ကိသာဂေါတမီကို လူမသေဖူးတဲ့အိမ်က မုန်ညင်းဆီယူခိုင်းတဲ့ ဇာတ်တော်ကလေး မြန်မာတိုင်း ကြားဖူးကြပါတယ်။ လူဆိုတာ သေမျိုးမို့လို့ ငယ်ငယ်ရွယ်ရွယ် မမှတ်မိသေးခင် ကလေးဘ၀က ကိုယ်ကိုယ်တိုင်သေသွားတာ မဟုတ်ရင် တစ်ချိန်မဟုတ်တစ်ချိန်တော့ ကိုယ့်အိမ်က မိသားစုဝင်တစ်ယောက်ယောက် သေဆုံးခွဲခွာသွားတဲ့အဖြစ်ကို တွေ့ရကြုံရပါဦးမယ်။ အဲသလိုအခါမျိုးမှာ ကိုယ်နေထိုင်ရာအိမ်ဂေဟာကြီးကို ဘယ်လိုပဲ ပျော်ရွှင်စရာ သီရိဂေဟာ၊ မင်္ဂလာရိပ်မြုံ၊ ဇမ္ဗူ့ကျက်သရေ နံမည်တွေ ပေးထားထား၊ အရပ်ကခေါ်ကြမယ့် နံမည်က တစ်မျိုးပဲ ရှိတယ်။ မသာအိမ် တဲ့။ ကုန်းဘောင်မင်းဆက်ရဲ့ ပိုင်အိုးနီးယားကြီး ဦးအောင်ဇေယျတောင် ရွှေပေလွှာကြီးနဲ့အပြည့် ကင်ပွန်းတပ်ထားတဲ့ ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာ ဘာညာသာရကာတို့ပိုင်စိုးတော်မူသေ
ကိုယ်တွေငယ်ငယ်ကတော့ အရပ်ထဲမှာ နာရေးဖြစ်တဲ့အိမ်ဆို သိပ်ကြောက်တာပဲ။ အနားကတောင် ဖြတ်မလျှောက်ရဲဘူး။ ခပ်လှမ်းလှမ်းက ရှောင်သွားတယ်။ ဘာကိုကြောက်တာလဲဆိုတော့ သရဲကြောက်တာလေ။ အိမ်နားက အဒေါ်ကြီးတွေက ပြောပြတယ်။ လူသေရင် ခုနှစ်ရက်အထိတော့ လိပ်ပြာကလေးက အိမ်မှာနေသေးတယ်။ ခုနှစ်ရက်ပြည့်တော့မှ ရက်လည်ဆွမ်းသွပ်တရားနာ သာဓုခေါ်ပြီး သူသွားရမယ့် နောက်ဘ၀ကို ကူးရတာ။ အဲ့သည်နောက်ဆုံးညဆိုရင် လာနှုတ်ဆက်တတ်တယ်။ ချိုးချိုးချွတ်ချွတ် ဂလောင်ဂလွမ် အသံတွေ ပေးတတ်တယ်။ ထမကြည့်နဲ့။ အမျှအတမ်းဝေပေးလိုက်။ အဲသည်ခုနှစ်ရက်ကိုတောင် အိမ်စောင့်နတ်က ပေးမနေမှာစိုးတဲ့အတွက် အိမ်တွင်းမင်းမဟာဂီရိ နတ်အုန်းသီးကြီးကို ခနလောက်တော့ ခွင့်ပြုပါဦးဖျားဆိုပြီး ဖြုတ်ထားပေးရတယ်။ ရက်လည်ပြီးမှ အသစ်ပြန်လဲရသတဲ့။ အိမ်တန်းတန်းမတ်မတ် မပြန်ပဲ အလည်လွန်နေမှာစိုးလို့လည်း အသုဘချတဲ့နေ့မှာ ရင်ဘတ်ပေါ်တင်ထားတဲ့ ပန်းကလေးတစ်ပွင့်ကို လာ လိုက်ခဲ့ဆို လိပ်ပြာခေါ်လာရတယ်တဲ့။ လိပ်ပြာခေါ်လာတဲ့လူက