ကျွန်ုပ်နှင့် သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁)
ပတ်ဝန်းကျင်က
သုဿန်တစ်စပြင်နှယ် တိတ်ဆိတ်ခြောက်ကပ်လွန်းနေသည် ။ အချိန် ကိုခန့်မှန်း
ကြည့်လိုက် တော့ ညနေ ၄ နာရီထိုးပြီ ။ တိုက်ပျက်တစ်လုံးကိုမှီပြီး
မနေ့ကစတိုးဆိုင်မှယူခဲ့သော ပေါင်မုန့် တစ်လုံးအား အဆာ ပြေထိုင်စားနေမိသည် ။
ထိုအခိုက် ညည်းသံလိုလို ကြားလိုက်ရ၍ ကျွန်ုပ်၏ စိတ်ဝိဥာဉ်ကို
ပတ်ဝန်းကျင်သို့ စူးစမ်းပို့လွှတ်လိုက်ရသည် ။ အရိပ်.... အရိပ်
ဒီလိုအရိပ်များကို မြင်လိုက်ကတည်းက ကျွန်ုပ် အလို လို မတ်တပ်ရပ်မိသွားသည် ။
" သွေးစုပ်ကောင် "
တစ်နည်းအားဖြင့်
သွေးဆာနေသော လူသားတစ်ဦး ။ ကျွန်ုပ်အနီးသို့ ချဉ်းကပ်လာချေပြီ ။
ကျွန်ုပ်လည်း လက် ထဲမှ အူဇီ သေနတ်အား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး အနီးမှ
သေတ္တာတစ်လုံးနောက်သို့ ၀င်ရောက် ပုန်းခို လိုက်လေ၏ ။ ဟော... လာပါပြီ
....ခန္တာကိုယ်ကို ယိုင်တိုင်ယိုင်တိုင်လျောက်လာရင်း ကျွန်ုပ်၏ လူသားအနံ့
(တနည်းဆိုရသော် သွေးနံ့) ကို ရှာဖွေနေဟန်ရှိသည် ။ ဘုရားရေ...
သွေးစုပ်ကောင်ကားကျွန်ုပ်ပုန်းခိုရာ သေတ္တာဆီသို့ တရွေ့ရွေ့လျောက်လာနေချေပြီ
။
“ ကလစ်”
လိုရမယ်ရ သေနတ်မောင်းအား တင်ထားလိုက်သည် ။
ပတ်ဝန်းကျင်ကား
အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်ခြောက်ခြားလွန်းနေသည် ။ ထိုအခိုက်
ကျွန်ုပ် နှင့် ခပ်လှမ်းလှမ်း ၂ တိုက်ကျော်လောက်မှ အော်သံတစ်ခုအား
ကျယ်လောင်စွာ ကြားလိုက်ရသည် ။
" အား "
အသံနက်ကြီးကြောင့်
သွေးစုပ်ကောင်လည်း ကျွန်ုပ်ရှိရာသို့ ဆက်မလာတော့ပဲ အသံကြားရာ တိုက်ဆီသို့
တရွေ့ရွေ့ ထွက်ခွာသွားလေသည် ။ ထိုအခါမှ ကျွန်ုပ်လည်းသက်ပြင်းချကာ
သွေးစုပ်ကောင်အား ကြည့်မိ လိုက်တော့ သွေးသံရဲရဲ ပေစွန်းနေသော ရှပ်အင်္ကျီ
အဖြူနှင့် အောက်ဖက်မှ စတိုင်ဘောင်းဘီအနက်ကတော့ စုပ်ပြဲ လျှက်ရှိလေသည် ။
ရုတ်တရက်သွေးစုပ်ကောင်က လည်ပြန်လှည့်ကြည့်၍ ကျွန်ုပ်မှာ လျှင်မြန်စွာ
ဝပ်ချလိုက်ရလေသည် ။ သွေးစုပ်ကောင်ကား တရွေ့ရွေ့သွားရင်း အသံကြားရာ
တိုက်ပျက်အတွင်းသို့ ၀င်သွား လေ သည် ။ ကျွန်ုပ်လည်း
ဤနေရာတွင်ဆက်လက်ပုန်းခိုရန် မသင့်လျော်သဖြင့် သေတ္တာဘေးမှ ထွက်ကာ တိုက်ဘေး
မှအသာကပ်၍ ထွက်လာခဲ့လေသည် ။ ရှေ့တွင်လမ်းကြာတးစ်ခု ....။ ဟိုဖက်တိုက်သို့
သွားနိုင်ရန် ဒီလမ်းကြားကို ဖြတ်ကူးမှရနိုင်ပေမည် ။ ကျွန်ုပ်လည်း
လမ်းကြားထဲ၌ အန္တရာယ်ကင်းမကင်းသိနိုင်ရန် တိုက် အစွန်းလေကို ကွယ်၍
အသာချောင်းကြည့်လိုက်လေသည် ။ မြင်ကွင်းက လွန်စွာ အသဲယား ထိတ်လန့် ဖွယ်ရာပင်
