။
ကျွန်ုပ်တို့၏ ကယ်တင်ရှင် ကား ဒေါက်တာနိုင်ဇော် ။ သေနတ်ကို ကိုင်၍
စိမ်ပြေနပြေ လူရိုင်းများအား တစ်ယောက်ပြီး တစ်ယောက် ပစ်ချနေလေတော့သည် ။
လူရိုင်းများသည် သေနတ်သံကို လွန်စွာ ကြောက်ရွံ့ကာ ဖယိုဖရဲနှင့် ၀ါးစည်းပြေ
သကဲ့သို့ ဖြစ်နေလေတော့သည် ။
" လာဗျိှု့ ကိုသက်တန့် ဒီဖက်ကိုလာ ကျွန်တော်ခံပစ်ပေးထားမယ် ဒီဖက်ကို ဖောက်ထွက်ခဲ့ "
ဒေါက်တာနိုင်ဇော်ကား
ပါးစပ်မှလည်းပြော လက်မှလည်း လူရိုင်းများအား တရစပ်ပစ်ချနေလေတော့သည် ။
ကျွန်ုပ်တို့ကား ဒေါက်တာနိုင်ဇော်ဆီသို့ ရောက်အောင်ပြေးကာ ခံပစ်ပစ်ရင်း
လူရိုင်းများနှင့် ဝေးရာသို့ ထွက်ပြေး ခဲ့ကြလေတော့သည် ။ နာရီ ၃၀ ခန့်မျှ
မရပ်နားပဲ တရစပ် တောနက်ထဲသို့ ပြေးထွက်ခဲ့ကြလေတော့သည် ။ ဘယ်ရောက်လို့
ဘယ်ပေါက်နေမှန်းလည်း မသိတော့ပေ ။
လူရိုင်းများနှင့် အတော်ဝေးလောက်ပြီဟု ယူဆမှသာ ကျွန်ုပ်တို့လည်း အမောဖြေကြလေတော့သည် ။
" ဘယ့်နှယ့်တုန်း အတော်လန့်သွားကြသလားဗျို့ "
" ဟဟဟ ..အတော်လေးကောင်းတဲ့ အတွေ့အကြုံပါပဲဗျာ ဒီလို ခေတ်ကြီးထဲမှာ
ရှေးကျတဲ့ အသားစား လူရိုင်းတွေ ကျန်နေသေးတာ
ကျွန်တော်တော့်မစဉ်းစားတတ်အောင်ပါပဲ ကိုနိုင်ဇော်ရေ ဒါနဲ့ ခင်ဗျားလည်း
ဒီကျွန်းပေါ် ကို မျောပြီး ရောက်လာတာပဲလား "
"
ဟုတ်တယ်ဗျ မုန်းတိုင်းမိပြီး ကျွန်တော်လည်း သောင်ပြင်မှာလာတင်နေတာပဲ
ဒီကျွန်းပေါ်မှာ အတော် ကြောက်စ ရာကောင်းတဲ့ အကောင်တွေလည်း ရှိတယ်ဗျို့
နောက်ပြီး ဒီလူရိုင်းတွေကို ကျနော်တွေ့တာ ကြာပြီဗျ ဒီကောင်တွေက
ဒီကျွန်းပေါ်မှာ နှစ်ပေါင်း ရာချီပြီး နေနေတဲ့ကောင်တွေ ပြင်ပလောကနဲ့
အဆက်ပြတ်နေ တာပေါ့ဗျာ နောက်ပြီး အရေးကြီးတာ တစ်ချက်ရှိသေးတယ်ဗျ မြေပုံပေါ်က
ရတနာတွေ ရှိတဲ့နေရာကို ကျွန်တော် တွေ့ထားပြီးပြီဗျ "
" ဟုတ်လား ဒီကျွန်းပေါ်မှာ ပဲလားဗျ "
"
ဟုတ်ပါ့ အရင်ကတော့ ပင်လယ်ဓါးပြတွေက ဂူတွေထဲမှာ ၀ှက်ထားခဲ့ကြတာဗျ နောက်တော့
လူရိုင်းတွေက ရတနာတွေတွေ့ပြီး သူတို့ ရုပ်ထုကြီးကို ပူဇော်ပသဖို့
ရုပ်ထုကြီးရဲ့ ၀မ်းဗိုက်ထဲက အခန်းထဲကို ရွေ့ထားကြလိုက်ကြတယ်နဲ့ တူတယ်ဗျ
ဒီတော့ ကျွန်တော်တို့ အခုလုပ်ကြရမှာက ရတနာတွေမယူပဲနဲ့ ဖောင်ဖွဲ့ပြီး
ကျွန်းနီကြီးဆီပဲ ပြန်သွားကြမလား ဒါမှမဟုတ် လူရိုင်းတွေဆီင်္
တစ်ခေါက်ပြန်ပြီး ရတနာတွေ ပြန်ယူကြမလားဗျို့ "
"
အင်းစဉ်းစားစရာပဲဗျို့ ကျွန်တော့်သဘောကတော့ ရတနာတွေကို ဘာမဟုတ်တဲ့ နေရာမှာ
တိမ်မြုပ် ပျောက် ကွယ်မနေစေချင်ဘူး ဒီတော့ ရတနာတွေ ပြန်ယူမယ်လို့
စဉ်းစားတယ် ကိုနိုင်ဇော်ကရော "
"
ကျုပ်လည်း ဒီအတိုင်းပဲဗျို့ ရရင်လည်းစံ မရရင်လည်းခံပေါ့ ရခဲ့ရင်
နိုင်ငံတော်ကို တစ်ဝက်လှူမယ်ဗျာ ကျန်တစ် ၀က်ကို
ကျွန်တော်တို့ခွဲဝေယူကြတာပေါ့ ကဲ ညိုမောင်နဲ့ ထွန်းလူတို့ သဘောကရော "
" ကျွန်တော်တို့ကတော့ ခုနက တိုက်ပွဲကို ကြုံပြီးကတည်းက ဆရာတို့ ရှိမယ်ဆို ဘယ်ပဲလိုက်ရလိုက်ရ လိုက်ဝံ့ပြီး သားပါဗျာ "
ဟုပြေလေသည်
။ ကျွန်ုပ်လည်း ရုတ်တရက်စကားပြောနေရာမှာ ခြေထောက်မှ ကျောက်ဓါးဖြင့်
ဒေါက်တာ နိုင်ဇော်၏ မျက်နှာအား လှမ်း၍ ပေါက်လိုက်လေသည် ။
ဒေါက်တာနိုင်ဇော်ကား စိတ်လှုပ်ရှားဟန်မပြပဲ ငြိမ်သက် စွာ ပင်ရှိလေသည် ။
အပိုင်း (၅) မျှော်
သက်တန့်ချို (၂၇ ဧပရယ် ၂၀၁၀)
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့)
လေ့လာမိသမျှ၊ စုစည်းမိသမျှ
မျှဝေခြင်းတစ်ခုဟာလည်း
စေတနာတစ်ခုပါ....။
No comments:
Post a Comment