ဘယ်မှမ၀င်ပဲ အိမ်ကိုတန်းပြန်ရတယ်။ လမ်းမှာ ဘယ်သူနဲ့မှ စကားမပြောရဘူး။ သူများကခေါ်လည်း မထူးရဘူး။ လှည့်မကြည့်ရဘူး။ လိပ်ပြာကလေးလွင့်သွားမှာ စိုးလို့တဲ့။ သေတဲ့သူက ဟိုဘက်မှာ ခရီးဆက်ရဦးမှာ လမ်းမှာစားဖို့ စားမြိန်စာထုပ် (ထမင်းထုပ်)ကလေး ကို အခေါင်းပေါ်တင်ပေးလိုက်ရတယ်။ သူကြိုက်တတ်ရင် ဆေးလိပ်၊ ကွမ်းယာ၊ မီးဖြစ်ကလေးပါ ပါတော့ ပိုကောင်းတာပေါ့။ တမလွန်ရွာကို ကူးဖို့ ကူးတို့ခလမ်းစားရိတ် ငွေတစ်မတ်ကိုတော့ အလောင်းရဲ့ ပါးစပ်ထဲက ထည့်ပေးလိုက်ရတယ်။ ဟိုဘက်မရောက်ပဲ သည်ဘက်ပြန်လာမှာစိုးလို့ထင်တယ်။
တကယ်တော့ အဲသည်အယူဝါဒတွေက ဗုဒ္ဓဘာသာမပေါ်မီကတည်းကိုက ရှိနှင့်ပြီးပုံရပါတယ်။ ဘာဖြစ်လို့ဆိုတော့ ဘုရားဟောနဲ့ နည်းနည်းမှ မကိုက်ညီပဲ ဖီလာဆန့်ကျင်နေတာကိုး။ ကိုယ်တို့ဘာသာမှာ နောင်တမလွန်ဘ၀ဆိုတာ ယုံကြည်သော်လည်းပဲ ၀ိဥာဉ်ကောင်၊ လိပ်ပြာကောင်ဆိုတာ ရှိမှ မရှိပဲနဲ့။ သည်ဘက်ဘ၀က သေလွန်ရင် သူ့ရဲ့ဘ၀တဏှာမီးတောက်ကလေးက ဟိုဘက်ဆီမီးခွက်ကို လှမ်းကူးလိုက်သည့်အလား အခြားမရှိ၊ စုတေစိတ်ကျပြီးတာနဲ့ ဇာတိစိတ်ကလေး ဖြစ်သွားသတဲ့။ ဒါပေမယ့်လည်း လူတွေသေတယ်ဆိုတာ ဘယ်ဘုရားရှင်သာသနာမှ မပေါ်ထွန်းမီကတည်းက ရှိနှင့်တာဆိုတော့ သေခြင်းတရားနဲ့ ပတ်သက်ပြီး သူတို့စိတ်ထဲ ယုံကြည်သလို၊ မျှော်လင့်သလို၊ တွေးမိသလို လုပ်ကိုင်ဆောင်ရွက်လာခဲ့ကြတာ နှစ်ပေါင်းကြာလာတော့ ရှေးထုံးဓလေ့တွေ ဖြစ်ကုန်နှင့်တာ နေပါလိမ့်မယ်။ ကိုယ်တို့ယုံကြည်နေတဲ့ တမလွန်မြစ်ထဲက လှေသမားကြီးကို ကူးတို့ခပေးရတာရယ်၊ မေ့ပင်ကြီးအောက်ကိုရောက်တော့ သည်ဘ၀မှာ ဖြစ်ပျက်ပတ်သက်ခဲ့သမျှ အကုန်မေ့သွားရတာတွေ၊(အဲသည်အပင်ေ