။ လတ်တလော ၄င်းတို့ တိုက်ခိုက်၍ သေဆုံးခဲ့ရသော အလောင်းတလောင်းအား
ဝိုင်းဝန်းစား သောက်နေကြသော သွေးစုပ်ကောင် ၆ ကောင်... ။
သူတို့အရှိန်နှင့်သူတို့မို့ ကျွန်ုပ်အား သတိပြုမိဟန်မပေါ်ပေ ။
လမ်းကြားလေးကား
သွေးညှီနဲ့တို့ဖြင့် မြင်မကောင်းလောက်အောင် ပေကျံပွပလဲလျှက်ရှိသည် ။
ကျွန်ုပ်လည်း မထူး တော့ပြီမို့ လမ်းကြားအား အရဲစွန့်ကာ ဖြတ်ကူးလိုက်လေသည် ။
ကံဆိုးလှစွာပင် သွေးစုပ် ကောင် တစ်ဦးကား ကျွန်ုပ်အား
မြင်တွေ့သွားခဲ့ချေပြီ ။ ကျွန်ုပ်လည်း ပတ်ဝန်းကျင်ကို လေ့လာလိုက်ရာ မှောင်စ
ပြုလာပြီ ဖြစ်သဖြင့် အန္တရာယ်ကြားတွင် ဆက်လက်သွားလာရန် မဖြစ်နိုင်သည်က
တကြောင်း ၊ သွေးစုပ်ကောင် ၆ ဦးကား ကျွန်ုပ်ကို
တွေ့မြင်သွားပြီဖြစ်၍လိုက်လာပြီက တကြောင်းကြောင့် နီးစပ်ရာ
တိုက်ပျက်အိုကြီးအတွင်းသို့ လှစ်ကနဲဝင်လိုက်လေသည် ။ လူမနေသည်မှာ
ကြာပြီဖြစ်၍ ဖုန်တလူးလူးဖြင့် ညှီစို့စို့ အနံ့ကြီးကြောင့်
အော်ဂလီဆန်သွားမိသည် ။ စိတ်ကို လျှင်မြင်စွာ ချုပ်တည်း ရင်း
အိမ်ကြီးအတွင်းသို့ လေ့လာလိုက်သည် ။ အောက်ထပ်တွင် အခန်းက ငါးခန်း ၊
အပေါ်ထပ်ကြီးသို့ တက်သော လှေကား ၂စင်းကား ခန့်ထည်လှသော်လည်း
အချို့နေရာများတွင် လှေကားထစ်များ မရှိတော့ပေ ။ ထိုအခိုက် အနောက်ဖက်မှ
ခြေသံများ ကြားလာ၍ ညာဖက်ရှိ တံခါးတစ်ခုအားဖွင့်၍ ၀င်လိုက်၏ ။
သွေးစုပ်ကောင်များ လိုက်လာကြပေပြီ ။ ကျွန်ုပ်ဝင်မိသော အခန်းကား
စတိုခန်းတစ်ခု ဖြစ်ဟန်တူသည် ။ ပြတင်းပေါက်တစ်ခုမှ မရှိပဲ
ပစ္စည်းအစုတ်များနှင့် ကားတာယာ အဟောင်းများနှင့် တိုလီမုတ်စပစ္စည်းများကို
တွေ့ရလေသည် ။ ဘီဒိုဟောင်းတစ်ခုကိုလည်း တွေ့ရလေသည် ။ သွေးစုပ်ကောင်များ
လိုက်၍ မ၀င်လာစေရန် အတွင်းဖက်မှ တံခါးချက်အား ချထားလိုက်သည်။ ဘီဒိုသို့
လျောက်သွား၍ လေ့လာကြည့်လိုက်ရာ ယမ်းမှုန့်တစ်ဘူးနှင့် ၉/၁၀ ဂွင်းဂွ
တစ်ချောင်းသာ အကောင်း တွေ့ရလေသည် ။ ကျွန်ုပ်လည်း ထွေထွေ ထူးထူး
စဉ်းစားမနေတော့ပဲ ယမ်းမှုန့်ဘူးအားယူ၍ ဂွအား လိုရမယ်ရ ဘောင်း
ဘီအိတ်ထဲထည့်ထားလိုက်သည်။
အခန်းကို မျက်စိကစားလိုက်တော့
ထွက်ပေါက်ဟူ၍ မတွေ့လိုက်ရ၍ လွန်စွာ စိတ်ပျက်သွားမိကြောင်း ၀န်ခံရပေမည် ။
သို့ရာတွင် အန္တရာယ်စွန့်စားခန်းများနှင့် ကြုံမှ စားဝင်အိပ်ပျော်သော
ကျွန်ုပ်၏ ဥာဉ်အတိုင်း ခဏ ကြာလျှင် စိတ်ပျက်အားငယ်မှုတို့မှာ အဝေးဆီသို့
လွင့်ပျောက်သွားလေတော့သည် ။ အလို....အခန်းထောင့် ကြမ်းပြင်တွင် ပတ္တာတစ်ခု
...။ ကျွန်ုပ်လည်း ထိုအနီးအနားသို့သွား၍ ဖုန်များကို ခါထုတ်လိုက်ရာ ကံအား
လျော်စွာပင် အောက်ခြေသို့ ဆင်းမည့်တံခါးတစ်ချုပ်ဖြစ်နေလေသည် ။
" ဒုန်း...ဒုန်း....ဒုန်း...."
တံခါးကို
လာထုသံများကြောင့် ကျွန်ုပ်နေထိုင်ရာ အခန်းအတွင်းသို့
မကြာခင်သွေးစုပ်ကောင်များ ၀င်လာ တော့မည် ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည် ။
အချိန်ဆွဲမနေတော့ပဲ ပတ္တာအား ဆွဲမကြည့်လိုက်ရာ လွယ်ကူစွာ ပင် ပွင့်လာလေသည် ။
" ဒုန်း.....ဒုန်း "
တံခါးအား
အပြင်မှ ပစ္စည်း တစ်မျိုးမျိုးဖြင့် ထုရိုက်ဖျက်ဆီးနေဟန်ရှိလေသည် ။
ကျွန်ုပ်လည်း တံခါးပွင့်ပွင့်ချင်း မြေ အောက်ခန်းသို့ လျှင်မြန်စွာ ဆင်းကာ
တံခါးအား ဆွဲပိတ်လိုက်လေသည် ။
“ ၀ုန်း”
ကျွန်ုပ်လည်း
မြေအောက်တံခါး အပိတ် တံခါးမကြီးလည်း ပွင့်ထွက်ချိန်
တပြိုင်တည်းဖြစ်ခဲ့ဟန်တူသည် ။ သေချာ စေရန်အတွင်းဖက်မှ ဂျက်ကို ထိုးကား
အသံတိတ်နေရလေသည် ။
အပေါ်ထပ်ကြမ်းပြင်မှ ခြေသံများကို
အတိုင်းသားကြားနေရသည် ။ ။ ကျွန်ုပ်ကံဆိုးလွန်း၍ ဤ သွေးစုပ် ကောင်များ
မြေအောက်ခန်းအတွင်းသို့လိုက်ဆင်းလာလျှင် ကျွန်ုပ်မှာ ရှောင်ပြေးစရာ
မြေမရှိတော့ပေ ။ ခါးမှ ကျည်ဆံကို စမ်းကြည့်တော့ ငါးတောင့်သာ ကျန်တော့သည် ။
မဖြစ်သေး ဒီကျည်ဆံကို အကုန်သုံး၍ မဖြစ်နိုင် မှန်းကျွန်ုပ် သိနေသည် ။
ရှေ့ဆက်ရမည့်ခရီး ... ဒီမြို့လေးထဲမှ လွတ်မြောက်နိုင်မည့်မျှော်လင့်ချက်ကား
မှုန်ပျပျသာ... ။ သွေးစုပ် ကောင်များမြေအောက်တံခါးအား ရှာမတွေ့ပါစေနဲ့ဟု
ဆုတောင်းရန်မှတပါး အခြားမရှိတော့ပေ ။
၅ မိနစ်.....၁၀ မိနစ်......၁၅
မိနစ်.......ခြေသံများ တိတ်ဆိတ်သွားကြတော့မှ ကျွန်ုပ်လည်း သက်ပြင်းချ
နိုင်ပေသည် ။ ယခုမှ မြေအောက်ခန်းကို သေချာကြည့်မိတော့သည် ။ အခန်းကား အတော်
ကျယ်ဝန်း ဟန်ရှိ လေသည် ။ စားပွဲပေါ်တွင် မှန်အိမ်တစ်လုံးကို တွေ့ရ၍
မီးထွန်းလိုက်ရာ အတော်အသင့် လင်းရှင်းသွား လေသည် ။ ဤ မြေအောက်ခန်းသည်
ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးခိုကျင်း ဖြစ်ခဲ့ဟန်တူသည် ။ ကျွန်ုပ်လည်း
ထောင့်တစ် ထောင့်သွား၍ ခြေပစ်လက်ပစ်ထိုင်ချလိုက်လေသည် ။ ကျွန်ုပ်နှင့်အတူ ဤ
ခရီးကို လာခဲ့သော ဒေါက်တာ နိုင်ဇော် ၊ သီတာဆိုသော ကောင်မလေး ၊ ညိုမောင် ၊
ထွန်းလူတို့ ဘယ်ရောက်ကုန်သနည်း ။ သူတို့ရော အ သက်မှ ရှင်သေးရဲ့လားဟု
ကျွန်ုပ်တွေးနေမိသည် ။ အမှန်စင်စစ် ဤခရီးပေါ်ပေါက်လာရသော အကြောင်း
ရင်းကား.............။
အပိုင်း (၂) မျှော်.....။
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့)
လေ့လာမိသမျှ၊ စုစည်းမိသမျှ
မျှဝေခြင်းတစ်ခုဟာလည်း
စေတနာတစ်ခုပါ....။
No comments:
Post a Comment