တမလွန်ရွာက တရားသူကြီးက “မင်း လူ့ဘ၀တုန်းက ဘာတွေ ကုသိုလ်ကောင်းမှုလုပ်ခဲ့သတုန်း” လို့ ပြန်စစ်ဆေးတယ်ဆိုတာတွေက တရုတ်ပြည်က ပေါက်ဖော်ကြီးတွေလည်း မနီးယိုးစွဲ ယုံကြည်ကြသလို၊ ဂရိနတ်ဘုရားပုံပြင်တွေထဲက အယူဝါဒတွေနဲ့လည်း ခပ်ဆင်ဆင်တူပါတယ်။ ၀ူခုန်းကားထဲမှာ ယမမင်းဆီက သေစာရင်းစာအုပ်ကြီးထဲမှာ သူ့နံမယ်သွားဖျက်ထားလို့ စွန်းဝူခုန်းလေး အမတဖြစ်သွားတာ၊ မြေအောက်ကမ္ဘာကို ဟေးဒီးစ်ကြီးက ပိုင်စိုးပြီး သေလွန်သူတွေကို အုပ်ချုပ်တာတွေက သူတို့လည်း ဒါမျိုးတွေ အတူတူ ယုံကြတယ်လို့ ပြတာပါ။ ဖာရိုဘုရင်မင်းမြတ်တွေ ပိရမစ်ကြီးတွေ ဆောက်သွားတာကိုပဲ ကြည့်ကြည့်၊ တရုတ်ပြည်က ပထမမြောက် ဧကရာဇ်ကြီး မဟာတံတိုင်းကြီးနဲ့ သင်္ချိုင်းတော်ကြီးဆောက်သွားတာကိ
ထားပါလေ။ နာရေး။ အသုဘနဲ့ ပတ်သက်လာရင် ဘယ်လိုပဲ ၀ိညာဉ်လိပ်ပြာ မယုံပါဘူးဆိုတဲ့ ဗုဒ္ဓဘာသာတွေတောင် ဘုန်းကြီးပျံလုပ်တဲ့အခါ ခေါင်းတလား၊ လောင်တိုက်၊ ဒုံးစင်တွေနဲ့ ဆရာတော်ဘုရားကြီး နတ်ပြည်စံတဲ့ဇာတ်ကို ဧယျာဉ်တွေကျူးလိုက်၊ မီးရှူးတွေလွှတ်လိုက်နဲ့ ကနေကြတာပဲ မဟုတ်လား။ နိဗ္ဗာန်ရောက်သွားလို့ တိတ်တိတ်ဆိတ်ဆိတ် လွှတ်လိုက်သည် လို့မှ မရှိပဲနဲ့။ ယုံတာ မယုံတာကတော့ ကိုယ့်သဘောပါလေ။ ဒါပေမယ့် ရှေးရှေးကတည်းက ပြုနေကျ ဓလေ့ထုံးစံတွေကိုတော့ အငြင်းအခုန်လုပ်မနေပဲ ဘာမှမှ အပန်းမကြီးတာဆိုပြီး လိုက်လျောလိုက်ကြတာ အကျင့်ပါသွားကြတာနဲ့တူပါတယ်။
ကိုယ်ကိုယ်တိုင်လည်း သည်တစ်သက်မှာ နာရေးနှစ်ခါ ကြုံပြီးပါပြီ။ အဖေတုန်းကတစ်ခါ၊ အဖွားတုန်းကတစ်ခါ။ “ဒါတွေကို ယုံတာလား။ မယုံဘူးလား။” လို့မေးရင် “ယုံတယ်လည်း မဟုတ်ဘူး။ မယုံဘူးလည်း မဟုတ်ဘူး။ ဒါပေမယ့် ထုံးစံရှိသမျှတော့ ထုံးစံအတိုင်း လိုက်လုပ်ပေးမှာ ဘယ်ဟာမှ မကျန်စေချင်ဘူး” လို့ ပြောရမှာပဲ။ ကလေးဘ၀ကတည်းက အင်မတန် သရဲကြောက်တတ်တာဟာ ကိုယ့်အိမ်မှာ နာရေးဖြစ်ပြီး ဖအေတစ်ယောက်လုံးဆုံးတဲ့အခါ အမြစ်ပြတ်အောင် ပျောက်သွားတယ်။ ကိုယ့်ကို လာခြောက်မှာ စိုးလို့ မဟုတ်ဘူး။ လာမခြောက်မှာစိုးလို့ မျှော်မိတာ။ မဆုံးခင်ညက သူကိုယ့်ကို အင်မတန်မှ စိတ်မချသောမျက်လုံးကြီးနဲ့ ကြည့်တယ်။ သူရောကိုယ်ရော မနေရတော့ဘူးလို့ စိတ်ထဲမှာ အလိုလို ခံစားမိတယ်။ ဘာတွေပြောချင်နေခဲ့လဲ။ ဘာတွေ မှာချင်နေခဲ့လဲ။ လုံးဝ အစပျောက် ထွက်ခွာသွားမှာထက်စာရင် တစ်ပတ်ကလေးပဲဖြစ်ဖြစ်။ ၀ိညာဉ်အဖြစ်နဲ့ပဲဖြစ်ဖြစ် သည်အိမ်ထဲမှာ အတူတူ ရှိနေစေချင်သေးတယ်။ သူနှုတ်ဆက်လာမှာကလေးကို မြင်ချင်ကြားချင်နေသေးတယ်။ ထားပါတော့လေ။ ကိုယ့်အဖေဟာ ခုနှစ်ရက်ပတ်လုံး တစ္ဆေကြီးအဖြစ်နဲ့ သည်အိမ်ထဲမှာ ရှိနေသေးတယ်ဆိုရင် အဲသည်တစ္ဆေကို ကိုယ်တွေ့ချင်သေးတယ်။ တစ္ဆေဆိုတာ ဘ၀ချင်းခြားသွားတာပဲ ရှိတယ်။ ကြောက်စရာ မဟုတ်ဘူး လို့ ပထမဦးဆုံး နားလည်လာပါတယ်။
ဒါပေမယ့် ဘာအရိပ်အယောင်မှ မမြင်ခဲ့ရပါဘူး။ ဒါဆိုလည်း မယုံနဲ့ပေါ့။ အဓိပ္ပါယ်မှ မရှိတာ လို့လည်း မပြောနိုင်ပြန်ဘူး။ လောကကြီးမှာ လူတွေနားမလည်နိုင်တဲ့ အခြင်းအရာတွေ တကယ်ရှိတာ အမှန်ပါ။ တမလွန်မှာ သူစားရသလား မစားရသလားတော့ ကိုယ်သေချာမသိနိုင်ပါဘူး။ ဒါပေမယ့် သူ့အတွက် လိပ်ပြာခေါ်လာတဲ့ ဓါတ်ပုံရှေ့က နှင်းဆီပွင့်ကလေးနားမှာ ထမင်းတွေ ဟင်းတွေ ပြင်ထားပြီးရင် အသက်ရှိစဉ်က ထမင်းစားတုန်း ဘေးက ယပ်ခတ်ပေးရသလို စိတ်ထဲခံစားရပါတယ်။ အဖိုးဆုံးတုန်းက အဖွားက သူအင်မတန်ကြိုက်တတ်တဲ့ စီးကရက်ကလေးတွေကို သံဗူးလိုက် အခေါင်းထဲထည့်ပေးလိုက်တယ် လို့ ပြောတာကြားဖူးတယ်။ ဟိုက သောက်ရမသောက်ရ မသိပေမယ့် အဖွားကြည့်ရတာ လူချင်းတွေ့ပြီး ဆေးလိပ်ဗူးကမ်းပေးလိုက်ရသလို ကျေနပ်နေပုံရတယ်။ နောက်ဆုံးတော့ သည်အသေးအဖွဲကလေးတွေဟာ ယုံကြည်ချက်ဆိုတာထက်စာရင် အလွမ်းပြေလို့ ပြောရရင် ပိုမှန်ပါလိမ့်မယ်။ ရက်မလည်ခင် သည်တစ်ပတ်ကလေးပဲ လုပ်ခွင့်ရှိတာ။ မလုပ်လိုက်ရမှာစိုးလို့ လုပ်ကိုလုပ်တယ်။
အဖွားဆုံးတဲ့အခါ သူကအိမ်မှာ ဘယ်သူ့မှ လာမနှုတ်ဆက်ပါဘူး။ ဒါပေမယ့် ကိုယ်တို့နေ့တိုင်း ဆွမ်းချိုင့်ပို့နေကျ ဘုန်းကြီးကျောင်းကိုတော့ သွားတယ်။ ဘုရားတက်ကန်တော့တယ်။ အဲသည်ကျောင်းအိုကြီးက သူအမိုးမိုးထားတာ။ ကျောင်းတိုင်မှာ သူ့ဓါတ်ပုံချိတ်ထားတာရှိတယ်။ သူနဲ့အတူ ကလေးမလေးနှစ်ယောက် အဖော်ပါသတဲ့။ ဘုရားကန်တော့။ ဓါတ်ပုံရှေ့မှာ ရပ်ပြီး စကားပြော၊ ကျောင်းတစ်ပတ်ပတ်ကြည့်ပြီး ပြန်ဆင်းသွားသတဲ့။ ဆရာတော်ကြီးက မေးတာ ပြန်မပြောဘူးတဲ့။ ကိုရင်လေးကတော့ ကျောင်းပေါ်ကဆင်းပြေးသွားတယ်။ သေပြီးတဲ့သူကို အဲသလိုမျိုး မျက်စိနဲ့တပ်အပ်မြင်ရတာ တကယ်ရှိလို့လား။ ကြုံဖူးလို့လား လို့ မေးရင် ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် အိပ်နေတာလား၊ နိုးနေတာလား မကွဲပြားတဲ့အချိန်မှာ ရိပ်ကနဲအနားရောက်လာတာ ဘယ်သူဘယ်ဝါမှန်း သဲသဲကွဲကွဲသိလိုက်ပြီးတဲ့ နောက်တစ်နေ့ကျမှ “မရှိတော့ဘူး ဆုံးပြီ” လို့ သတင်းကြားတဲ့အခါ မအံ့သြတော့ဘူး။ တစ်ယောက်ယောက်ကို ၀င်ပူးပြီးပြောတာမျိုးတော့ သုံးလေးခါ မြင်ဖူးတယ်။ “ယုံတယ်”လို့ မပြောနိုင်ပေမယ့် “မယုံဘူး” လို့လည်း မပြောနိုင်ဘူး။ ဟိုမှာ သေပြီဆိုတာ အခု သူကိုယ်တိုင်လာပြောတော့မှ သိရတာ။ အလောင်းရှာမရသေးရင် သူပြောတဲ့နေရာမှာ ကန်တော့ပွဲပေးပြီး ရှာမှတွေ့တာ။ မျက်စိ၊ နား၊ နှာ၊ လျှာ။ ကိုယ်၊ စိတ် လို့ခေါ်တဲ့ အာရုံဒွာရတွေထဲမှာ စိတ်အာရုံဆိုတာကြီးက ဆန်းကျယ်တယ်။ ဘာမှန်းမသိပဲ အလိုလို ခံစားမိနေတဲ့အခါတွေ ရှိတယ်။ ကိုယ်နားမလည်နိုင်တဲ့ ကိစ္စတွေမှာ ယုံတယ်ဆိုရင်လည်း အယူသည်းလွန်းရာကျတယ်။ မယုံဘူးဆိုရင်လည်း တယူသန်ရာကျတယ်။ ယုံခြင်းနဲ့ မယုံခြင်းရဲ့ကြားမှာ ထုံးစံမပျက်ဆိုတာလေးကို စွဲပြီး ကြားထဲကနေတယ်။
“Life of Pi” ရုပ်ရှင်ကားကလေးကို ကြည့်မိတော့ ကိုယ်နဲ့သဘောချင်း ထပ်တာကလေးကိုတွေ့တော့ အသည်းထဲစွဲသွားတယ်။ ပင်လယ်ထဲမှာ ရက်ပေါင်း ၂၀၀ ကျော် လှေတစ်စင်းပေါ်မှာ ကျားတစ်ကောင်နဲ့အတူ အသက်ရှင်နေခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ကိုက ယုံချင်စရာ မကောင်းဘူး။ သူပြောပြတဲ့အထဲမှာ မြင်းကျားကြီးတစ်ကောင်၊ ခွေးအတစ်ကောင်၊ အူရန်အူတန်ကြီးတစ်ကောင်ကလည်း ပါသေးတယ်။ ကြောင်ကတိုးတွေနဲ့ ပြည့်နေတဲ့ အသားစားကျွန်းမျောကြီးတစ်ခုကလည်
မသာအိမ်ဆိုတာမျိုးက ရက်မလည်မချင်း တံခါးမရှိ ဓါးမရှိ ဖွင့်ထားရတာဆိုတော့ အရပ်ထဲက လူငယ်လူရွယ်များက ညရေးညတာ စောင့်အိပ်ပေးကြရတယ်။ ကိုယ်ကိုယ်တိုင်လည်း မိတ်ရင်းဆွေရင်းအိမ်က နာရေးရှိရင် သွားသွားစောင့်အိပ်ပေးဖူးတယ်။ အိမ်က အဖွားများအမေများကလည်း သူများအိမ် ညအိပ်ညနေလွှတ်လေ့မရှိပေမယ့် နာရေးကျတော့ ၀တ္တရားပျက်မှာစိုးလို့ ကြည်ကြည်ဖြူဖြူ လွှတ်တယ်။ တချို့အိမ်တွေက ကလေးတွေအပျင်းပြေ ဖဲကစားကြတာ ခွင့်ပြုတယ်။ ဘာမှမပြောဘူး။ ကိုယ်ကစိတ်ပါလို့ ရိုက်ချင်လည်း ၀င်ရိုက်၊ မရိုက်လည်း သူများဖဲရိုက်တဲ့ဘေးကနေ ၀င်ပါ။ ဘေးထိုး၊ အိမ်ရှင်တည်တဲ့ အစားအသောက်တွေစား၊ ရောက်တတ်ရာရာ လေတွေပန်းလို့လည်း နေတတ်တယ်။ ညလုံးပေါက် ငုတ်တုတ်ထိုင် စကားပြောကြတာဆိုတော့ တချို့သော ပါရမီရှင် ကိုလေအိုးကြီးတွေရဲ့ တော်ကီလွှတ်သမျှကို ပါးစပ်အဟောင်းသားနဲ့ နာကြားမှတ်သားရတာ အခါခါပါပဲ။ လူပျို ယောင်္ကျားလေးတစ်ယောက်အနေနဲ့ သိသင့်သိအပ်သော ဗဟုသုတအ၀၀ကို အသုဘအိမ်စကားဝိုင်းတွေက ဟုတ်တာရော မဟုတ်တာရော နားရည်ဝခဲ့ရတယ်။ ရက်မလည်ခင်ညကျ မိန်းမ၀ိုင်းက ချက်ရေးပြုတ်ရေးမှာ တစ်ယောက်တစ်လက် ၀င်ပါရပြန်တော့ ကြက်သွန် ဘယ်လိုနွှာရတယ်။ ငါးဘယ်လိုနွှင်ရတယ်။ ဟင်းအိုးဘယ်လိုမွှေရတယ်။ ထင်းဘယ်လိုမီးမွှေးရတယ်။ အစရှိတဲ့ မီးဖိုချောင်စွမ်းရည်တွေပါ တစတစပြည့်ဝလာပါတယ်။ အသက်ကလေးရရလာပြီး မသာအိမ် အ၀င်အထွက်များလာတော့ အလောင်း ဘယ်လိုထုတ်ရတယ်။ သေစာရင်း ဘယ်ကယူရတယ်။ သင်္ချိုင်းမှာ ဘယ်လို ပြင်ဆင်ရတယ်။ ဆိုတာတွေပါ စပါယ်ရှယ်လစ်ဖြစ်လာရော။
အရပ်ထဲ နာရေးရှိတဲ့အိမ် ကူကြညီကြတယ်ဆိုတာ ယောင်္ကျားလေးတစ်ယောက်အနေနဲ့ သူအရွယ်ရောက်ပါပြီလို့ ကိုယ့်ရပ်ကိုယ့်ရွာမှာ လူရာဝင် လူလုံးပြတဲ့နည်းတစ်နည်းပါပဲ။ ဤနည်းအားဖြင့် နာရေးကူညီရင်း သိသင့်သိအပ်သော ထုံးတမ်းစဉ်လာများကို ရင်းနှီးကျွမ်းဝင်လာခဲ့တယ်။ တရုတ်မသာဆိုရင် အ၀တ်ဖြူကလေးတွေဝတ်ပြီး ခနခန ကန်တော့ရတာ။ ဂုံနီအိပ်စကလေးတွေ ကပ်ထားရတာ။ ငွေစက္ကူလှေကလေးတွေ မီးရှို့ပေးရတာ၊ စိန်ရွှေငွေ အိမ်မြေကား အစေခံများပါမကျန် အရုပ်ကလေးတွေ မီးရှို့စရာလုပ်ထားပေးရတာ။ အသုဘယာဉ်အပြင် လိပ်ပြာအိမ်ဆိုတဲ့ ထမ်းစင်တစ်ခု သပ်သပ်ပြင်ရတာ။ ဘုံကျောင်းကလူကြီးတွေလာရင် ရှဲ့ရှဲ့ ရှဲ့ရှဲ့လုပ်ပြီး တစ်ခေါက်ပြန်ငိုပြကြရတာ အကုန်လုံး တီးမိခေါက်မိရှိလာပါတယ်။ မူဆလင်အိမ်က နာရေးကျတော့ ပလီခေါ်၊ နေ့ချင်း အသုဘချ၊ ဒဖ္ဖနာပြုပြီးတဲ့အခါ ဖျာကြီးတစ်ချပ်ပေါ်မှာ ကြွေခရုခွံတွေခင်းပြိး တစ်အိမ်လုံးး ပုတီးဝိုင်းစိပ်ကြတာ ဘေးက ၀ိုင်းကူပေးတာပေါ့။ ဟိန္နူအိမ်ဆိုရင် မြစ်ကမ်းနံဘေးမှာ ထင်းတွေပုံပြီး ပြာကျအောင် မီးတိုက်တာ စောင့်ရတယ်။ ခရစ်ယာန်အိမ်ဆိုရင် အသင်းတော်က စာအုပ်ကလေးတွေနဲ့ အဖဘုရားသခင် အိမ်တော်ရောက်သွားတဲ့ ကောင်းချီးဧရင့်တေးတွေ ၀င်ဆိုပေးတာပေါ့။ စာအုပ်မရလို့ ဘာမှ မရရင်တောင် အာမင်တော့ တတ်တယ်။ သေတဲ့သူက ဘာဘာသာကိုးကွယ်နေနေ၊ ကိုယ်နဲ့ဘာသာတူတူ မတူတူ၊ သူသွားချင်တဲ့ ကောင်းရာမွန်ရာကို ရောက်သွားဖို့ ကိုယ်တတ်နိုင်တဲ့ဘက်က ၀င်ကူပေးတယ်။ အဲ့လိုလိုက်လုပ်ပေးလို့ ကိုယ့်သရဏဂုံ ညစ်နွမ်းသွားတယ် လို့ မထင်ပါဘူး။ ကိုယ့်အိမ်မှာ ကိုယ့်ဘုရား ကိုယ့်ဘာသာ ရှိခိုးတယ်။ ယုံလည်းယုံတယ်။ နာရေးက သွားလေသူအတွက် လုပ်ပေးတာ။ သူယုံကြည်ရာ သူ့ဘုရားဆီမှာ သူ့တမလွန် သူလှမ်းပါစေ။
ဘာသာအယူဝါဒနဲ့ ပတ်သက်လာရင်တောင် နာရေးကာလအတွင်းမှာ အစစအရာရာ လိုက်လျောဆောင်ရွက်ပေးနိုင်မှတေ
မူရင်းရေးသားသူ
Dr.Soe Min
ချမ်မြေ့ (ကောင်းကင်ကောင်လေးများအဖွဲ့) လေ့လာမိသမျှ၊ စုစည်းမိသမျှ မျှဝေခြင်းတစ်ခုဟာလည်း စေတနာတစ်ခုပါ....။
No comments:
Post a Comment